သင်မထင်ထားတဲ့ အရာဝတ္ထုများကို အသုံးချနိုင်တဲ့ တိရစ္ဆာန်များ

Knowledge Nature

ရှေးယခင်က သုတေသီများဟာ လူများနှင့် နီးစပ်သည့် ချင်ပန်ဇီကဲ့သို့ တိရစ္ဆာန်များကသာ အရာဝတ္ထုများကို အသုံးချနိုင်မယ်လို့ ထင်ခဲ့ဖူးပေမယ့် တိရစ္ဆာန်ပေါင်းများစွာဟာ အရာဝတ္ထုတွေကို အသုံးချနိုင်တာကို နောက်ပိုင်းမှာ တွေ့ရှိခဲ့ပြီး ဖြစ်ပါတယ်။

အဲဒီ့ တိရစ္ဆာန်များထဲမှ သင်ထင်မထားတဲ့ အရာဝတ္ထုများကို အသုံးချနိုင်တဲ့ တိရစ္ဆာန်များ အကြောင်းကို ဖော်ပြ ပေးလိုက်ပါတယ်။

Puffin ပင်လယ်ငှက်များ

သုတေသီများဟာ ဒီငှက်တွေ အရာဝတ္ထုတွေကို အသုံးပြုတတ်တာကို ၂၀၁၈ ခုနှစ်ကမှ ပထမဆုံး သိရှိခဲ့တာပါ။

မြောက် အတ္တလန္ထိတ်တွင် အဆိုပါ puffin ငှက်တကောင်ဟာ တုတ်တချောင်းကို ကိုက်ချီကာ ခန္ဓာကိုယ်ကို ကုတ်ခြစ်နေခဲ့တာကို တွေ့ရှိခဲ့ရတာပါ။

နောက်ပိုင်းတွင်တော့ အဲဒီလို ကုတ်ခြစ်တာဟာ ယားယံမှုကို ပြေပျောက်အောင် ကုတ်ခြစ်တာလို့ သိရှိခဲ့ရပြီး ပင်လယ်ငှက်များဟာ အသိဥာဏ် မြင့်မားမှုရှိတာကို သိရှိခဲ့ရပါတယ်။

ဝက်

နောက်ထက် အသိဥာဏ်မြင့် တိရိစ္ဆာန် တမျိုးကတော့ ဝက်ဖြစ်ပြီး နောက်ပိုင်းတွင် ၎င်းတို့၏ ဥာဏ်ရည်မြင့်မားမှုကို တဖြည်း ဖြည်း သိရှိလာကြပါတယ်။

Image: Courtesy of Eston Martz / Pennsylvania State University

Warty ဝက်မျိုးများဟာ ဒုတ်ချောင်းများနှင့် သစ်ခေါက်များကို အသုံးပြုကာ အသိုက် ဆောက်လုပ်တတ်ကြတာကို ၂၀၁၀ ခုနှစ်တွင် လေ့လာမှုများမှ တွေ့ရှိခဲ့ပါတယ်။

ဒါအပြင် မကြာသေးမီက လေ့လာမှုများအရ ဝက်များဟာ ဆုအဖြစ် အစာရရှိစေရန် ဗီဒီယို ဂိမ်းများကို ကိုယ်တိုင် ဆော့ကစား သင်ယူနိုင်ကြောင်း တွေ့ရှိခဲ့ရပါတယ်။

ရေဘဝဲ

ရေဘဝဲများဟာ အရာဝတ္ထုများကို အသုံးပြုနိုင်တဲ့ အနည်းငယ်သော ကျောရိုးမဲ့ရေနေ သတ္တဝါအချို့ထဲမှ တကောင်ဖြစ်ပါတယ်။

လန်ဒန် သဘာဝသမိုင်း ပြတိုက်ရှိ အကြီးတန်း ပြတိုက်မှူးဖြစ်တဲ့ Jon Ablett မှ ၎င်းတို့ဟာ အစာကိုဆုအဖြစ် ရရှိနိုင်ရန် အရာဝတ္ထုများကို ပြသနာတွေ ဖြေရှင်းဖို့ အသုံးပြုနိုင်တယ်လို့ ပြောပါတယ်။

