ရေခဲသေတ္တာ အရွယ်အစားလောက်ရှိသည့် ဂြိုဟ်သိမ် ဂြိုဟ်မွှားတခုဟာ သိပ္ပံပညာရှင်များ မသိလိုက်ဘဲ ကမ္ဘာနှင့် အလွန် နီးကပ်သည့် အကွာအဝေးလို့ ပြောလို့ရတဲ့ ကီလိုမီတာ ၃ ထောင်လောက် အကွာအဝေးအထိ ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။
Asteroid 2021 UA1 ဂြိုဟ်သိမ်ဟာ နိုင်ငံတကာ အာကာသစခန်းနှင့် ဆက်သွယ်ရေး ဂြိုဟ်တုများ ရှိသည့် ပတ်လမ်းထက် ကြား အမြင့်လောက်မှ အောက်တိုဘာ ၂၄ ရက်နေ့က အန္တာတိကတိုက်ပေါ်မှ ဖြတ်သန်းသွားခဲ့တာ ဖြစ်ပါတယ်။
အဲဒီ့ ဂြိုဟ်သိမ်ဟာ ကမ္ဘာအနီးသို့ ချဉ်းကပ်ခဲ့သည့် ဂြိုဟ်သိမ်များတွင် တတိယမြောက် အနီးကပ်ဆုံး ဖြတ်သန်းသွားသည့် ဂြိုဟ်သိမ် တခု ဖြစ်လာပါတယ်။
ဂြိုဟ်သိမ်ဟာ အချင်း ၂ မီတာလောက်သာ ရှိသဖြင့် ၎င်းဟာ ကမ္ဘာနှင့် ပိုမို နီးကပ်လာပါက လေထုထဲတွင် လောင်ကျွမ်းသွားဖွယ် ရှိပါတယ်။
ဒါပေမယ့် အလွန် အံ့အားသင့်စရာ အကြောင်းကတော့ ၎င်းဟာ နေကို နောက်ခံထားပြီး နေ့အချိန်မှာ ရောက်လာခဲ့တာ ဖြစ်လို့ အနီးကပ်ဆုံး ချဉ်းကပ်မှု မတိုင်ခင် ဖော်ထုတ်နိုင်ခဲ့တာ မဟုတ်ပါဘူးလို့ Orbitsimulator ဝက်ဘ်ဆိုက်မှ နက္ခတဗေဒ ပညာရှင် Tony Dunn က တွစ်တာမှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာ့သမိုင်းတွင် ၎င်းထက် ပိုမို နီးကပ်လာခဲ့သည့် ဂြိုဟ်သိမ် ၂ ခုသာ ရှိသေးပြီး တခုမှာ အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်း ပေါ်မှ ဖြတ်သန်းသွားသည့် 2020 QG ဂြိုဟ်သိပ်ဖြစ်ပြီး နောက်တခု ကတော့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ကမ္ဘာနှင့် မိုင်ရာဂဏန်း အကွာက ဖြတ်သန်းသွားသည့် 2020 VT4 ဂြိုဟ်သိမ်တို့ ဖြစ်ပါတယ်။
အဆိုပါ ဂြိုဟ်သိမ် ၂ ခုဟာလည်း အရွယ်အစား အားဖြင့် အလွန်းသေးငယ်ပြီး ကမ္ဘာကို အန္တရာယ် ဖြစ်စေနိုင်လောက်သည့် အနေအထား မရှိကြပါဘူး။

ထိုသို့ ကမ္ဘာကို ထိခိုက်နိုင်လောက်အောင် မကြီးမားကြပေမယ့် သိပ္ပံပညာရှင်များဟာ ကမ္ဘာကို ခြိမ်းခြောက်နိုင်မယ့် ကြီးမားတဲ့ ဂြိုဟ်သိမ်များအတွက် ပြင်ဆင်နေကြတာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် မေလအတွင်း NASA ဟာ ထိုကဲ့သို့ ဖြစ်ရပ်အတွက် ကြိုတင်ပြင်ဆင်ဖို့ တပတ်တာကာလ သရုပ်ဖန်တီးမှု ပြုလုပ်ခဲ့သော်လည်း အဆိုပါ ဖြစ်ရပ်မျိုးကို ရပ်တန့်နိုင်လောက်တဲ့ နည်းပညာ ကမ္ဘာမှာ မရှိသေးဘူးလို့ ကောက်ချက်ချခဲ့ပါတယ်။
တခုတည်းသော ဖြေရှင်းမှုမှာ ဂြိုဟ်သိမ် ဂြိုဟ်မွှား မကျရောက်နိုင်ခင် အဆိုပါ နေရာမှ လူများကို ဘေးကင်းရာ ပြောင်းရွှေ့နိုင်ဖို့သာ ဖြစ်ပေမယ့် သက်ရောက်နိုင်မှု ဇုန်ဟာ မြောက်အာဖရိက နှင့် ဥရောပ နေရာအနှံ့အပြားတွင် ရှိနေပါတယ်။
တရုတ် သုတေသီများကတော့ ဧရာမ ဂြိုဟ်သိပ် ဂြိုဟ်မွှားကြီးများကို ရပ်တန့်နိုင်ဖို့အတွက် ဒုံးပျံ အစင်း ၂၀ ကျော်လောက်ဖြင့် ပစ်လွှတ်ဖို့ စဉ်းစားနေကြပါတယ်။
တရုတ်အမျိုးသား အာကာသ သိပ္ပံ စင်တာမှ ကွန်ပျူတာနှင့် သရုပ်ဖော် ဖန်တီးမှု တခုတွင် ၎င်းတို့၏ Long March 5 ဒုံးပျံ ၂၃ စင်းကို အ သုံး ပြုပြီး ဂြိုဟ်သိမ်တခုကို ဆက်တိုက် ဝင်တိုက်သည့်ပုံစံ တွက်ချက်ခဲ့ပါတယ်။
ရလဒ်အနေဖြင့် အဲဒီ ဂြိုဟ်သိမ်ဟာ မူလ လမ်းကြောင်းမှနေပြီး ကီလိုမီတာ ၉ ထောင်နီးပါးလောက်အထိ လမ်းကြောင်း ပြောင်းသွားတယ်လို့ ဆိုပါတယ်။
ဒါဟာ ၆,၃၇၁ ကီလိုမီတာ လောက်ရှိတဲ့ ကမ္ဘာ့ အချင်းဝက်၏ ၁.၄ ဆ လောက်ရှိပါတယ်။
နက္ခတဗေဒ ပညာရှင်များဟာ နေ့စဉ်နှင့် အမျှ ကမ္ဘာကို အန္တရာယ်ပြုနိုင်ချေရှိတဲ့ ဂြိုဟ်သိမ် ဂြိုဟ်မွှားများကို ရှာဖွေ နေလေ့ရှိရာ သိသိသာသာ ထိ ခိုက် နိုင်မည့် ဂြိုဟ်သိမ်များကိုတော့ ဂရုပြုပြီး ဖြစ်မှာပါ။
ယခုလို သေးငယ်သည့် ဂြိုဟ်သိမ် ဂြိုဟ်မွှားများကို အလွန် နီးကပ်တဲ့ အကွာအဝေးလောက် ရောက်မှသာ တွေ့ရှိခဲ့တာဟာ အရေးမကြီးလို့ လျစ်လျူရှုခဲ့တာကြောင့်လား တကယ်ပဲ မမြင်တွေ့ခဲ့တာလား ဆိုတာကတော့ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။
Reference: The Independent
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။