ယနေ့ထိ စားသုံး​နေဆဲ ဖြစ်တဲ့ ရှေးခေတ် နှစ်ပေါင်းများစွာက အစားအစာများ

History Knowledge

ချိစ်ကိတ်ကနေ ပြောင်းဖူးပေါက်ပေါက်အထိ ကျွန်ုပ်တို့ရဲ့ ရှေးဘိုးဘေးတွေဟာ ကျွန်ုပ်တို့ရဲ့အနှစ်သက်ဆုံးအစားအစာအချို့ကို ယခင်ထဲက ကောင်းစွာစားသုံးခဲ့ကြတာပါ။

ရှေးခေတ်က လူတွေဟာ အစားအစာအတွက် အမဲလိုက်တာဖြစ်ဖြစ် သို့မဟုတ် စုဆောင်း သိမ်းဆည်း ထားတာ ဖြစ်ဖြစ် ပြုလုပ်ကြပါတယ်။

ဒါပေမယ့် လူတွေဟာ အမြဲတမ်း ကျန်းမာ ကြံ့ခိုင်ဖို့အတွက် သူတို့ရဲ့ အစားအသောက်တွေကို အကောင်းဆုံး ဖြစ်အောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ နည်းလမ်းတွေကို ရှာဖွေခဲ့ကြပါတယ်။

အခြောက်ခံခြင်း၊ အချဉ်ဖောက်ခြင်း၊ ကျပ်တင်ခြင်းကဲ့သို့သော နည်းလမ်းတွေကို အစားအစာတွေ မပျက်စီး စေဖို့အတွက် အသုံးပြုခဲ့ကြပါတယ်။

လူတွေဟာ ထောပတ်နဲ့ ပေါင်မုန့်လို အစားအစာအချို့ကို နှစ်ထောင်ပေါင်းများစွာက စားသုံးခဲ့ကြတဲ့ အထောက်အထားတွေ ရှိသလို အဲ့ဒီထဲမှာ ဝိုင်လည်း ပါပါတယ်။

အောက်ဖော်ပြပါ အစားအစာ (၅) မျိုးကတော့ ရှေးခေတ်ကနေ ယနေ့တိုင် စားသုံးနေကြဆဲပဲ ဖြစ်ပါတယ်။

ချိစ်ကိတ်

ဂရိနိုင်ငံမှာ 2,000 BCE ကတည်းကအသုံးပြုတယ်ဟု ယူဆရတဲ့ ချိစ်ကိတ်ဖိုတွေကို မနုဿဗေဒပညာရှင်တွေက တွေ့ရှိခဲ့ကြပါတယ်။

ချိစ်ကိတ်ကို ရှေးခေတ်ဂရိနိုင်ငံတွေမှာ မင်္ဂလာဆောင်ကိတ်မုန့်အဖြစ် အသုံးပြုလေ့ရှိပါတယ်။

776 BCE တုန်းက ပထမဆုံး အိုလံပစ်ပွဲတော်အတွင်း အားကစားသမားများလည်း စားသုံးခဲ့တယ်ဟု သိရပါတယ်။

ပထမဆုံး တရားဝင် ချိစ်ကိတ် ပြုလုပ်နည်းကို 230 CE မှ စတင်ခဲ့တာဖြစ်တယ်ဟု ဂရိစာရေးဆရာ Athenaeus မှ ရေးသားထားပါတယ်။

cheese cake

ဂရိကို ရောမ သိမ်းပိုက်ပြီးနောက်ပိုင်း ဒိန်ခဲနှင့် ကြက်ဥများကို ပေါင်းထည့်ပြီး ချိစ်ကိတ်ပြုလုပ်နည်းတွေဟာ ပြောင်းလဲလာခဲ့ပါတယ်။

နောက်ပိုင်း ချိစ်ကိတ်ကို စားကောင်းသောက်ဖွယ်အဖြစ် သတ်မှတ်ပြီး အခမ်းအနား​တွေမှာ ကျွေးမွေးခဲ့ကြပါတယ်။

1000 CEမှာ ချိစ်ကိတ်ဟာ အနောက် ဥရောပ အထိ ပျံ့နှံ့သွားပြီး Scandinavia နှင့် Great Britain တို့မှာ အကြီးအကျယ် လုပ်ကိုင်လာကြပါတယ်။

ယခုအခါ ချိစ်ကိတ်ကို ကမ္ဘာအနှံ့အပြားမှာ စားသုံးနေကြပြီး အထူးသဖြင့် နယူးယောက်မြို့ကိုတော့ ချိစ်ကိတ်မုန့်အကောင်းဆုံးမြို့ဟု သတ်မှတ်ထားကြပါတယ်။

ချောကလက်

ယနေ့ခေတ်မှာတော့ ချောကလက်ကို အရသာရှိပြီး ချိုမြိန်တဲ့ သရေစာအဖြစ် စားသုံးကြပါတယ်။

သိပ္ပံပညာရှင်တွေဟာ 1500 BEC ခန့်က ရှေးခေတ်လူမျိုးတွေရဲ့ အသုံးအသောက် အိုးတွေမှာ ကိုကိုး အစေ့လေးမှာ ပါဝင်တဲ့ theobromine အကြွင်းအကျန်တွေကို တွေ့ရှိခဲ့ကြပါတယ်။

မာယာလူမျိုးတွေဟာ ချောကလက်စားသုံးမှုထက် ကိုကိုးကို အခမ်းအနား​တွေနှင့် အရောင်းအ၀ယ် ပြုလုပ်ရာမှာ အဖျော်ယမကာ အဖြစ် အသုံးပြုကြပါတယ်။

မာယာယဉ်ကျေးမှုမှာ ထမင်းစားချိန်အတွင်း ကိုကိုးကို ငရုတ်သီးအနှစ်နှင့် ပျားရည်တို့ဖြင့် ရောစပ်ကာ သောက်သုံးလေ့ရှိကြပါတယ်။ နောက်ပိုင်း ကိုကိုးဟာ ကုန်သွယ်မှုအတွက် ငွေကြေးအဖြစ် အလွန်အဖိုးတန်လာခဲ့ပါတယ်။

chocolate

1828 ခုနှစ်မှာ ဒတ်ခ်ျလူမျိုး ဓာတုဗေဒပညာရှင် Coenraad Johannes van Houten က ကိုကိုး အမှုန့်ကို စျေး သက်သက် သာသာဖြင့် ထုတ်လုပ်လာနိုင်ပြီး ချောကလက် ထုတ်လုပ် နိုင်ဖို့ကို တိုးမြင့်စေတဲ့ ကိုကိုးမှုန့် ဖန်တီးမှုဆီသို့ ဦးတည်တဲ့ လုပ် ငန်း စဉ်ကို တီထွင်ခဲ့ပါတယ်။

ယနေ့ခေတ်မှာတော့ ဆွစ်ဇာလန်နိုင်ငံဟာ ချောကလက် စားသုံးမှုမှာ ကမ္ဘာကို ဦးဆောင်နေပြီး ပျမ်းမျှလူတစ်ဦးဟာ တစ်နှစ်ကို ၁၉ ပေါင်ကျော်ထိ စားသုံးကြပါတယ်။

ပျမ်းမျှအားဖြင့် အမေရိကန်မှာလည်း လူတစ်ဦးဟာ တစ်နှစ်ကို ချောကလက် ၉ ပေါင်မှ ၁၀ ပေါင်အထိ စားသုံးတာကိုလည်း တွေ့ရပါတယ်။

ပျားရည်

သိပ္ပံပညာရှင်​တွေဟာ လူသားတွေအနေနဲ့ ဘယ်ချိန်ထဲက ပျားရည်ကို အသုံးပြုခဲ့သလဲဆိုတာကို သေချာမသိပေမယ့် လွန်ခဲ့တဲ့ နှစ် 40,000 က ပျားတွေ နှင့် ပျားလပို့တွေကို သရုပ်ဖော်ထားတဲ့ ပုံတွေကို တွေ့ရှိခဲ့ကြပါတယ်။

အနောက်အာဖရိကမှာလည်း ပျားရည် သိုလှောင်ဖို့ အသုံးပြုတဲ့ မြေအိုးတွေကို သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိခဲ့ကြပြီး ပျားရည်သိမ်းဆည်းခြင်းဆိုင်ရာ အထောက်အထားတွေကြောင့် ရှေးယခင်ထဲက ပျားရည်ကို အစားအစာအနေနဲ့ စားသုံးခဲ့ကြတယ် ​ဟု ယုံကြည်နေကြပါတယ်။

honey

ကျွန်ုပ်တို့လူသားတွေဟာ ကျန်းမာရေးအတွက် ပျားရည်ကို နှစ်ပေါင်း ထောင်ချီကြာအောင် အသုံးချခဲ့ကြပါတယ်။

ပျားရည်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ပြီး ရောဂါပိုးမွှားတိုက်ဖျက်နိုင်တဲ့ ဂုဏ်သတ္တိတွေ ပါတာကြောင့် ထိရောက်တဲ့ သဘာဝဆေးဖက်ဝင် အသုံးချမှုကို ပေးစွမ်းပါတယ်။ ဒါ့အပြင် ပျားရည်ဟာ မယုံနိုင်လောက်အောင် တာရှည်ခံတဲ့ အစာဖြစ်ပါတယ်။

