တော်တော်များများသိပြီးတဲ့အတိုင်း တရုတ်တို့ရဲ့ Shenyang J-11 ဟာ ရုရှား လေကြောင်းစိုးမိုးရေး တိုက်လေယာဉ် Su-27 နှင့်တူတဲ့အပြင် ဆိုဗီယက်တို့ဆီက ကော်ပီကူးပြီး Shenyang လေယာဉ်ထုတ်လုပ်ရေးက ထုတ်လုပ်ထားတာပါ။
အစောပိုင်းမှာ တရုတ်တွေက သူ့ရဲ့နယ်စပ်စည်းကို ကာကွယ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ Su-27 တွေကို မှာယူခဲ့ပြီး စာချုပ်မပြည့်ခင် ရုတ်တရက် စာချုပ်ကို ဖျက်သိမ်းပြီး ကိုယ်တိုင် ထုတ်လုပ် မှုတွေ စတင်ခဲ့ပါတယ်။
အဆင့်မြှင့်တင်ထားတဲ့ J-11 များ
မူလ J-11 များဟာ Su-27 ဒီဇိုင်းမှ ထုတ်လုပ်ခဲ့ပေမယ့် ယခုအခါ တရုတ်လုပ် ပစ္စည်းများကိုသာ တပ်ဆင်အသုံးပြုနေပါတယ်။ J-11 တွင် J-11BS (နှစ်ယောက်မောင်း တိုက်ခိုက်ရေးပါပြုလုပ်နိုင်သည့် လေ့ကျင့်ရေးမျိုးကွဲ)၊ နှင့် J-11BH (ရေတပ်အောက်ရှိ လေတပ်တွင်အသုံးပြုသော တိုက်လေယာဉ်) စသည်ဖြင့် မျိုးကွဲပေါင်းများစွာရှိပြီး အစင်းရေ ၁၂၀ လောက် ၂၀၁၅ ခုနှစ်အထိ အသုံးပြုနေတုန်းဖြစ်ပါတယ်။

J-15 နှင့် J-16
အဲဒီ့အပြင် တရုတ်တို့မှာ J-15 နှင့် J-16 ဆိုပြီး ကော်ပီကူးထားတဲ့ နောက်ထပ်လေယာဉ်နှစ်မျိုးရှိပါသေးတယ်။ ပျံသန်းနေတဲ့ ငါးမန်း Flying Shark လို့ခေါ်တဲ့ J-15 ဟာ ဆိုဗီယက်တို့ရဲ့ Su-33 တွေရဲ့ ဒီဇိုင်းကို ကူးယူထားတာဖြစ်ပါတယ်။
ပုံစံကတော့ အတောင်ပံတွေကိုခေါက်နိုင်တဲ့ Su-27 နဲ့တူပြီးတော့ landing gear နှင့် လေယာဉ်တင်သင်္ဘောတွင် ဆင်းသက်နိုင်ရန် arresting hook ချိတ်ကို တပ်ဆင်ပြီး အဆင့်မြှင့်တင်ထားပါတယ်။
၂၀၀၆ ခုနှစ်မှာ တရုတ်တို့ဟာ ရုရှားဆီမှ Su332 ၂ စီးကို ဒေါ်လာ သန်း ၁၀၀ ဖြင့် ဝယ်ယူဖို့ ကြိုးစားပေမယ့် ရုရှားတို့က ရောင်းချရန် ငြင်းဆန်ခဲ့ပါတယ်။
ရုရှားတို့ ရောင်းချလိုစိတ်မရှိသည်ကို သိရသောကြောင့် တပတ်လှည့်အနေဖြင့် ယူကရိန်းထံမှ Su-33 ရှေ့ပြေးပုံစံကို ဝယ်ယူခဲ့ပြီးနောက် ၂၀၀၉ ခုနှစ်မှာပဲ ပုံစံတူ J-15 ကို ပထမဆုံးထုတ်လုပ်နိုင်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ J-15 ၂ စီးဟာ လေယာဉ်တင်သင်္ဘော လျောင်နင်ပေါ်သို့ ပထမဆုံး ဆင်းသက်နိုင်ခဲ့ပါတယ်။

မကြာခင်မှာဘဲ ပျံသန်းနေတဲ့ငါးမန်းလို့ခေါ်တဲ့ လေယာဉ် ၂၄ စီးဟာ တရုတ်လေယာဉ် တင်သင်္ဘောပေါ်မှာ တွေ့ရှိရတော့တာပါပဲ။
J-15 ကို FA-18E/F series နှင့် ယှဉ်ဖို့ထုတ်လုပ်ခဲ့ပေမယ့် လေယာဉ်ဟာကြီးမားပြီး အသုံးပြုထားတဲ့ WS-10A အင်ဂျင်ဟာ ဝန်အပြည့်နှင့် ပျံတက်ရာမှာ လက်နက်အပြည့်အဝ သယ်ဆောင်ဖို့ရာ အခက်အခဲရှိပါတယ်။
ဝန်အပြည့်နှင့် J-15 တွေဟာ လက်ရှိ တရုတ်လေယာဉ်တင် သင်္ဘောရဲ့ Ski Jump နဲ့ ပျံတက်နေသရွေ့ သူ့ရဲ့စွမ်းဆောင်ရည်အပြည့်ကို ရရှိနိုင်မှာမဟုတ်ပါဘူး။
အထူး သဖြင့် ဆီလျှော့သယ်ရသဖြင့် စစ်ဆင်နိုင်သည့် အကွာအဝေး လျှော့နည်းသွားမည့်အပြင်လက်နက် လျှော့သယ်ရသဖြင့် ရန်သူနှင့်ရင်ဆိုင်ရာတွင် တပန်းရှုံးနေပါတယ်။
နောက်တစ်စီးကတော့ အနီရောင်လင်းယုန် Red Eagle လို့ခေါ်တဲ့ J-16 ပါ။ J-16 ကို နှစ်ယောက်မောင်း Su-30MKK2 ကနေ ကိုရွှေတရုတ်တို့က မျိုးစပ်ပေးလိုက်တာပါ။

တရုတ်တို့ဟာ အဲဒီ့တုန်းကခေတ်ပြိုင် F-15 များကို ယှဉ်ပြိုင်ဖို့ မလွှဲမရှောင်သာ ကော်ပီကူးလိုက်ရတာနေမှာပါ။
သတင်းများအရ တရုတ်တို့ဟာ ၂၀၀၀ ခုနှစ်နှင့် ၂၀၀၃ ခုနှစ်ကြားမှာ J-16 ပေါင်း ၇၃ စီးခန့်ထုတ်လုပ်ခဲ့ပြီး ဝယ်ယူအသုံးပြုခဲ့တဲ့ ရုရှား Su-30MKK2 ကိုတော့ ၂၀၀၄ ခုနှစ်မှာ အဆင့်မြှင့်တင်မှုများ ပြုလုပ်ခဲ့ပြီး ရေတပ်အတွက် သင်္ဘောတိုက်ဖျက်ရေးတာဝန်များကို ထမ်းဆောင်စေခဲ့ပါတယ်။၂၀၂၀ မှာ J-16s ပေါင်း အစီး ၁၀၀ အထိ ထုတ်လုပ်သွားမယ်လို့သိရပါတယ်။
ဒီဇင်ဘာ ၂၀၁၅ မှာတော့ FA-18 Growler အီလက်ထရောနစ်စစ်ပွဲသုံး လေယာဉ်များကို ယှဉ်နိုင်ဖို့ရာ J-16D မျိုးကွဲကို တောင်ပံများမှာ အီလက်ထရောနစ် Jamming pods များတပ်ဆင်ခဲ့ပါတယ်။
J-15 နှင့် J-16 နှစ်မျိုးလုံးမှာ အဆင့်မြင့် AESA ရေဒါများကို တပ်ဆင်ထားတဲ့အတွက် လေပေါ်တိုက်ပွဲများမှာ ပိုမိုကောင်းမွန်စေပြီး ပစ်မှတ်ပေါင်းများစွာကို တိကျလမ်းညွှန်စနစ်ဖြင့် ပစ်ခတ်နိုင်မှာဖြစ်ပါတယ်။
ဒီလေယာဉ်တွေမှာ ရန်သူ့ရေဒါမှ ဖမ်းယူနိုင်မှု လျှော့ချပေးနိုင်အောင်လည်း တည်ဆောက်ထားပါတယ်။ ၂၀၁၅ မှာတော့ အဆင့်မြင့်နည်းပညာများ အသုံးပြုထားတဲ့ J-11D ရဲ့ ရှေ့ပြးပုံစံကို ထုတ်ပြပြီး စစ်ရေးလေ့လာသူများကို အံ့အားသင့်စေခဲ့ပါတယ်။
ဒီ J-11D မှာ j-15 နှင့် J-16 လိုပဲ AESA ရေဒါ အပြင် ရန်သူ့ ရေဒါဖမ်းယူနိုင်မှု ကိုလျှော့ချနိုင်အောင် တည်ဆောက်ထားပါတယ်။
ဒီလေယာဉ် ၃ စီးဟာ ရုရှားနည်းပညာနှင့် အမေရိကန်စတိုင် လေတပ်ဖွဲ့စည်းမှုပုံစံ တရုတ်တို့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး မျက်မှောက်ခေတ် ပဥ္စမမျိုးဆက် တိုက်လေယာဉ်များနှင့် ဘယ်လိုမျိုး တရုတ်လေတပ်ကို တည်ဆောက်သွားမလဲဆိုတာ လေ့လာရဦးမှာပါ။