ကြီးမားသည့် ဥက္ကာခဲကြီး တလုံး ၉ ရက်နေ့တွင် ကမ္ဘာအနီးမှ ဖြတ်သန်းသွားမည်

News Science

နယူးယောက်ရှိ Empire State အဆောက်အဦး အရွယ်အစား၏ ၂ ဆလောက် ရှိတဲ့ ကြီးမားတဲ့ ဥက္ကာခဲကြီးတခုဟာ စက်တင်ဘာလထဲမှာ ကမ္ဘာအနီးကနေ ဖြတ်သန်းသွားမယ်လို့ ဂျေရုဆလင်ပို့စ်တ်၏ သတင်းအရ သိရပါတယ်။

2010 RJ53 လို့ သိထားကြတဲ့ ဒီ ဥက္ကာခဲဟာ အချင်းအားဖြင့် ၇၇၄ မီတာ (၂,၅၃၉.၃၇ ပေ) လောက်ရှိပြီး လာမယ့် စက်တင်ဘာလ ၉ ရက်နေ့မှာ ကမ္ဘာအနီးမှ ဖြတ်သန်းသွားမှာ ဖြစ်တယ်လို့ NASA ၏ Jet Propulsion ဓာတ်ခွဲခန်း၏ ဥက္ကာခဲ အချက်အလက် မှတ်တမ်းများအရ သိရပါတယ်။

အဲဒီ့ ကြီးမားတဲ့ ဥက္ကာခဲကြီးမှာ ကမ္ဘာနှင့် အကွာအဝေး ၃၆၆,၀၀၀ ကီလိုမီတာ လောက်မှ နေပြီး ဖြတ်သန်းသွားမှာ ဖြစ်ပေမယ့် ကမ္ဘာဆီ ရောက်လာနိုင်ချေ လုံးဝ မရှိတာတော့ မဟုတ်ပါဘူး။

ဒီ အကွာအဝေးဟာ ၃၈၄,၄၀၀ ကီလိုမီတာ လောက်ရှိတဲ့ ကမ္ဘာနှင့် လ အကွာအဝေးထက် ပိုမို နီးကပ်တဲ့ အကွာအဝေးတခု ဖြစ်ပါတယ်။

ယခု ဥက္ကာခဲလို ကြီးကြီးမားမား မဟုတ်တဲ့ နောက်ထပ် ဥက္ကာခဲတခုဟာလည်း မကြာခင်မှာ ကမ္ဘာအနီးမှ ဖြတ်သန်းသွားဦးမှာ ဖြစ်ပါတယ်။

စက်တင်ဘာလ ၁၂ ရက်နေ့မှာ အဲဒီ့ 2021 PT ဥက္ကာခဲဟာ ကမ္ဘာနှင့် ခန့်မှန်းချေ ကီလိုမီတာ ၄.၉ သန်းလောက်မှ နေပြီး ဖြစ်သန်းသွားမှာ ဖြစ်ပါတယ်။

2021 PT ဟာ လာမယ့် ၉ ရက်နေ့မှာ ဖြတ်သွားမယ့် 2010 RJ53 လောက် မကြီးမားပေမယ့် ၎င်းဟာလည်း ၁၃၇ မီတာ အချင်းလောက်ရှိပြီး အမေရိကန် ဘောလုံးကွင်းထက်ကြီးကာ လစ်ဘာတီ ရုပ်တုထက် ရှည်ပါတယ်။

နီးကပ်တဲ့ အကွာအဝေးလို့ ပြောနိုင်ပေမယ့် 2010 RJ53 သို့မဟုတ် 2021 PT ဟာ ကမ္ဘာဆီကို သက်ရောက်နိုင်ဖွယ် မရှိပါဘူး။

အကြောင်းကတော့ NASA မှ ကမ္ဘာကြီးဟာ နောင်လာမယ့် ရာစုနှစ်အထိ ဂြိုဟ်သိမ် ဂြိုဟ်မွှား အန္တရာယ်က ကင်းစင်နေသေးတယ်ဆိုတာကို ကြေငြာထားပြီး ဖြစ်လို့ ဖြစ်ပါတယ်။

ဥက္ကာခဲများဟာ မကြာခဏဆိုသလို ကမ္ဘာအနီးမှ ဖြတ်သန်းသွားလေ့ ရှိပါတယ်။

ဇူလိုင်လ ၂၅ ရက်နေ့က အီဂျစ်ရှိ ပိရိမစ် Giza အရွယ်အစားလောက်ရှိတဲ့ ဥက္ကာခဲကြီး ဖြတ်သန်းသွားခဲ့ဖူးပြီး ဩဂုတ်လ နှောင်းပိုင်းလောက်မှာတော့ ပင်တဂွန် စစ်ဌာနချုပ်လောက် ရှိတဲ့ ဥက္ကာခဲကြီး ဖြတ်သန်းသွားပါသေးတယ်။

သို့ပေမယ့် ကမ္ဘာ့ မြေဆွဲအား သက်ရောက်မှုကြောင့် အဆိုပါ ဥက္ကာခဲ/ဂြိုဟ်သိမ် ဂြိုဟ်မွှားများ၏ လမ်းကြောင်းများကို ပြောင်းလဲနိုင်သဖြင့် အန္တရာယ်ကတော့ ရှိနိုင်ခြေ ရှိနေပါသေးတယ်။

လူသားများဟာ ဂြိုဟ်သိမ် ဂြိုဟ်မွှားများ အန္တရာယ်ကို ကာကွယ်နိုင်ဖို့ နည်းလမ်းများစွာ မရှိသေးတဲ့အတွက် ကမ္ဘာအတွက် ဥက္ကာခဲများဟာ အဆိုးရွားဆုံး ဖြစ်ပေါ်နိုင်သည့် သဘာဝ ဘေးအန္တရာယ်များထဲမှ တခုအဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် NASA ၏ ကမ္ဘာဂြိုဟ်ကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်မှု ရုံး အပါအဝင် နက္ခတ္တဗေဒ ပညာရှင်များ ဟာ အနီးရှိ ဥက္ကာခဲများ အားလုံးကို စောင့်ကြည့်ခြင်းနှင့် ကမ္ဘာကို ခြိမ်းခြောက်နိုင်မှု ရှိမရှိ တွက်ချက်ခြင်းများကို လုပ်ဆောင်နေကြပါတယ်။

ဒီလို စောင့်ကြည့် တွက်ချက်မှုများကို အထူးပြုလုပ်ထားသည့် “ဂြိုဟ်သိမ်ဂြိုဟ်မွှားရှာဖွေရေး” တယ်လီစကုပ်များကို အသုံးပြုပြီး ဆောင် ရွက်နေကြတာ ဖြစ်ပါတယ်။

PDCO နှင့် John Hopkins တက္ကသိုလ်တို့မှ လွှတ်တင်ခဲ့သည့် Double Asteroid Redirection Test (DART) မစ်ရှင်ကဲ့သို့ အချို့သော စီမံ ကိန်းများမှလည်း ကမ္ဘာကြီးကို ဘယ်လို ကာကွယ်ရမယ်ဆိုတဲ့ အဖြေများကို ရှာဖွေနေကြပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။ 

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *