အမေရိကန်၏ ထိပ်တန်းလျှို့ဝှက်လေယာဉ် B-21 ကို ၂၀၂၂ နှစ်လယ်တွင် ပျံသန်းနိုင်ဖွယ်ရှိ

Military

ပထမဆုံး ထုတ်လုပ်နေတဲ့ ဗျူဟာမြောက် ရေဒါပျောက် ဗုံးကြဲလေယာဉ် B-21 ကို ၂၀၂၂ ခုနှစ် အစောပိုင်းလောက်မှာ တည်ဆောက် ပြီးစီးနိုင်ပြီး နှစ်လယ်လောက်မှာပဲ စတင် စမ်းသပ် ပျံသန်းမှုများ ပြုလုပ်နိုင်မယ်လို့ ခန့်မှန်းရပါတယ်။

ဒုတိယမြောက် B-21 ထုတ်လုပ်မှုကိုလည်း ယခုအခါ ကယ်လီဖိုးနီးယားမှာရှိတဲ့ Northrop Grumman မှာ စတင်ဖို့လုပ်နေပြီလို့ အမေရိကန် လေတပ်၏ ညွှန်ကြားရေးမှုးတစ်ယောက်ဖြစ်တဲ့ Randall Walden က ၂၀၂၁ ခုနှစ်အတွင်းက ပြောခဲ့ပါတယ်။

အဲဒီ့ အရာရှိက အမေရိကန်လေတပ် ဟာ Air Force Magazine နှင့် အင်တာဗျူးစဉ်တုန်းက ဒီဇင်ဘာ ၂၀၂၁ လောက်မှ ပထမဆုံး စတင်ပျံသန်းနိုင်မယ်လို့ ခန့်မှန်းခဲ့ပေမယ့် ဒီ လျှို့ဝှက် B-21 ဟာ၂၀၂၂ နှစ်လယ်လောက်မှသာ ပျံသန်းနိုင်ဖို့ ပိုဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ပါသေးတယ်။

ယခုအချိန်မှာ ပထမဆုံး B-21 လေယာဉ် တည်ဆောက်မှုရဲ့ အပြီးသတ်ကို မရောက်သေးပေမယ့် ရုပ်လုံး တော်တော်ပေါ်လာပြီလို့လဲ ထိုအရာရှိက မနှစ်က နှစ်စလောက်က ပြောခဲ့တာပါ။

အမေရိကန် လေတပ်တွင် လက်ရှိ ထုတ်လုပ်နေဆဲ B-21 Raider ရေဒါပျောက် ဗုံးကြဲလေယာဉ်သစ် အစင်းရေ ၅ စင်း အထိ ရှိလာပြီ ဖြစ်တယ်လို့ သိရပါတယ်။

ဒီအကြောင်းကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့က လေတပ်တွင် အလုပ်လုပ်နေသည့် ထိပ်ပိုင်း အရာရှိတဦးမှ ပြောကြားခဲ့တာဖြစ်ပါတယ်။

ထုတ်လုပ်တဲ့နေရာမှာလည်း ဖွဲ့စည်းပုံနှင့် ဖွဲ့စည်းပုံဆိုင်ရာ စွမ်းဆောင်ရည်များကို နောက်ဆုံး limit တစ်ခု အထိ ရောက်အောင် အမျိုးမျိုး စမ်းသပ်ခဲ့တဲ့အတွက် ဒီဇိုင်း၊ ထုတ်လုပ်မှု နှင့် တပ်ဆင်မှု လုပ်ငန်းကို ပိုပြီးသေချာစေပါတယ် လို့ ပြောကြားသွားခဲ့ပါတယ်။

B-21 ကို ၂၀၂၆ သို့မဟုတ် ၂၀၂၇ ခုနှစ်လောက်မှာ တာဝန်ထမ်းဆောင်နိုင်လိမ့်မယ်လို့ ဗျူဟာမြောက် နျူးကလီးယား ဟန့် တားရေး နှင့်ပေါင်းစပ်မှုဌာန အငယ်တန်း လက်ထောက်အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး James C. Dawkins ကပြောပါတယ်။

၂၀၁၈ ခုနှစ်မှာ အမေရိကန်လေတပ်က B-21 တွေရဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်ကို တွက်ချက်ခဲ့ရာ ၂၀၁၆ ခုနှစ် ဒေါ်လာတန်ဖိုးအရ ပထမဆုံး လေယာဉ် အစီး ၁၀၀ အတွက် ဒေါ်လာ ၈၀ ဘီလီယံလောက် ကျသင့်တယ်လို့ သိရပါတယ်။

F-35 အားမထုတ်လုပ်ခင် Lockheed CATB Testbed လေယာဉ်ဖြင့် စမ်းသပ်စဉ်

Dawkins မှ ပထမဆုံး စမ်းသပ်ပျံသန်းမှုကို အဓိက ထုတ်လုပ်သူဖြစ်တဲ့ Northrop Grumman နှင့် စမ်းသပ်မှု အဖွဲ့အစည်းတို့ ညှိနှိုင်းပြီးမှသာ စမ်းသပ်သွားမယ်လို့ ဆိုပါတယ်။


ကူးစက်ကပ်ရောဂါကာလမှာ တချို့နေရာတွေမှာ နှေးကွေးစေပေမယ့် ဒီပထမဆုံး လေယာဉ်ကိုတော့ သိသိသာသာ နှောင့် နှေးစေမှာ မဟုတ်ဘူးလို့လဲ ပြောပါတယ်။

တာဝန်ရှိသူများကလည်း ယခုလို B-21 ထုတ်လုပ်မှုအပေါ် ကူးစက်ကပ်ရောဂါရဲ့ သက်ရောက်မှုများကို လျော့ပါးစေရန် ကြိုးစားနေကြပါတယ်။

ဒါ့အပြင် စမ်းသပ်သည့်အချိန်တွင် အန္တရာယ်များကိုလျှော့ချပေးနိုင်ရန် စမ်းသပ်မှုများကို Lockheed Martin ကုမ္ပဏီ၏ avionics Testbed လေယာဉ်များလို စီးပွားရေးအတန်းအစား ဂျက်လေယာဉ်ကြီးများကို အသုံးပြုပြီး ပြုလုပ်နေကာ B-21 များကို လွှဲပြောင်းခြင်းမပြုခင် hardware နှင့် software ပြသနာ ဖြေရှင်းမှုများလည်း ပြုလုပ်သွားမယ်လို့သိရပါတယ်။

F-22 အား မထုတ်လုပ်ခင် Boeing 757 testBed လေယာဉ်ဖြင့် စမ်းသပ်စဉ်

အမေရိကန်လေတပ်ဟာ B-21 Raider ရဲ့ 3D render ပုံကို ၂၀၂၀ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ ပထမဆုံး ထုတ်ပြန် ခဲ့ပါတယ်။

ဒီ B-21 ကို အဲလ်ဝေါ့၊ ဒိုင်းရက်စ် နှင့် ဝှိုက်မန်း လေတပ်အခြေစိုက်စခန်း ၃ ခုမှာ ထားရှိသွားမှာ ဖြစ်ပါတယ်။

B-21 Raider ကို လေတပ်၏ သက်တမ်းရင့် B-1 Lance နှင့် B-2 Spirit တို့နေရာမှာ အစားထိုးသွားမှာဖြစ်ပြီး အဆိုပါ လေယာဉ် ၂ စင်းကဲ့လို့ လက်နက်မျိုးစုံ တင်ဆောင်နိုင်ပြီး ဝေးလံသောရန်သူ့နယ်မြေထဲသို့ သွားရောက်စစ်ဆင်နိုင်မှာပါ။

B-21 ဟာ ထူထပ်တဲ့ လေကြောင်းကာကွယ်ရေးတွေကြားကို ထိုးဖောက်ပြီး တိကျစွာ ပစ်မှတ်ကို ဖျက်ဆီးနိုင်ကာ ကမ္ဘာပေါ်ရှိမည်သည့်နေရာကိုမဆို တိုက်ရိုက်စစ်ဆင်နိုင်မယ့် အမေရိကန်တို့ရဲ့ နိုင်ငံလုံခြုံရေးမှာ အသက်တမျှအရေးကြီးတဲ့ နေရာကနေ ထမ်းဆောင်သွားမယ်လို့ မျှော်လင့်ရပါတယ် ခင်ဗျာ။

၂၀၂၁ ခုနှစ် ဇန်နဝါရီလက ဖော်ပြခဲ့သည့် သတင်းကို ထပ်မံဖြည့်စွက် ထားတာဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *