ကမ္ဘာ့ ပထမဆုံး အသံထက် မြန်တဲ့ မောင်းသူမဲ့လေယာဉ် Arrow

Knowledge Tech

အသံထက်မြန်တဲ့ တိုက်လေယာဉ် အများစုထက် မြန်အောင် ပျံသန်း နိုင်မယ့် မောင်းသူ မဲ့လေယာဉ် ပေါ်လာပြီ ဆိုတာ အံ့အားသင့်စရာတော့ မဟုတ်ပါဘူး။

အံ့အားသင့်စရာကတော့ ဒီမောင်းသူမဲ့လေယာဉ်ကို နာမည်ကြီး ကုမ္ပဏီတွေကို ကျော်ဖြတ်ပြီး စင်ကာပူ အခြေစိုက် Kelly Aerospace က ထုတ်လုပ်မှာ ဖြစ်လို့ပဲ ဖြစ်ပါတယ်။

ဒီမောင်းသူမဲ့လေယာဉ်ကို Arrow လို့ အမည်ပေး ထားပြီး ဒီဇိုင်း အနေနဲ့ကတော့ လုံးဝ ခေတ် ရှေ့ပြေးနေတဲ့ ပုံစံပဲ ဖြစ်ပါတယ်။ ကိုယ်ထည်ကို ကာဘွန်ဖိုင်ဘာ ဖြင့် ပေါင်းစပ်ထားပြီး ကီလို မီတာ ၄၈၀၀ လောက်အထိ စစ်ဆင်နိုင်ပါတယ်။

တင်ဆောင်နိုင်တဲ့ အလေးချိန်ကတော့ ၁၆၈၀၀ ကီလိုဂရမ် (၃၇၀၃၈ ပေါင် ) ထိ တင်ဆောင်နိုင်ကာ အသံထက် ၂.၁ ဆ အမြန်နှုန်း ဖြင့် မောင်းနှင် နိုင်မှာဖြစ်လို့ တိုက်လေယာဉ်တွေ တော်တော်များများထက် မြန်တယ်လို့ ပြောလို့ရပါတယ်။

Arrow UAV (Photo By: Kelly Aerospace)

ဒါ့ကြောင့် Arrow ဟာ ကမ္ဘာ့ ပထမဆုံး အသံထက်မြန်တဲ့ မောင်းသူမဲ့လေယာဉ် ဖြစ်လာပြီး UAV များရဲ့ စွမ်းဆောင်နိုင်တဲ့ နယ်ပယ်အလွန် ကို ရောက်ရှိလာတာပဲ ဖြစ်ပါတယ်။

ဒီ မောင်းသူမဲ့လေယာဉ်ဟာ အစုလိုက် အပြုံလိုက် ပျံသန်း စစ်ဆင်မှုမျိုးနှင့် ပဥ္စမမျိုးဆက် တိုက်လေယာဉ်များနှင့် တွဲဖက်ပြီး ကိုယ်ပိုင်ထိန်းချုပ်မှုနှင့် စစ်ဆင်နိုင်မယ့် စွမ်းရည်တွေ ရှိပါတယ်။

“ဒီမောင်းသူမဲ့လေယာဉ်ကို ရေဒါမှာ မြင်တွေ့နိုင်မှု နှင့် အပူလှိုင်းရှာ ကိရိယာဖြင့် မြင်တွေ့နိုင်မှုတွေကို လျှော့ချထားပါတယ်။

ဒီလေယာဉ်ရဲ့ တောင့်တင်း မာကြောမှုကို ကာဘွန်ဖိုင်ဘာနှင့် Monocoque ဒီဇိုင်း (အောက်ခံ နှင့် ကိုယ်ထည် ခွဲခြားမတည်ဆောက်ဘဲ တသားထဲ ဆောက်လုပ်ထားသည့် ဒီဇိုင်း ဖြစ်သည့် အ တွက် ဆီစားသက်သာ၊ အလေးချိန်လျှော့ချနိုင်ပြီး တုန်ခါမှုများကို လျော့နည်းစေပါတယ်) ကို အသုံးပြုပြီး ပံ့ပိုး ပေးထားပါတယ်” လို့ ကုမ္ပဏီက ပြောပါတယ်။

ဒီမောင်းသူမဲ့လေယာဉ်ကို စစ်ဆင်ရေး ပေါင်းစုံ အသုံးပြုနိုင်အောင် ဒီဇိုင်းဆွဲထားတာ ဖြစ်ပြီး လိုအပ်ချက်အပေါ် မူတည်ပြီး အမေရိကန်ဒေါ်လာ ၉ သန်းမှ ၁၉ သန်း အထိ ကုန်ကျ နိုင်မှာ ဖြစ်ပါတယ်။

လက်ရှိအချိန်အထိ အဆိုပါ မောင်းသူမဲ့လေယာဉ်ကို ကြိုတင်မှာယူမှာပေါင်း ၁၀၀ လောက် ကုမ္ပဏီမှ လက်ခံရရှိ ထားတယ်လို့ သိရပါတယ်။

ဒီမောင်းသူမဲ့လေယာဉ် အပြင် Kelly Aerospace ဟာ Supersonic စီးပွားရေးသုံး ဂျက်လေ ယာဉ်များကို ထုတ်လုပ်ဖို့ ဆောင်ရွက်နေပါတယ်။ လက်ရှိမှာ အဆိုပါ စီးပွားရေးသုံး ဂျက်လေ ယာဉ် ရှေ့ပြေးပုံစံ ၂ စီးကို ထုတ်လုပ်နေပြီး အမေရိကန်နှင့် ဆွီဒင်နိုင်ငံများမှာ စမ်းသပ်မှုတွေ ပြုလုပ်နေပါတယ်။

မောင်းသူမဲ့လေယာဉ်များနှင့် အနာဂါတ် လေကြောင်းစစ်ဆင်ရေး

လေကြောင်း တိုက်ခိုက်ရေး ဗျူဟာတွေ ပြောင်းလဲလာတာနဲ့ အညီ နည်းပညာမြင့် ဆက်သွယ်ရေး ကွန်ယက် စနစ်များနှင့် ရေဒါပျောက် စနစ်သုံး ပဥ္စမမျိုးဆက် တိုက်လေယာဉ်များ ဟာ စစ်ဆင်ရေးများအတွက် ဗဟိုချက် ဖြစ်လာပါတယ်။

ဖွဲ့စည်းမှုအားဖြင့် ပဥ္စမမျိုးဆက် တိုက်လေယာဉ်၊ စတုတ္ထမျိးဆက် တိုက်လေယာဉ် နှင့် မောင်းသူမဲ့ လေယာဉ် ၃ မျိုးဟာ တပ်စု တခု အနေဖြင့် အနာဂါတ်မှာ လှုပ်ရှားတော့မှာ ဖြစ်ပါတယ်။

ဒီလို ဖွဲ့စည်းမှုအတွက် ကမ္ဘာ့ နိုင်ငံ တော်တော် များများကလည်း ၎င်းတို့ တိုက်လေယာဉ်များနှင့် တွဲဖက်နိုင်မယ့် ကိုယ်ပိုင် မောင်းသူမဲ့လေယာဉ်များ ပိုင်ဆိုင်ဖို့ရာ အသည်းအသန် ကြိုးစားနေကြပါတယ်။

အဆိုပါ တပ်စု၏ စစ်ဆင်ရေးဆောင်ရွက်မည့် အကြမ်းဖျင်း အယူအဆကတော့ ပဥ္စမမျိုးဆက် တိုက်လေယာဉ်များ နှင့် မောင်းသူမဲ့ လေယာဉ်များ ဟာ Data Link ဖြင့် ချိတ်ဆက် ထားပြီး မောင်းသူမဲ့လေယာဉ်များမှ အရှေ့ဆုံးမှ ပစ်မှတ်ရှာဖွေမှုနှင့် အန္တရာယ် ကြိုတင် သတိပေးမှုများ ပြုလုပ်နိုင်မှာပါ။

မောင်းသူမဲ့လေယာဉ်နှင့် ပဥ္စမမျိုးဆက် တိုက်လေယာဉ်များ အတူတကွ ပျံသန်းလေ့ကျင့်နေပုံ

အကယ်လို့ အန္တရာယ်ကြီးမားပါက ထိုမောင်းသူမဲ့လေယာဉ်က တတ်နိုင်သလောက် တိုက်ခိုက်ပေးမှာဖြစ်ပြီး ဆုံးရှုံးသွားသည့်တိုင် ပင်မ တိုက်လေယာဉ်များကို အထိအခိုက်မရှိစေဖို့ ကူညီနိုင်မှာပါ။

ပစ်မှတ်ကို တွေ့ရှိပြီး ရင်ဆိုင်နိုင်ပါက ပဥ္စမမျိုးဆက် တိုက်လေယာဉ်ဟာ မောင်းသူမဲ့လေယာဉ်မှ ပေးပို့သည့် အချက်အလက်ကို အသုံးပြုပြီး စတုတ္ထမျိုးဆက် တိုက်လေယာဉ်များ အကူအညီဖြင့် ပစ်မှတ်ကို ထိတွေ့စရာ မလိုဘဲ အဝေးမှ ဖျက်ဆီးနိုင်မှာ ဖြစ်ပါတယ်။

ယခုလို စစ်ဆင်ရေးများမှာ စတုတ္ထမျိုးဆက် တိုက်လေယာဉ်များဟာ လက်နက် ပိုမို တင်ဆောင်နိုင်တဲ့ အားသာချက်တွေ ရှိပါတယ်။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published.