ဒါအပြင် ၎င်းတို့ဟာ သဘာဝ အတိုင်း နေထိုင်ချိန်မှာ သားရဲတွင်းငယ်များ တည်ဆောက်ခြင်း နှင့် ဝင်ပေါက်ကို ကာကွယ်ဖို့ ကျောက်တုံးများဖြင့် ပိတ်ဆို့ခြင်းများကိုလည်း လုပ်ဆောင်နိုင်ကြောင်း ပြောပါတယ်။

common blanket octopus မျိုးစိတ်များကတော့ ၎င်းတို့၏ လက်တံများကို လက်နက်သဖွယ် အသုံချတတ်တယ်လို့ သိရပါတယ်။

ပုရွက်ဆိတ်

ပုရွက်ဆိတ်မျိုးစိတ် တော်တော်များများဟာ ပစ္စည်းများကို အသုံးပြုနိုင်ပြီး အဓိကအားဖြင့် အရည်များကို သယ်ယူရန် အသုံးပြုတာပါ။

၂၀၂၀ ခုနှစ်က လေ့လာမှုတွင် သုတေသီများဟာ fire ant ပုရွက်ဆိတ် မျိုးစိတ်များ၏ သဲမှုန်များကို သကြားရေများအား စုပ်ထုတ်ရန် အသုံးပြုတာကို စောင့်ကြည့်ခဲ့ပါတယ်။

နောက်ထပ် လေ့လာမှု တခုမှာတော့ funnel ant ပုရွက်ဆိတ် မျိုးစိတ်များမှ ၎င်းတို့၏ အသိုက်ဆီသို့ အရည်များကို သယ်ဆောင်နိုင်ဖို့ သဘာဝ ပစ္စည်းများမဟုတ်သည့် ရေမြှုပ်နှင့် စက္ကူ အပိုင်းအစများကို အသုံးပြုခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။

ပင်လယ်ဖျံ

ဒီရေနေ နို့တိုက်သတ္တဝါများကတော့ သမုဒ္ဒရာအတွင်းရှိ အခွံမာ အကောင်များအား စားသောက်ဖို့အရာအတွက် ကျောက်တုံးများကို အခွံကိုခွဲဖို့ အသုံးပြုလေ့ရှိပါတယ်။

Oregon ကမ်းရိုးတန်း ငါးပြတိုက်၏ အဆိုအရ ပင်လယ်ဖျံများဟာ ကမာကောင် အခွံများကို ကျောက်ခဲဖြင့်တစက္ကန့်လျှင် ၃ ချက်လောက် ထုနိုင်ကြောင်း သိရပါတယ်။

မိချောင်း

ယခုအချိန်အထိ တွေ့ရှိပြီးသမျှ တွားသွား သတ္တဝါများတွင် မိချောင်းခေါင်းတိုနှင့် ခေါင်းရှည်မျိုး နှစ်မျိုးသာ ကိရိယာများကို အသုံးပြုတတ်သည့် သတ္တဝါများ ဖြစ်ကြပါတယ်။

၂၀၁၃ ခုနှစ်တွင် သုတေသီများဟာ အိန္ဒိယရှိ မိချောင်းများနှင့် အမေရိကန်ရှိ မိချောင်းများဟာ တုတ်ချောင်းများကို သားကောင်ကို မျှားဖို့ အသုံးပြုကြတာကို တွေ့ရှိခဲ့ရပါတယ်။

၎င်းတို့ဟာ ရေပျော်ငှက်များအနီးတွင် ပုန်းအောင်းကြပြီး နှာခေါင်းပေါ်တွင် တုတ်များကို ဟန်ချက်ညီအောင် ထိန်းထားပြီး သားကောင်ကို စောင့်ဆိုင်းတတ်ကြပါတယ်။

အကယ်၍ ငှက်များမှ အသိုက်ဆောက်လုပ်ရန် အဆိုပါ တုတ်ချောင်းများကို လာယူပါက မိချောင်းများ၏ သန်မာတဲ့‌ မေးရိုးများအောက်မှာ ဇီဝိန်ကြွေသွားမှာ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.