NASA ဟာ မကြာသေးမီကပဲ အသံထက်မြန်သည့် အလျှင်နှင့် ပျံသန်းမှုမှ ထွက်လာနိုင်သည့် လေခွင်းသံလျော့ချမှု လုပ်ငန်း စဉ် အောင်မြင်ခဲ့ကြောင်း သိရှိရပါတယ်။
ဒီအကြောင်းကို NASA ၏ Glenn သုတေသန စင်တာမှ ကြေငြာခဲ့တာဖြစ်ပြီး ယခု စမ်းသပ်မှုများဟာ အသံထက်မြန်သည့် ခရီးသည်တင်ယာဉ်များအတွက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
Sonic boom လို့ခေါ်သည့် လေခွင်းသံကြီးများဟာ အသံ၏ အမြန်နှုန်းဖြစ်သည့် တနာရီလျှင် ၇၆၇ မိုင်နှုန်း အထက်သို့ ရောက်ရှိသည့်အခါ အသံ အတားအဆီးကို ဖြတ်သန်းရသဖြင့် shock waves များဖြစ်ပေါ်ပြီး ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ထွက်လာတဲ့ အသံစွမ်းအင်ဟာ ခန့်မှန်းခြေအားဖြင့် ၁၁၀ ဒက်စီဘယ်လောက်အထိ ရှိပြီး မိုးကြိုးပစ်သံ သို့မဟုတ် ပေါက်ကွဲသံကဲ့သို့ အသံကြီး ထွက်ပေါ်လာတတ်ကာ မိုင် ၃၀ အကွာ အဝေးလောက်ကပင် ကြားနိုင်ပါတယ်။

ဒါ့ကြောင့် ဖက်ဒရယ် လေကြောင်း စီမံခန့်ခွဲရေး FAA မှ အသံထက် မြန်သည့် အရပ်ဖက် ခရီးသည်တင် လေယာဉ်များ ပျံ သန်း ခြင်းကို တားမြစ်ထားပါတယ်။
NASA အင်ဂျင်နီယာများဟာ လက်ရှိမှာ Commercial Supersonic Technology (CST) လို့ ခေါ်တဲ့ အရပ်ဖက်သုံး စီးပွား ဖြစ် အသံထက်မြန် ပျံသန်းနိုင်သည့် နည်းပညာကို အောင်မြင်ဖို့ရာအတွက် ကြိုးစားနေတာပါ။
ဒီစီမံကိန်းတွင် X-59 Quiet SuperSonic Technology (QueSST) လို့ခေါ်တဲ့ လေယာဉ် ပုံစံငယ်ကို အသံထက်မြန်သည့် Wind Tunnel (လေယာဉ် ပျံသန်းနေသကဲ့သို့ လေတိုက်နှုန်းအား လှုံ့ဆော်ပေးသည့် စက်) ဖြင့် စမ်းသပ်လျှက်ရှိပါတယ်။
X-59 လေယာဉ်ကို Son of Concorde (ပထမဆုံး အသံထက်မြန် လေယာဉ်မှာ Concorde ဟု အမည်ရ) လို့ခေါ်ဆိုပြီး အဲဒီ့အကြောင်းကို “အသံထက်မြန် ခရီးသည်တင်လေယာဉ်သစ်တွင် လေခွင်းသံ လျှော့ချထားမည်” ခေါင်းစဉ်ဖြင့် ဖော်ပြပြီး ဖြစ်ပါတယ်။
အသေးစား X-59 လေယာဉ်ငယ်ကို Wind tunnel အတွင်းမှာ ၂ ပတ်တာ စမ်းသပ်ပြီး ထွက်ရှိသည့် Shock wave များဟာကွန်ပျူတာဖြင့် တွက်ချက်ထားသည့် shock wave များနှင့် ကိုက်ညီသည့်အတွက် လေခွင်းအားကို အထူးလျှော့ချနိုင်တာကို သေချာစေခဲ့ပါတယ်။

X-59 QueSST လေယာဉ်၏ တကယ့် အရွယ်အစားအတိုင်းကိုတော့ NASA နှင့် နာမည်ကျော် Lockheed Martin ကုမ္ပဏီ ၏ Skunk Works (အထူးစီမံကိန်းများအတွက် ဌာန) ဌာနတို့မှ ကယ်လီဖိုးနီးယားပြည်နယ်တွင် ပူးပေါင်း ထုတ်လုပ်မှာ ဖြစ်ပါတယ်။
တည်ဆောက်ပြီးစီးသည့်နောက် လေယာဉ်ကို ၂၀၂၂ ခုနှစ် နှောင်းပိုင်းလောက်မှာ အစောပိုင်း စမ်းသပ်မှုများ လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။
လေယာဉ်ကို အောင်မြင်စွာ စမ်းသပ်နိုင်ပါက အသံငြိမ်တဲ့ အသံထက်မြန် supersonic ပျံသန်းမှု နည်းပညာကို ၎င်း၏ ဒီဇိုင်းအရ လုပ်ဆောင်နိုင်ကြောင်း NASA က အတည်ပြုပေးမှာ ဖြစ်ပါတယ်။
အရပ်ဖက်သုံး စီးပွားဖြစ် အသံထက်မြန် ပျံသန်းမှု နည်းပညာဟာ အသံထက်မြန် ပျံသန်းမှုမှာ အသံငြိမ်သက်အောင် အဓိက စွမ်းဆောင်မှာဖြစ်ပြီး အနာဂါတ် လေယာဉ်များမှာ မြေပြင်ရှိ ပြတင်းပေါက်မှန်များပင် ကွဲအက်နိုင်တဲ့ လေခွင်းသံမျိုးကို ဖြစ်ပေါ်စေမှာ မဟုတ်ပါဘူး။

X-59 ဟာ လုံလောက်တဲ့ အသံ ငြိမ်သက်မှုကို သက်သေ ပြနိုင်ပါက လန်ဒန် မှ နယူးယော့ခ် သို့ အရပ်ဖက် လေယာဉ် ဖြင့် အချိန် ၃ နာရီမျှဖြင့် ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။
အဆိုပါလေယာဉ်၏ ဒီဇိုင်းအရ အရှည် ၉၉.၇ ပေ အကျယ် ၂၉.၅ ပေ ရှိပြီး အသံထွက်ရှိမှုကို အနည်းဆုံးဖြစ်အောင် လုပ် ဆောင်ထားက ရှေ့ဖက် တည့်တည့်တွင် လေကာမှန်များ တပ်ဆင်ထားခြင်း မရှိပါဘူး။
ရှေ့သို့ တိုက်ရိုက်မမြင်ရတဲ့ အတွက် လေယာဉ်တွင် ပြင်ပမြင်ကွင်းကြည့် စနစ်များကို တပ်ဆင်ထားမှာ ဖြစ်ပါတယ်။
ဒီအကြောင်း ကိုလည်း “X-59 လေယာဉ်တွင် တပ်ဆင်မည့် ပြင်ပ မြင်ကွင်းကြည့် စနစ် NASA မှ စမ်းသပ်အောင်မြင်” ဆိုသည့်ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

ကားပျံတွေ၊ ဆိုင်ကယ်ပျံတွေ၊ ဒရုန်းတွေနှင့် တိုးတက်လာတဲ့ ကမ္ဘာကြီးဟာ အသံထက်မြန်တဲ့ ခရီးသည်တင် လေယာဉ်များ တကျော့ပြန်လာခြင်းဟာလည်း မြန်ဆန်တဲ့ ခရီးသွားလာမှုအတွက် ကောင်းမွန်တဲ့ အရွေ့တခု ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။