သုတေသီများ လျှော့တွက်ခဲ့သည့် အာတိတ် ဆိုင်ကလုန်း မုန်တိုင်းကြီး၏ သက်ရောက်မှု အကြောင်း

Nature Science

လေထုတွင်း အပူချိန် မြင့်တက်လာခြင်း နှင့် ရေများ ပူနွေလာခြင်း အပြင် အာတိတ်ဒေသမှ ရေခဲများဟာ အခြား အခြေ အ နေ တခုကို ရင်ဆိုင် နေရပြန်ပါတယ်။

ယခုနှစ် အစောပိုင်း အတွင်းမှာ အာတိတ် ဒေသတွင်းမှာ ပြင်းထန်သည့် ရာသီဥတု အခြေအနေ တခု ဖြစ်ပေါ်ခဲ့ပါတယ်။

အဲဒါကတော့ အပြင်းထန်ဆုံး အာတိတ် ဆိုက်ကလုန်း မုန်တိုင်းကြီး တခုဖြစ်ပြီး သုတေသီများဟာ သက်ရောက်မှုတွေကို လေ့လာနေတာပါ။

လေ့လာမှုမှ တွေ့ရှိချက် အချို့အရ သက်ရောက်မှုဟာ ထင်ထားတာထက် ပိုမို ပြင်းထန်ပြီး အာတိတ်ရှိ ရေခဲများကို ပိုမို ဆုံးရှုံးစေခဲ့တယ်လို့ တွေ့ရပါတယ်။

ဆိုင်ကလုန်း မုန်တိုင်းများဟာ အာတိတ်ဒေသ အတွင်းမှာ ဖြစ်ရိုးဖြစ်စဉ် ဖြစ်ပေမယ့် ယခုနှစ် ဇန်နဝါရီမှာ ဂရင်းလန်း၏ အရှေ့မြောက်သို့ ရွေ့လျားသွားခဲ့သည့် မုန်တိုင်းကြီးဟာ အလွန်ကြီးမား ပြင်းထန်ပါတယ်။

မုန်တိုင်းဟာ အာတိတ်သမုဒ္ဒရာကို ဖြတ်ကျော် ဝင်ရောက်လာစဉ် အတွင်း ၈ မီတာ (၂၆ ပေ) မြင့်သည့် ဧရာမ လှိုင်းလုံးကြီးများကို ဖြစ်ပေါ်စေခဲ့ပါတယ်။

မုန်တိုင်းကြိုတင် ခန့်မှန်းသူများဟာ စတင်မည့်ရက်ကို ရှစ်ရက်လောက် တိကျစွာ ကြိုတင် ခန့်မှန်းထားပေမယ့် ယခုလောက် ပြင်းထန်မယ်လို့တော့ မမျှော်လင့်ထားပါဘူး။

ပိုပြီး အံ့ဩစရာ ကောင်းသည့် အချက်ကတော့ ထိုဒေသရှိ ပင်လယ်ပြင်တွင် ဖုံးလွှမ်းနေသည့် ရေခဲများ အပေါ် သက်ရောက်မှုများပဲ ဖြစ်ပါတယ်။

Image: Courtesy of Ed Blanchard-Wrigglesworth/University of Washington

ဂြိုဟ်တုမှ ရရှိသည့် အချက်အလက်များ အရ လှိုင်းများဟာ အားကောင်းလာပြီး ရေခဲများကို ဖြတ်ကာ ရေခဲပြင်၏ ဗဟိုရှိရာ ကီလိုမီတာ ၁၀၀ လောက်အထိ ရောက်ရှိခဲ့ပါတယ်။

မုန်တိုင်းအပြီး ၆ ရက်မြောက် အကြာမှာတော့ ပင်လယ်အတွင်းရှိ ရေခဲများဟာ သိသိသာသာ ပါးလွှာသွားပြီး အချို့နေရာများတွင် အထူ ၀.၅ မီတာ (၁ ပေခွဲ) လောက်အထိ ဆုံးရှုံးသွားတာကို တွေ့ရပါတယ်။

၆ ရက်အတွင်း ရေခဲ ဆုံးရှုံးမှုဟာ ၁၉၇၉ ခုနှစ် နောက်ပိုင်းအတွင်း အများဆုံး ဆုံးရှုံးခဲ့တာ ဖြစ်ပြီး နောက်ဆုံး မှတ်တမ်းများထက် ၃၀ ရာခိုင်နှုန်းလောက် ပိုမို ဆုံးရှုံးခဲ့တယ်လို့

ယခု ဖော်ပြခဲ့သည့် လေ့လာမှုကို ပြုစုသူ ဝါရှင်တန် တက္ကသိုလ်ရှိ လေထုဆိုင်ရာ သိပ္ပံဌာနမှ လက်ထောက် ပါမောက္ခ Ed Blanchard-Wrigglesworth က ရှင်းပြပါတယ်။

လေ့လာမှုတွင် ရေခဲများ အရည်ပျော်ခြင်းဟာ မုန်တိုင်းမှ အပူကြောင့် ဖြစ်ပေါ်တာမဟုတ်ဘဲ လှိုင်းများဟာ သမုဒ္ဒရာ၏ ပူနွေးသည့် ရေများကို မွှေနှောက်စေတာကြောင့် ဖြစ်ပေါ်နိုင်တာကို တွေ့ရှိခဲ့ပါတယ်။

နောက်ထပ် ဖြစ်နိုင်ခြေကတော့ ဧရာမ လှိုင်းလုံးကြီးများ၏ အရှိန်ကြောင့် ရေခဲများ ပြိုကွဲ ပါးလွှာသွားတာလည်း ဖြစ်နိုင်တယ်လို့ အဖွဲ့က ဆိုပါတယ်။

အထက်ပါ မေးခွန်းများကို ဖြေရှင်းနိုင်မည့် နည်းလမ်း တခုကတော့ အနာဂါတ်တွင် ဖြစ်ပေါ်လာမည့် မုန်တိုင်း မစတင်မီ အာရုံခံ ကိရိယာများကို ရေခဲပြင်များတွင် ထားရှိခြင်း ဖြစ်ပါတယ်။

ကမ္ဘာကြီးပူနွေးမှုနှင့် ယခု ဖြစ်စဉ်ဟာ မသက်ဆိုင်ပေမယ့် သုတေသီများဟာ အာတိတ် ဆိုင်ကလုန်း မုန်တိုင်းများ၏ သက် ရောက်နိုင်မှုကို ယခင်က လျှော့တွက်ခဲ့ပုံ ရပါတယ်။

မယုံနိုင်လောက်အောင် ရေခဲပြင်လျှော့ကျမှုတွေကို ဖြစ်ပေါ်စေခဲ့သည့် မုန်တိုင်းကြီးကြောင့် အနာဂါတ်တွင် ဖြစ်ပေါ်မည့် အာတိတ်မုန်တိုင်းများကို သုတေသီများက ပိုမို အာရုံစိုက်လာတော့မှာ ဖြစ်ပါတယ်။

အထက်ပါ သုတေသနကို Journal of Geophysical Research–Atmospheres တွင် အသေးစိတ် ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com