ကမ္ဘာ့လေထု အတွင်းရှိ ပါဝင်နိုင်မည့် ရေပမာဏကို လေ့လာခြင်း

Nature Science

ရေဓာတ်ကြွယ်ဝမှုကြောင့် ကျွန်ုပ်တို့ရဲ့ကမ္ဘာကြီးကို “အပြာရောင်ဂြိုဟ်” ဟု မကြာခဏ ဆိုသလိုပဲ ခေါ်ဝေါ်သမုတ်ကြပါတယ်။

နေအဖွဲ့အစည်းအတွင်းရှိ အခြားသော ဂြိုလ်တွေနဲ့ မတူပဲ ကမ္ဘာမြေကြီးပေါ်မှာ ရေအလွန် ပေါများပြီး ၎င်းတည်ရှိမှုဟာ သန်းပေါင်းများစွာသော မျိုးစိတ်တွေ ဆင့်ကဲရှင်သန်ကြီးထွားလာစေဖို့ ခွင့်ပြုပေးနေပါတယ်။

ကမ္ဘာမြေမျက်နှာပြင်ရဲ့ ၇၁ ရာခိုင်နှုန်းခန့်ကို ရေများဖြင့်ဖုံးလွှမ်းနေပြီး ကမ္ဘာဂြိုဟ် ရေပေးဝေမှုရဲ့ ၉၆.၅ ရာခိုင်နှုန်းကို သမုဒ္ဒရာများ အတွင်းကနေ လာတယ်ဟု U.S. Geological Survey (USGS) ရဲ့ ပြောကြားချက်အရ သိရပါတယ်။

သို့သော်လည်း ရေတွေဟာ ရေစက်ဝန်းအတိုင်း လည်ပတ်နေတာပဲ ဖြစ်ပါတယ်။

ဒီတော့ လေထုထဲမှာ ရေဘယ်လောက်ရှိသလဲ။ အဲဒါတွေအားလုံး ချက်ချင်း ပြုတ်ကျလာရင် ဘယ်လို သက်ရောက်မှု ရှိနိုင်မလဲ။

Illustration

ရိုးရိုးရှင်းရှင်းပြောရရင် ကောင်းကင်မှာ အငွေ့ပုံစံနဲ့ ရေဂါလံပေါင်း ဘီလီယံနဲ့ချီ ရှိနေပြီး တစ်ပြိုင်နက်ထဲ ပြုတ်ကျရင် လူသန်းပေါင်းများစွာအတွက် ကြီးမားတဲ့ ပြဿနာတချို့ ဖြစ်လာနိုင်ပါတယ်။

USGS ရဲ့ ပြောကြားချက်အရ ကမ္ဘာပေါ်ရှိ ရေထု ထုထည်ဟာ ခန့်မှန်းခြေ ကုဗမိုင်ပေါင်း ၃၃၂.၅ သန်းနီးပါး ရှိတယ်ဟု ဆိုပါတယ်။

ဒါကို ခြုံငုံသုံးသပ်ကြည့်မယ်ဆိုရင် ရေ ၁ ကုဗမိုင်မှာဆိုရင် ခန့်မှန်းခြေ ၁.၁ ထရီလီယံ ဂါလံ ရှိပြီး ဒါဟာ အရေအတွက် ၁.၆၆ သန်းရှိတဲ့ အိုလံပစ်အရွယ် ရေကူးကန်တွေကို ဖြည့်ဖို့ လုံလောက်ပါတယ်။

ရေစက်ဝန်းလည်ပတ်မှုရဲ့ ရလဒ်အနေနဲ့ ကမ္ဘာပေါ်ရှိ ရေတွေဟာ တစ်နေရာတည်းမှာ ကြာရှည်စွာ တည်ရှိနေမှာမဟုတ်ပဲ၊ အငွေ့ပျံကာ အခိုးအငွေ့အဖြစ်သို့ ကူးပြောင်းပြီး တိမ်များကို ဖန်တီးကာ မိုးရေအဖြစ် ကမ္ဘာ့မျက်နှာပြင်ပေါ်သို့ ပြန်ကျလာပါတယ်။

ထို့နောက် သံသရာက တစ်ဖန်ပြန်စပါတယ်။ အငွေ့ပျံတဲ့ ရေတွေဟာ လေထုထဲမှာ ၁၀ ရက်ခန့် အထိ ရှိနေပါတယ် ဟုဆိုပါတယ်။

“ပျမ်းမျှအားဖြင့် ၃၀ မီလီမီတာ [၁.၂လက်မ] နှင့်ညီမျှတဲ့ မိုးရေငွေ့ပုံစံဟာ ကမ္ဘာမြေမျက်နှာပြင်ရဲ့ မည်သည့် နေရာတွင်မဆို ကျရောက်နိုင်တဲ့ အငွေ့ပုံစံ ဖြစ်တယ် “ဟု ကနေဒါနိုင်ငံ McGill တက္ကသိုလ်ရှိ လေထုနှင့် သမုဒ္ဒရာဆိုင်ရာ သိပ္ပံဌာနမှ ပါမောက္ခ Frederic Fabry ကဆိုပါတယ်။

