ယူကရိန်းပိုင် ကမ္ဘာ့အကြီးဆုံး ကုန်တင်လေယာဉ်ကြီး Antonov An-225 ပျက်စီးသွားပြီဖြစ်

Military News

ကမ္ဘာပေါ်တွင် အကြီးဆုံး လေယာဉ်ကြီးဖြစ်သည့် ယူကရိန်းပိုင် Antonov An-225 လေယာဉ်ကြီးဟာ ရုရှား၏ ထိုးစစ်အတွင်း ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

ဒီသတင်းကို ယူကရိန်း၏ နိုင်ငံခြားရေး ဝန်ကြီးဖြစ်တဲ့ Dmytro Kuleba က ဖော်ဖော်ဝါရီလ ၂၇ ရက်နေ့က အတည်ပြု ပြောကြားလိုက်တာပါ။

ဒီလေယာဉ်ကြီးကို ဆိုဗီယက် ပြည်ထောင်စု၏ နောက်ဆုံးနေ့များတွင် တည်ဆောက်ခဲ့တာ ဖြစ်ပြီး ၎င်းနှင့်ပုံစံတူ နောက်တစင်းကတော့ တဝက်တပျက်နှင့် ရပ်တန့်ခဲ့တာပါ။

An-225 လေယာဉ်ကြီးကို အဓိကအားဖြင့် အာကာသ လွန်းပျံယာဉ်များကို တင်ဆောင် နိုင်ဖို့ ဒီဇိုင်းဆွဲထားတာ ဖြစ်ပြီး လွန်ခဲ့သည့် နှစ်များအတွင်းက အနည်းငယ်သာ ပျံသန်းခဲ့ပါတယ်။

ဆိုဗီယက်၏ စစ်ဘက်ဆိုင်ရာ မစ်ရှင်များတွင် အသုံးပြုခဲ့ပြီး နောက် ၈ နှစ်အကြာမှာ လေယာဉ်ကို ပြန်လည်ပြုပြင်ကာ စီးပွားဖြစ် ကုန်တင်လေယာဉ်အဖြစ် အသုံးပြုနေခဲ့တာပါ။

လေယာဉ်ဟာ မည်သည့် လေယာဉ်နှင့် မဆို နှိုင်းယှဉ်ပါက အရှည်လျားဆုံးတောင်ပံကို ပိုင်ဆိုင်ထားပြီး တည်ဆောက်ခဲ့သမျှ လေယာဉ်ထဲမှာ အလေးလံဆုံး လေယာဉ်လည်း ဖြစ်ပါတယ်။

ကုန်စည် သယ်ယူမှုနှင့် ပတ်သတ်ပြီးလည်း စံချိန်များစွာ တင်ထားနိုင်တဲ့ လေယာဉ်ကြီး ဖြစ်ပါတယ်။

၎င်းကို ယူကရိန်းနိုင်ငံ မြို့တော်ဖြစ်တဲ့ Hostomel လေဆိပ်မှာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ဖျက်ဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ယခုလို ပျက်စီးသွားတဲ့ လေယာဉ်ကြီးကို အသစ်ပြန်လည် ဖန်တီးပါက ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ သန်း ၃ ထောင်လောက်အထိ ရှိနိုင်ပြီး အချိန်လည်း ၅ နှစ်လောက် ယူရနိုင်တယ်လို့ ပြောပါတယ်။

Antonov AN-225 လေယာဉ်ကြီးကို ၂၀၁၈ ခုနှစ် အောက်တိုဘာလောက်မှ ပြုပြင်ထိန်းသိမ်းမှုနှင့် အဆင့်မြှင့်တင်မှုများ ပြုလုပ်ခဲ့ပြီး ၁၈ လ အကြာ ၂၀၂၀ ခုနှစ် မတ်လတွင် ပြန်လည် ပျံသန်းခဲ့ပါတယ်။

၎င်း၏ အတောင်ပံဟာ ပေ ၂၉၀ ရှိပြီး အင်ဂျင် ၆ လုံးကို တပ်ဆင်ထားကာ အလေးချိန် ပေါင် ၆ သိန်း လောက်အထိ ရှိပါတယ်။

၁၉၈၀ ခုနှစ်များတွင် တည်ဆောက်ခဲ့တဲ့ Antonov AN-225 ကို ယူကရိန်းနိုင်ငံသားများ၏ အိပ်မက် “Mriya” လို့ နာမည်ပေးထားခဲ့တာပါ။

AN-225 တင်ထားသည့် စံချိန်တွင် အလေးချိန် ပေါင်ချိန် ၄၇၀,၀၀၀ လောက်ရှိသည့် ဂျင်နရေတာကြီးကို တင်ဆောင်ပျံသန်းခဲ့သည့် စံချိန်ဟာ အမြင့်ဆုံးဖြစ်ပါတယ်။

အများဆုံး ဝန် ပေါင်ချိန် ၅ သိန်းခွဲလောက်အထိ တင်ဆောင်နိုင်တဲ့ ဒီလေယာဉ်ကြီးဟာ လေယာဉ်နှင့် ကုန် စုစုပေါင်း အလေး ချိန် ပေါင် ၁.၄ သန်းလောက်နှင့် ပျံတက်နိုင်ပါတယ်။

ဒီလေယာဉ်ကြီး အခုလို ပျက်စီး သွားသည့်အတွက် နောင်အချိန်မှာ ပြန်လည် ပြုပြင်မယ် ဆိုရင်တောင် ကုန်ကျစရိတ် ကြီး မား လွန်းတဲ့အတွက် ကောင်းကင်မှာ ပြန်လည် မြင်တွေ့ရဖို့ဆိုတာ မသေချာပါဘူး။

ဒါပေမယ့် ယူကရိန်း ကာကွယ်ရေးစက်မှု Ukroboronprom မှတော့ ဒီလေယာဉ်ကြီးကို ရအောင် ပြန်လည် ပြုပြင်မယ်လို့ ကတိပြုထားပါတယ်။

ယူကရိန်းနိုင်ငံအတွက်တော့ ဂုဏ်ယူစရာ တခုဖြစ်တဲ့ ကမ္ဘာ့အကြီးဆုံး လေယာဉ်ကြီး Antonov AN-225 ကို ဆုံးရှုံးလိုက်ရတာ အတော် ဝမ်းနည်းစရာ ကိစ္စတခုပါ။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *