ဂြိုဟ်သိမ် ဂြိုဟ်မွှားတွေ ကမ္ဘာအနီးက မကြာခဏ ဖြတ်သွားလေ့ ရှိပေမယ့် ဒီတခါ ဖြတ်သွားမယ့် ဂြိုဟ်သိမ်ကတော့ နီးကပ်တယ်လို့ ပြောလို့ရပါတယ်။
၎င်းဟာ အကျယ်အားဖြင့် ၁ ကီလိုမီတာ (၃,၄၅၁ ပေ) လောက် ရှိပြီး ကမ္ဘာ့ အနီးမှ လာမယ့် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ဖြတ်သန်းသွားမယ်လို့ တွက်ချက်ထားပါတယ်။
ကမ္ဘာနားကို ရောက်ရှိလာတဲ့ ဒီဂြိုဟ်သိမ်ကို 7482 (1994PC1) လို့ ခေါ်ဆိုပြီး ၎င်းကို ၁၉၉၄ ခုနှစ်ကတည်းက ရှာဖွေ တွေ့ရှိ ထားတာ ဖြစ်တယ်လို့ NASA က ပြောပါတယ်။
ဘယ်သူကမှ 7482 (1994PC1) ဟာ ကမ္ဘာကြီးကို ဝင်တိုက်နိုင်မယ်လို့ မျှော်လင့်မထားပေမယ့် ဒါဟာ ရာစုနှစ် ၂ ခုအတွင်းမှာ အနီးကပ်ဆုံး ဖြတ်သန်းသွားတဲ့ ဂြိုဟ်သိမ်ဖြစ်တယ်လို့ NASA ခန့်မှန်းခြေများအရ သိရပါတယ်။

NASA ၏ ကမ္ဘာ့အနီး အရာဝတ္ထုများကို လေ့လာရေး စင်တာ အဆိုအရ ဂြိုဟ်သိမ်ဟာ တနာရီလျှင် မိုင်ပေါင်း ၄၇,၃၄၄ အမြန်နှုန်းဖြင့် ကမ္ဘာနှင့် မိုင်ပေါင်း ၁.၂ သန်း အကွာမှ ဖြတ်သန်းသွားမှာပါ။
ဂြိုဟ်သိမ်ဟာ ဇန်နဝါရီ ၁၈ ရက် ET Time ညနေ ၄ နာရီ ၅၁ မိနစ်၊ ဇန်နဝါရီလ ၁၉ ရက် မြန်မာစံတော်ချိန် မနက် ၄ နာရီ ၂၁ မိနစ် တွင် ဖြတ်သွားဖွယ် ရှိပါတယ်။
ယခုလို နီးကပ်စွာ ဖြတ်သန်းသွားပေမယ့် ၎င်းဟာ ကမ္ဘာအနီး ဖြတ်သွားဖူးတဲ့ ဂြိုဟ်သိမ်တွေထဲမှာ အကြီးဆုံးတော့ မဟုတ်ပါဘူး။
ဖြတ်သန်းသွားဖူးသမျှ ဂြိုဟ်သိမ်တွေထဲမှာ အကြီးဆုံးကတော့ စက်တင်ဘာလ ၁ ရက်နေ့ ၂၀၁၇ ခုနှစ်က ဖြတ်သန်းသွားတဲ့ 3122 Florence (1981 ET3) က အကြီးဆုံး ဖြစ်ပါတယ်။
အဆိုပါ ဂြိုဟ်သိမ်ဟာ အကျယ်အားဖြင့် ၂ မိုင်ခွဲမှ ၆ မိုင်ခွဲလောက်အထိ ရှိပြီး ကမ္ဘာ အနီးကို စက်တင်ဘာလ ၂ ရက် ၂၀၅၇ ခုနှစ်မှာ နောက်တကြိမ် ထပ်မံ ဖြတ်သန်းဦးမှာ ဖြစ်ပါတယ်။

ယခု 7482 (1994 PC1)ဂြိုတ်သိမ်၏ ဖြတ်သန်းသွားမှုကို သာမန် မျက်စိဖြင့် မမြင်နိုင်ပေမယ့် နက္ခတ်ဗေဒ ဝါသနာရှင်များအနေဖြင့် တယ်လီစကုပ် အသေးစားလောက်ဖြင့် မြင်နိုင်တယ်လို့ EarthSky ဝက်ဘ်ဆိုက်က ဖော်ပြထားပါတယ်။
ယခုနှစ် စက်တင်ဘာလအတွင်းမှာ ကမ္ဘာကို တိုက်မိမယ့် ဂြိုဟ်သိမ်များကို လမ်းကြောင်းလွှဲပစ်နိုင်ဖို့ အတွက် NASA ဟာ ၎င်း၏ DART မစ်ရှင်ကို စတင်ခဲ့ပြီး ဖြစ်ပါတယ်။
ဒီ NASA ရဲ့ အာကာသယာဉ်ဟာ ဂြိုဟ်သိမ်ကို ဝင်တိုက်ကာ အာကာသအတွင်း ရွေ့လျားနေတဲ့ ဂြိုဟ်သိမ်၏ လမ်းကြောင်းကို ပြောင်းလဲစေမှာ ဖြစ်ပါတယ်။
DART mission သို့မဟုတ် the Double Asteroid Redirection Test လို့ခေါ်တဲ့ မစ်ရှင်ဟာ ကမ္ဘာအနီး ဂြိုဟ်သိမ်တခု ဖြစ်တဲ့ Didymos ဂြိုဟ်သိမ်ကို လှည့်ပတ်နေတဲ့ Dimorphos လို့ခေါ်တဲ့ အရံလကို ဝင်ဆောင့်ဖို့ ရည်ရွယ်ထားတာပါ။
လွှတ်တင်လိုက်သည့် အာကာသယာဉ်ဟာ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၆ ရက်မှ အောက်တိုဘာလ ၂ ရက်နေ့ကြား လောက်မှာ ဂြိုဟ်သိမ်ကို ဝင်တိုက် နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

ဒီအကြောင်းကို “NASA မှ ဂြိုဟ်သိမ်တခုကို လမ်းကြောင်း လွှဲရန် အာကာသယာဉ် လွှတ်တင်ထားသည့် အကြောင်း” ခေါင်းစဉ်ဖြင့် အပြည့် အစုံ ဖော်ပြပြီး ဖြစ်ပါတယ်။
ကမ္ဘာ့အနီး အရာများအဖြစ် ကမ္ဘာမှ မိုင် သန်း ၃၀ (ကီလိုမီတာ သန်း ၄၈၀) အတွင်း လှည့်ပတ်နေသည့် ဂြိုဟ်သိမ်များ၊ ကြယ်တံခွန်များကို သတ်မှတ်ထားတာ ဖြစ်ပါတယ်။
အဆိုပါ အရာများမှ ဖြစ်လာနိုင်သည့် အန္တရာယ်များကို ရှာဖွေခြင်းဟာ NASA နှင့် ကမ္ဘာတဝှမ်းရှိ အခြားသော အာကာသ အဖွဲ့အစည်းများ အဓိက လုပ်ဆောင်နေသည့် လုပ်ငန်းစဉ် ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။