အစိုဓာတ်နှင့် မထိတွေ့ပါက အကန့်အသတ်မရှိ ကြာရှည်ခံနိုင်စွမ်းရှိပါတယ်။

ပန်ကိတ်

နှစ် 30,000 သက်တမ်းရှိ ရှေးခတ် ကြိတ်ခွဲကိရိယာတွေမှာတွေ့ရတဲ့ ကစီဓာတ်အစေ့အဆန်များကို ခွဲခြမ်းစိတ်ဖြာတဲ့အခါမှာ ကျောက်ခေတ်ကာလတုန်းကလည်း ပန်ကိတ်တွေကို ပြုလုပ်ခဲ့ကြောင်း တွေ့ရှိခဲ့ကြပါတယ်။

သို့ပေမယ့် ရှေးခေတ်ပန်ကိတ်တွေမှာ ပါဝင်ပစ္စည်းတွေဟာ ယနေ့ကျွန်ုပ်တို့ပြုလုပ်သည့်အရာ​တွေနှင့် ကွဲပြားပါတယ်။

ဖရုံပင်​တွေနှင့် သရက်ပင်တွေ အပါအဝင် မြေပေါ်အပင်​တွေကနေ ဂျုံမှုန့်ကို ပြုလုပ်ထားပြီး ရေနဲ့ရောကာ ကျောက်ပြားပူပူပေါ်တင်ကာ ပြုလုပ်ကြပါတယ်။

pancake

ယနေ့ခေတ်မှာရှိတဲ့ အိစက် ပျော့ပျောင်းတဲ့ ပန်ကိတ်တွေထက် ၎င်းတို့ဟာ အရသာမပျက်ဘဲ အချိန်အတော်ကြာအောင် စားသုံးနိုင်မှာ ဖြစ်ပါတယ်။

နောက်ပိုင်း ရောမနှင့် ဂရိလူမျိုးတွေဟာ ၎င်းတို့ရဲ့ပန်ကိတ်ပြုလုပ်ရာတွင် ဂျုံမှုန့်နှင့်ဆီတို့ကို အသုံးပြုခဲ့ကြပါတယ်။

စိတ်ဝင်စားစရာကောင်းတာက 1991 ခုနှစ်တုန်းက Otzi the Iceman ကိုရှာဖွေတွေ့ရှိတဲ့အခါမှာ သူရဲ့အစာအိမ် ပါဝင်မှုတွေကို ခွဲခြမ်းစိတ်ဖြာကြည့်ရာ မီးသွေးနှင့် စပါးအစအနတွေကို တွေ့ရှိခဲ့ကြပြီး သုတေသီတွေကို ပန်ကိတ်အမျိုးအစားတစ်မျိုးကို စားသုံးခဲ့ကြောင်း ယုံကြည်စေခဲ့ပါတယ်။

ပြောင်းဖူးပေါက်ပေါက်

ပြောင်းဖူး သို့မဟုတ် ပြောင်းတစ်ချို့ရဲ့ စားသုံးနိုင်တဲ့ အစိတ်အပိုင်းရရှိဖို့အတွက် အစေ့တွေကို အပြင်ခွံကွဲထွက်စေဖို့ လုံလောက်တဲ့ အပူပေးလိုက်တဲ့အခါမှာ ပေါက်ပေါက်ရရှိပါတယ်။

ပြောင်းဖူး သို့မဟုတ် ပြောင်းတွေကို 5000 BCE ခန့်ထဲက လူမျိုးအများစုက စိုက်ပျိုးခဲ့ကြတာပါ။

၁၈၅၀ ခုနှစ်များမှစပြီး အမေရိကန်ပြည်ထောင်မှာ ပြောင်းစိုက်ပျိုးထုတ်လုပ်မှုကို လွှမ်းမိုးထားခဲ့တဲ့ အနောက်အလယ်ပိုင်းရှိ United State ဒေသတစ်ခုဖြစ်တဲ့ Corn Belt ဟာဆိုရင် ကမ္ဘာ့ပြောင်းဖူးထောက်ပံ့မှုရဲ့ ၄၀ ရာခိုင်နှုန်းနှင့် အမေရိကန်နိုင်ငံအတွက် ပြောင်း ၇၅ ရာခိုင်နှုန်းကို ထုတ်လုပ်ပေးပါတယ်။

popcorn

ယနေ့ခေတ်မှာတော့ ပြောင်းဖူးပေါက်ပေါက်ကို သရေစာအဖြစ် စားသုံးကြသော်လည်း 1900 အနှောင်းပိုင်းတုန်းက နံနက် စာအဖြစ် စားသုံးလေ့ရှိကြပါတယ်။

ယနေ့ခေတ်မှာ လူတွေဟာ အရသာရှိပြီး ချိုမြိန်တဲ့ ပြောင်းဖူးပေါက်ပေါက်ကို ကျယ်ကျယ်ပြန့်ပြန့်စားသုံးနေကြတာကို တွေ့ရပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

First Published 18/2/2022

Content Protection by DMCA.com

Leave a Reply

Your email address will not be published.