ကမ္ဘာကျော် Audi ကားကုမ္ပဏီဟာ ပတ်ဝန်းကျင် ညစ်ညမ်းမှု ထိန်းသိမ်းဖို့အတွက် အံ့အားသင့်စရာ ကောင်းတဲ့ အရွေ့တခုကို လုပ်ဆောင်လိုက်ပါတယ်။
၂၀၂၁ ခုနှစ် မတ်လ ကတည်းက Audi ဟာ ၎င်းရဲ့ ICE ခေါ် အတွင်းလောင်ကျွမ်းစနစ်သုံး အင်ဂျင် (internal combustion engine) သစ်များကို ထုတ်လုပ်မှာ မဟုတ်တော့ဘူးလို့ ကြေငြာခဲ့ပြီးသားပါ။
အခုတော့ ကုမ္ပဏီဟာ ၎င်းရဲ့ ကားလောကအတွက် ကာဗွန်ကင်းစင်ရေး ဆောင်ရွက်မှု၏ ခြေလှမ်းသစ်တခုကို စတင် လိုက်ပါပြီ။
အဲဒါကတော့ ၎င်းရဲ့ စလင်ဒါ ၆ လုံးထိုး V6 ဒီဇယ်အင်ဂျင်များကို ပြန်လည်ပြည့်ဖြိုးမြဲ လောင်စာတမျိုးဖြစ်တဲ့ HVO (hydrotreated vegetable oil) လောင်စာဖြင့် မောင်းနှင်နိုင်ဖို့ ခွင့်ပြုလိုက်တာပါ။

HVO ဆိုတာ ဆာလ်ဖာနှင့် အခြား လေထုကို ညစ်ညမ်းစေနိုင်သည့် ဓာတုပစ္စည်းများကို ဖယ်ထုတ်ထားတဲ့ လောင်စာတမျိုးဖြစ်ပါတယ်။
ဂျာမန်ကားကုမ္ပဏီဖြစ်တဲ့ Audi ၂၀၅၀ ခုနှစ်မှာ ကာဗွန်ကင်းစင်ရမယ် ဆိုတဲ့ ကြီးမားတဲ့ ရည်ရွယ်ချက်ကို ထားရှိကာ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
V6 အင်ဂျင်နှင့် ပြန်လည်ပြည့်ဖြိုးမြဲ လောင်စာ
“ကျွန်တော်တို့ဟာ လက်ရှိ ICE အင်ဂျင်များကို ပိုပြီး လောင်စာဆီ စားသုံးမှု သက်သာအောင်နဲ့ ကာဗွန်ထုတ်လွှတ်မှု နည်းပါးအောင် လုပ်ဆောင်နေပါတယ်”
“အဲဒီလို လုပ်ဆောင်နေတဲ့အထဲက တနည်းကတော့ ရေရှည်တည်တံ့တဲ့ လောင်စာမျိုးဖြစ်တဲ့ HVO ကဲ့သို့ လောင်စာမျိုးကို ဖန်တီးတာလည်း ပါဝင်ပါတယ်” လို့ Audio ၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကြီးအကဲ Oliver Hoffmann က ပြောပါတယ်။
HVO လောင်စာကို အသုံးပြုပြီး မောင်းနှင်နိုင်မည့် ကားမော်ဒယ်များဟာ A4၊ A5၊ A6၊ A7 နှင့် Q7၊ Q8 လို SUV ကားများ ပါဝင်ပါတယ်။

လာမယ့် မတ်လထဲမှာတော့ Q5 မော်ဒယ်များကို စတင် အသုံးပြုနိုင်မှာ ဖြစ်ပြီးတော့ အဲဒီ့နောက်မှာတော့ A6 Allroad များကို လာမယ့် နွေရာသီမှာ အသုံးပြုနိုင်မှာပါ။
အခုလို ကြိုးပမ်းမှုကြောင့် Audi ဟာ ကာဗွန်ဒိုင်အောက်ဆိုက်ဒ် ထုတ်လွှတ်မှုကို အခြား ဒီဇယ်အင်ဂျင်သုံး ကားများနှင့် နှိုင်းယှဉ်ပါက ၇၀ ရာခိုင်နှုန်းမှ ၉၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။
HVO ဟာ ပတ်ဝန်းကျင် ညစ်ညမ်းမှုကို သက်သာစေမည့် အပြင် Cetane ပါဝင်မှု များပြားတဲ့အတွက် လောင်ကျွမ်းနိုင်စွမ်း သိသိသာသာ ပိုမို ကောင်းမွန်ပါတယ်။
ဒါ့ကြောင့် အခြား သမားရိုးကျ ဒီဇယ်များနှင့် နှိုုင်းယှဉ်ပါက ကုန်ကျစရိတ် ပိုမို သက်သာမည့် အပြင် ပိုမို သန့်ရှင်းစေမှာ ဖြစ်ပါတယ်။
Audi အဆိုအရ HVO ၏ Cetane ပါဝင်မှုဟာ သမားရိုးကျ ဒီဇယ်များထက် ၃၀ ရာခိုင်နှုန်းလောက်အထိ ပိုမို မြင့်မားတယ်လို့ သိရပါတယ်။

HVO လောင်စာဆီဟာ အဆင်သင့် ဖြစ်ပြီလား
အဆိုပါ HVO လောင်စာများရဲ့ ကောင်းကျိုးတွေကို ဖော်ပြပြီးနောက်မှာ ဒီလောင်စာဟာ တွင်တွင်ကျယ်ကျယ် ရှိနေပြီလားဆိုတာ မေးခွန်းထုတ်နိုင်ပါတယ်။
လက်ရှိ ဥရောပါတွင် HVO လောင်စာဆီ ရနိုင်သည့် ဆီဆိုင်ပေါင်းဟာ ၆၀၀ လောက်သာ ရှိသေးတဲ့အတွက် အရေအတွက်ဟာ အတော်လေး နည်းပါးနေပါသေးတယ်။
သို့ပေမယ့် ဒီလောင်စာဆီ အသစ်ဟာ လေထု ညစ်ညမ်းမှုနှင့် ရာသီဥတု ပြောင်းလဲမှု တို့ကို တိုက်ဖျက် နိုင်ဖို့ အတွက် ကောင်းမွန်တဲ့ အရွေ့တခုဖြစ်ပြီး အနာဂါတ်မှာတော့ တွင်ကျယ်လာမှာ အသေအချာပဲ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။