အပြည့်အဝ အလိုအလျှောက်စနစ်ဖြင့် မောင်းနှင်နိုင်ဖွယ်ရှိသည့် Apple Car အကြောင်း

News Tech

သတင်းများအရ Apple Inc ဟာ ၎င်း၏ လျှပ်စစ်ကား ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်မြှင့်တင်နိုင်ဖို့ ကြိုးစားနေပြီး ရာနှုန်းပြည့် အလိုအလျှောက်စနစ်ဖြင့် မောင်းနှင်နိုင်စွမ်း ရှိအောင် အဓိကထား လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Apple ဟာ မော်တော်ယာဉ်လုပ်ငန်းကို ထိခိုက်ပျက်စီးစေနိုင်သည့် နည်းပညာဆိုင်ရာ စိန်ခေါ်မှုများကိုပါ ကိုင်တွယ်ဖြေရှင်းဖို့ရာအတွက် ရည်ရွယ်ထားပါတယ်။

Bloomberg သတင်းဌာနဟာ မကြာသေးမီက နည်းပညာ ကုမ္ပဏီကြီး၏ လုပ်ငန်းသစ်နှင့် ပတ်သက်သည့် အစီရင်ခံစာ တစောင်ကို ထုတ်ပြန်ခဲ့ပြီး Apple ၏ မော်တော်ယာဉ် ထုတ်လုပ်ရေး အဖွဲ့ဟာ လမ်းကြောင်း ၂ ခုနှင့် နှစ်အတော်ကြာ စမ်းသပ်လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။

Apple ရုံးချုပ်

အဲဒီ့ လမ်းကြောင်း ၂ ခုမှာ တခုကတော့ စတီယာရင်နှင့် မောင်းနှင်မှုကို အဓိကထားသည့် အကန့်အသတ်ရှိသည့် အလိုအလျှောက် စနစ် ပါဝင်သည့် ကား နှင့် နောက်တခုကတော့ ရာနှုန်းပြည့် အလိုအလျောက် မောင်းနှင်မှု စနစ် တပ်ဆင်ထားသည့် ကား အမျိုးအစားတို့ ဖြစ်ပါတယ်။

အခုတော့ အင်ဂျင်နီယာများဟာ စီမံကိန်း ခေါင်းဆောင်အသစ်ဖြစ်သည့် Apple နာရီ များ၏ ဆော့ဖ်ဝဲလ် အမှုဆောင် Kevin Lynch ၏ လမ်းညွှန်မှုအောက်တွင် ဒုတိယ လမ်းကြောင်းမှာ အာရုံစိုက် လုပ်ကိုင်နေကြပြီ ဖြစ်ပါတယ်။

Apple မှ လူများ၏ ပြောဆိုမှုများအရ Lynch ဟာ အပြည့်အဝ အလိုအလျောက်မောင်းနှင်မှု စနစ်ပါဝင်သည့် ကားတစီးကို ထုတ်လုပ်နိုင်ဖို့ တွန်းအားပေးနေတယ်လို့ သိရပါတယ်။

အဆိုပါ သတင်းကို ပြောဆိုခဲ့သူများကတော့ ဒီ အချက်အလက်များဟာ သီးသန့် ဆွေးနွေးပွဲမှ ရရှိလာတာ ဖြစ်တဲ့အတွက် အမည် မဖော် ထုတ်ရန် တောင်းဆိုခဲ့ကြပါတယ်။

Vanarama မှ ပုံဖော်ခဲ့သည့် Apple ကား Photo: Courtesy of Vanarama

ဒါဟာ ၂၀၁၄ ခုနှစ် စတင် တည်ထောင်ချိန်မှ စ၍ ဗျူဟာမြောက် အပြောင်းအရွှေ့များနှင့် စီမံခန့်ခွဲရေး အလှည့်အပြောင်းများစွာကို ဖြတ် သန်းခဲ့သည့် Special Projects Group သို့မဟုတ် “Project Titan” အတွက် နောက်ဆုံး အပြောင်းအရွှေ့တခုမျှသာ ဖြစ်ပါတယ်။

အဖွဲ့၏ ခေါင်းဆောင်ဟောင်း Doug Field ကတော့ ၃ နှစ်ကြာ အဖွဲ့ကို ကွပ်ကဲခဲ့ပြီး စက်တင်ဘာလ အတွင်းမှာတော့ အလုပ်မှ နှုတ်ထွက်ကာ Ford ကား ကုမ္ပဏီသို့ ပြောင်းရွှေ့သွားခဲ့ပါတယ်။

အဲဒီ့နောက် Apple ဟာ ၎င်း၏ နေရာဖြစ်သည့် အတွင်းပိုင်း အလုပ်အမှုဆောင်နေရာအတွက် မော်တော်ယာဉ်ပိုင်း ကျွမ်းကျင်သူ မဟုတ်သည့် Lynch အား အစားထိုးရန် ရွေးချယ်ခဲ့ပါတယ်။

Apple ဟာ ယခုနှစ် အစောပိုင်းက အချို့ အင်ဂျင်နီယာများ ခန့်မှန်းထားသည့် ၅ နှစ်မှ ၇ နှစ် လောက် ကြာနိုင်မယ်ဆိုတဲ့ ခန့်မှန်းချက်ထက် နည်းသည့် ကာလဖြစ်သည့် ၄ နှစ်အတွင်းမှာ ၎င်း၏ ကားသစ်ကို ပွဲဦးထွက်နိုင်ရန် မျှော်မှန်းထားပါတယ်။

၂၀၂၅ ခုနှစ်မှာ ကားသစ်ကို ပြသနိုင်ရမယ်လို့ မျှော်မှန်းထားပေမယ့် တကယ် ဖြစ်မြောက်မှု ရှိမရှိဆိုတာ အလိုအလျှောက် မောင်းနှင်မှု စနစ်ကို ကုမ္ပဏီ အနေဖြင့် တည်ဆောက်နိုင်ခြင်း ရှိမရှိ အပေါ်မှာ များစွာ မူတည်နေပါတယ်။

မြင့်တက်လာသည့် Apple ၏ စတော့ရှယ်ယာဈေး AAPL stock chart: FXEMPIRE

တကယ်လို့ Apple ဟာ ၎င်းမျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာခဲ့ပါက ကားသစ် ပြသမှုအတွက် အချိန်ကို ရွှေ့ဆိုင်းနိုင်ပြီး သို့မဟုတ်ပါက အဲဒီ့ထက် နည်းပညာပိုင်းဆိုင်ရာ နည်းပါးတဲ့ ကားကို ပထမဆုံး ပြသကောင်း ပြသနိုင်ပါတယ်။

Apple ၏ လျှပ်စစ်ကား ထုတ်လုပ်မှု ဈေးကွက်ကို ဝင်ရောက်လာမှုဟာ Tesla အပြင် အသစ်ထွက်ရှိလာသည့် Rivian နှင့် Lucid Motros တို့ကဲ့သို့ ရုပ်ကြွင်းလောင်စာများနှင့် ဝေးရာသို့ ရွေ့လျားနေသည့် လုပ်ငန်းများကို ထိခိုက်နိုင်ဖွယ် ရှိပါတယ်။

မကြာသေးမီ လပိုင်းများက သုံးစွဲသူများနှင့် ရင်းနှီးမြှုပ်နှံသူများဟာ နောက်ထပ် Tesla ဖြစ်လာမည်လို့ မျှော်လင့်ထားသည့် Apple ကြောင့် လျှပ်စစ်ကား စတော့ရှယ်ယာများ မြင့်တက် လာခဲ့ပါတယ်။

Feature Photo: Courtesy of 9to5mac

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *