နည်းပညာ ကုမ္ပဏီကြီးဖြစ်တဲ့ Apple ဟာ ကမ္ဘာပေါ်တွင် ပထမဆုံးသော ဒေါ်လာ ၃ ထရီလီယံလောက် တန်တဲ့ ကုမ္ပဏီတခု ဖြစ်ပါတယ်။
Apple ဟာ လျှပ်စစ်စွမ်းအင်သုံး ကားဖြစ်မယ့် Apple car ကို ထုတ်လုပ်ဖို့ လုပ်ဆောင်နေတာ ကာလအတော်လေးကြာမြင့်နေပါပြီ။
၂၀၁၄ ခုနှစ်လောက်ကတည်းက Apple ဟာ ကားထုတ်လုပ်ဖို့ စတင်ကြိုးပမ်းလာခဲ့ပြီး ၂ နှစ်အကြာမှာတော့ အလိုအလျှောက်စနစ် ထည့်သွင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ်ကုန်အတွင်းကလည်း အဆိုပါ အလိုအလျှောက်ကား သတင်းနှင့် ပတ်သက်ပြီး “အပြည့်အဝ အလိုအလျှောက်စနစ်ဖြင့် မောင်းနှင်နိုင်ဖွယ်ရှိသည့် Apple Car အကြောင်း” ခေါင်းစဉ်ဖြင့် ဖော်ပြပေးပြီး ဖြစ်ပါတယ်။
အစောပိုင်း ဖွံ့ဖြိုးတက်မှုအဆင့်များတွင် Apple ဟာ ပြင်ပမှ ကားထုတ်လုပ်ရေး လောကမှ ကားကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း မပြုလုပ်ဘဲ ကိုယ်တိုင် ဖန်တီးဖို့ စီစဉ်ခဲ့တာပါ။
ဒါပေမယ့် အကန့်အသတ်တွေ၊ ပြဿနာပေါင်းများစွာတွေ ကြုံတွေ့ပြီး နောက်မှာတော့ ကားထုတ်လုပ်သည့် ကုမ္ပဏီ တခုနှင့် ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

နှစ်အနည်းငယ်လောက်ကြာအောင် စီမံကိန်းဟာ ရပ်တန့်နေခဲ့ပြီး နောက်ဆုံးမှာတော့ Apple အနေနဲ့ ကားထုတ်လုပ်ရေး နယ်ပယ်ကို ဝင်လာတော့မယ်လို့ ထင်ပါတယ်။
အကြောင်းကတော့ မကြာသေးမီက လျှပ်စစ်စွမ်းအင်သုံးကား အမျိုးမျိုးအတွက် အစိတ်အပိုင်းများ ထုတ်လုပ်ပေးနေသည့် ဘတ္တရီ ထုတ်လုပ်ရေး ကုမ္ပဏီများ ကားထုတ်လုပ်ရေး ကုမ္ပဏီများနှင့် Apple ၏ ကိုယ်စားလှယ်များ တွေ့ဆုံခဲ့လို့ ဖြစ်ပါတယ်။
ဒါ့အပြင် Apple ၏ ကိုယ်စားလှယ်များဟာ အာရှကို မနှစ်က စက်တင်ဘာလောက်က ရောက်ရှိလာခဲ့ပြီး တိုယိုတာမှ တာ ဝန် ရှိသူများနှင့် ပူးပေါင်းထုတ်လုပ်ဖို့ ကိစ္စဆိုင်ရာများကို ဆွေးနွေးခဲ့ပါသေးတယ်။
ဩဂုတ်လမှာတော့ တောင်ကိုရီးယားရှိ SK Group နှင့် LG Electronics ကုမ္ပဏီများနှင့် တွေ့ဆုံခဲ့ပြီး ဘတ္တရီနည်းပညာ ဆိုင် ရာများကို ဆွေးနွေးခဲ့ဖွယ် ရှိပါတယ်။
ဒါ့အပြင် Nissan၊ Magna၊ Hyundai နှင့် အခြား ကုမ္ပဏီငယ်လေးများအထိ ပြီးခဲ့သည့်နှစ်က Apple မှ ဆက်သွယ်ထားခဲ့ပါတယ်။
ဒါ့ကြောင့် Apple ကားများကို ၂၀၂၅ ခုနှစ်လောက် အများအပြား ထုတ်လုပ်နိုင်လိမ့်မယ်လို့တောင် ကောလဟာလ သတင်းတွေ ထွက်လာခဲ့ပါတယ်။

နာမည်ကျော် Tesla ကုမ္ပဏီမှ အမှုဆောင်များ Apple သို့ လွန်ခဲ့သည့် နှစ်အနည်းငယ်ကတတည်းက ရောက်ရှိလာပေမယ့် ကားနှင့်ပတ်သက်သည့် သတင်းအစအနတွေ သိပ်မကြားခဲ့ရပါဘူး။
ကားသစ်တွင် Tesla တွင် အသုံးပြုနေသည့် အထူးပြုလုပ်ထားသည့် carOS ကဲ့သို့ OS မျိုးကိုတပ်ဆင်မယ်လို့တော့ ပြောခဲ့ပါတယ်။
ထို OS (Operating System) ဟာ ကား၏ လမ်းညွှန်စနစ်များ၊ ဖျော်ဖြေရေးများ၊ အချက်အလက်ပြပေးခြင်းများနှင့် အာရုံခံစနစ်များကို လုပ်ဆောင်ပေးစေမှာပါ။
Vanarama လို့ခေါ်တဲ့ ဗြိတိန်ရှိ ကားအငှား ကုမ္ပဏီဟာ Apple ရဲ့ တကယ့် မူပိုင်ခွင့်များကို အခြေခံပြီး ကွန်ပျူတာမှ တဆင့် Apple Car ဖြစ်နိုင်မည့် အသေးစိတ်ပုံများကို ပြသလိုက်တာကို Digital Trends မှ ဖော်ပြခဲ့ပါသေးတယ်။
ဒီအကြောင်းကို “Apple မူပိုင်ခွင့်တွေကို အခြေခံပြီး ကုမ္ပဏီတခုက ဖော်ပြလိုက်တဲ့ Apple Car ပုံစံ အကြောင်း” ခေါင်းစဉ်ဖြင့် ဖော်ပြပေးခဲ့ပါတယ်။
အခြား ဒီဇိုင်နာ တယောက်ဖြစ်တဲ့ Devanga Borah ကလည်း Apple Car ဖြစ်နိုင်တဲ့ ဒီဇိုင်းတခုကို ဖန်တီးပြသခဲ့ပါသေးတယ်။
ထိုကားဟာ ၂ ယောက်စီး ၃၆၀ ဒီဂရီလှည့်နိုင်သည့် ကားပုံစံဖြစ်ပြီး ရုတ်တရက်ကြည့်လိုက်ရင် ထူးဆန်းတဲ့ ပုံစံပေါက်နေပါတယ်။

Borah ကတော့ သူဖန်တီးတဲ့ ဒီဇိုင်းဟာ မောင်းနင် စီးနင်းရာမှာ သက်တောင့် သက်သာနှင့် အဆင်ပြေစေတယ်လို့ ဆိုပါတယ်။
Apple ဟာ ၎င်း၏ ကိုယ်ပိုင် ထုတ်ကုန်ဖြစ်လာမယ့် Apple Car ကို ထုတ်လုပ်ဖို့ အသည်းအသန် ကြိုးစားနေပေမယ့် အပြီး သတ်နိုင်ဖို့ နှစ်အနည်းငယ်တော့ လိုဦးမှာပါ။
ကျွမ်းကျင်သူများကတော့ Apple ဟာ ၂၀၃၀ ခုနှစ်မှာ ကားအစီးရေ ၁.၅ သန်းလောက် ရောင်းချရနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
Apple ကားနှင့် ပတ်သက်ပြီး ကောလဟာလ သတင်းများအပါအဝင် သိရှိထားသမျှ သတင်းများကို အကျဉ်းချုံးဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။