Illustration

“ဒါဟာ စတုရန်းကိုက်တိုင်းမှာ ရေ ၅၅ ပေါင် (၂၅ ကီလိုဂရမ်) လောက်ရှိပြီး အများစုဟာ အခိုးအငွေ့ပုံစံ ဖြစ်နေပါတယ်” ဟု Frederic Fabry ကဆိုပါတယ်။

ကမ္ဘာမြေမျက်နှာပြင် ဧရိယာဟာ စတုရန်းမိုင်ပေါင်း ၁၉၇ သန်း (စတုရန်းကီလိုမီတာ ၅၁၀ သန်း) ရှိပြီး လေထုထဲမှာ ရေဂါလန် ၃၇.၅ ဘီလီယံခန့်အထိရှိနိုင်ကြောင်း Fabry မှ ပြောကြားခဲ့ပါတယ်။

တကယ်လို့ အစုလိုက် အပြုံလိုက် အားလုံးဟာ တစ်ပြိုင်နက် ပြုတ်ကျပါက ကမ္ဘာ့ သမုဒ္ဒရာ ရေမျက်နှာပြင်ကို ၁.၅ လက်မ (၃.၈ စင်တီမီတာ) ခန့် မြှင့်တက် သွားမှာဖြစ်ကြောင်း Fabryက ဆက်လက်ပြောကြားခဲ့ပါတယ်။

ထိုကဲ့သို့ ပင်လယ်ရေမျက်နှာပြင် သိသိသာသာမြင့်တက်လာခြင်းဟာ ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။

ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အသိပေးချက်အရ တကယ်လို့ ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင်ဟာ ၂ လက်မ (၅ စင်တီမီတာ) မြင့်တက်လာပါက ကမ်းရိုးတန်းဒေသတော်တော်များများနဲ့ မြေနိမ့်ဒေသတွေဟာ ရေလွှမ်းမိုးမှုဒဏ်ကို သိသိသာသာ ခံရမှာပဲ ဖြစ်ပါတယ်။

ဒါတွေအပြင် ၂၀၁၇ခုနှစ် လေ့လာမှုတစ်ခုအရ ပင်လယ်ရေမျက်နှာပြင်ဟာ ၂ လက်မကနေ ၄ လက်မ (၅ နှင့် ၁၀ စင်တီမီတာ) အကြားမြင့်တက်ပါက ဒေသအများအပြား(အထူးသ​ဖြင့် အပူပိုင်းဒေသ) မှာ ရေလွှမ်းမိုးမှုအကြိမ်ရေ နှစ်ဆထိ ရှိလာမှာဖြစ်ပါတယ်။

လေထုထဲက ရေတွေအားလုံး သူ့အလိုလို ​ပြုတ်ကျသွားရင်တောင် ရေတွေဟာ ကမ္ဘာတဝှမ်းလုံး ညီညီညာညာ ကျဆင်းသွားမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကမ္ဘာမြေရဲ့ အချို့နေရာတွေက အခြားနေရာ​တွေထက် စိုစွတ်မှု ပိုမိုများပြားနေတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။

Illustration

လေထုအတွင်းရှိ ပျမ်းမျှရေပမာဏဟာ ရာသီနှင့် တည်နေရာပေါ်မူတည်ပြီး ကွဲပြားသော်လည်း ကျယ်ကျယ်ပြန့်ပြန့် ပြောရမယ်လျှင် “အပူပိုင်းသမုဒ္ဒရာ​တွေနှင့် စိုစွတ်တဲ့ အပူပိုင်းဒေသတွေဟာ ရေငွေ့ပျံမှု အများဆုံးရှိပြီး ရာသီအလိုက် ရွေ့လျားပြောင်းလဲနေပါတယ်။

ပူနွေးတဲ့သမုဒ္ဒရာတွေဟာ အငွေ့ပျံမှုအကြီးဆုံးနေရာဖြစ်ပြီး အာတိတ် မြေဧရိယာကတော့ အနည်းဆုံး ဖြစ်ပါတယ်။”

ထူးခြားတာက ရာသီဥတုပြောင်းလဲလာမှု​တွေဟာ လာမည့်ဆယ်စုနှစ်များအတွင်း လေထုအတွင်းရှိ အခိုးအငွေ့ပမာဏကို ထိခိုက်စေနိုင်တာပဲ ဖြစ်ပါတယ်။

“အပူချိန်တွေ ပိုပူလာရင် မျက်နှာပြင်ကနေ အငွေ့ပျံလာမယ်၊ လေထုထဲမှာ ရေပမာဏဟာလည်း ပိုများလာမယ်” ဟု Fabry က ဆိုပါတယ်။

ရလဒ်အနေနဲ့ကတော့ ကမ္ဘာကြီးပူနွေးလာမှုကို မြန်ဆန်လာစေမှာ ဖြစ်ပါတယ်။

လေထုထဲမှာ ဖန်လုံအိမ်ဓာတ်ငွေ့တွေ ပေါများလာတာဟာလည်း ကမ္ဘာကြီး ပူနွေးလာမှုကို ဖြစ်ပေါ်စေတဲ့ အဓိကအကြောင်းအရာတွေ များထဲက တစ်ခုပဲ ဖြစ်ပါတယ်။

Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

First Published 13/1/2022

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *