အလိုအလျှောက် စက်ပစ္စည်းတွေကို ထုတ်လုပ်နေတဲ့ Bear Flag Robotics ကုမ္ပဏီကို John Deere ကုမ္ပဏီမှ ဒေါ်လာ သန်း ၂၅၀ ဖြင့် ဝယ်ယူလိုက်တယ်လို့ prnewswire သတင်းမီဒီယာအရ သိရပါတယ်။
ဒါဟာ အလိုအလျှောက် လယ်ယာသုံး စက်ပစ္စည်းများကို ပိုမို ထုတ်လုပ်နိုင်ဖို့အတွက် လမ်းစ တခု ဖြစ်ပါတယ်။
Silicon Valley တွင် အခြေစိုက်သည့် Bear Flag Robotics ကုမ္ပဏီဟာ ထရပ်တာ နှင့် အခြား လယ်ယာသုံး စက်ပစ္စည်းများအတွက် အလိုအလျှောက် မောင်းနှင်မှုစနစ်တွေ ထုတ်လုပ်နိုင်ဖို့ ၂၀၁၇ ခုနှစ်တွင် တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။
John Deere မှ နည်းပညာ အရာရှိချုပ် Jahmy Hindman က “ဒီသဘောတူညီချက်ဟာ လယ်သမားတွေကို ဖြေရှင်းချက်တွေ မြန်မြန် ဆန်ဆန် ဖြန့်ဝေပေးနိုင် ပါလိမ့်မယ်” လို့ ပြောပါတယ်။
Bear Flag Robotics ကုမ္ပဏီ၏ တည်ထောင်ခြင်း ကြေငြာချက်တွင် ၎င်းဟာ သီးနှံ ထုတ်လုပ်မှု တိုးတက်စေရန်နှင့် ကုန်ကျစရိတ် လျှော့ချစေနိုင်ရန် ရည်ရွယ်တယ်လို့ ကြေငြာခဲ့တာပါ။
၎င်းဟာ ၃၆၀ ဒီဂရီ ပတ်လည် အချိန်နှင့် တပြေးညီ ဗီဒီယိုပုံရိပ်များ နှင့် ကြည့်ရှုနိုင်တဲ့ အလိုအလျှောက် မောင်းနှင်တဲ့ လယ်ယာသုံး ထရပ်တာတွေကို ထုတ်လုပ်နိုင်ခဲ့ပါတယ်။

အချိန်နှင့် တပြေးညီ ထရပ်တာ အလုပ်လုပ်နေပုံကို ကြည့်ရှုနိုင်သောကြောင့် တခုခု အမှားအယွင်းရှိပါက အချိန်မှီ လူမှ ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။
အလိုအလျှောက် စက်ရုပ်စနစ်များ၊ အာရုံခံ ကိရိယာ ပေါင်းစပ်မှုများ၊ မြင်ကွင်းနှင့် ဒေတာ အချက်အလက်များ ဆိုင်ရာ ကျွမ်းကျင်သူများပါဝင်တဲ့ Bear Flag အဖွဲ့ဟာ ယခုအခါမှာတော့ John Deere ကုမ္ပဏီအောက်တွင် အလုပ်လုပ်နေပြီ ဖြစ်ပါတယ်.
Bear Flag Robotics ၏ CEO နှင့် ပူးတွဲ တည်ဆောင်သူ Ignino Cafiero က “လယ်သမားများ ကြုံတွေ့နေရတဲ့ အကြီးဆုံး စိန်ခေါ်မှုများထဲမှ တခုကတော့ ယနေ့ခေတ်မှာ အချိန် အထိအခိုက်မခံဘဲ လယ်ယာအထွက်နှုန်းကို သက်ရောက်နိုင်တဲ့ ကျွမ်းကျင်တဲ့ လုပ်သား ရှားပါးလာမှုပဲ ဖြစ်ပါတယ်”
“အလိုအလျှောက်စနစ်များဟာ လုံခြုံစိတ်ချရပြီး၊ အထွက်တိုးစေတဲ့အတွက် အဆိုပါ စိန်ခေါ်မှုကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းတခုကို ပေးစွမ်းပါတယ်” လို့ ပြောပါတယ်.
John Deere ဟာ Bear Flag ကို ဝယ်ယူမှု မပြုလုပ်ခင် ၎င်းကုမ္ပဏီနှင့် ၂၀၁၉ ခုနှစ်မှ စတင်ပြီး အတူတကွ အလုပ်လုပ်ခဲ့တာပါ။
မကြာသေးမီ လပိုင်း နှစ်ပိုင်းများအတွင်း John Deere ကုမ္ပဏီဟာ ၎င်းတို့၏ အလိုအလျှောက် လယ်ယာသုံး စက်ပစ္စည်း နည်းပညာများအပေါ် ပိုမို တိုးတက် အာရုံစိုက်လာခဲ့တာပဲ ဖြစ်ပါတယ်။

Bear Flag နှင့် တွဲဖက်ပြီး အလုပ် စတင်လုပ်ဆောင်တဲ့ နှစ်အတွင်းမှာဘဲ John Deere ဟာ လျှပ်စစ်စွမ်းအင်သုံး ဒေါင်လိုက်အတက်အဆင်း လေယာဉ်များ ထုတ်လုပ်တဲ့ Volovopter ကုမ္ပဏီနှင့် အလိုအလျှောက် ပျိုးကြဲ ဒရုန်းများ ထုတ်လုပ်ဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။
John Deere ဟာ ကမ္ဘာ့ပေါ်တွင် အလိုအလျှောက် လယ်ယာသုံး စက်ပစ္စည်း နည်းပညာများတွင် ဦးဆောင်နေတဲ့ ကုမ္ပဏီ တခု ဖြစ်ပါတယ်။
ဒီနှစ် အစောပိုင်းလောက်မှာ Carbon Robotics ကုမ္ပဏီဟာလည်း ပေါင်းပင်များကို လေဆာရောင်ခြည်အသုံးပြုကာ ရှင်းလင်းစေနိုင်သည့် အလိုအလျှောက်စနစ်သုံး စက်ရုပ်စနစ်တခုကို ပြသခဲ့ပါသေးတယ်။
“လက်ကို အသုံးပြုစရာမလိုတဲ့ လယ်ယာ” စီမံကိန်းကို ဩစတေးလျ နိုင်ငံမှာ ဆောင်ရွက်နေပြီး ၎င်းဟာ နိုင်ငံ၏ ပထမဆုံးသော အပြည့်အဝ အလိုအလျှောက်စနစ်သုံး လယ်ကွင်း ဖြစ်လာမှာ ဖြစ်ပါတယ်။
စက်ရုပ်များဟာ အနာဂါတ်တွေ လူသားတို့၏ အလုပ်အကိုင်ပေါင်း များစွာကို ယူငင်သွားမှာ ကြောက်ကြပေမယ့် ကမ္ဘာ့ စီးပွားရေး ဖိုရမ်မှ အလိုအလျှောက်စနစ်များအတွက် လာမယ့် နှစ်များမှာ အလုပ်အကိုင်ပေါင်း ၉၇ သန်းလောက် ဖန်တီးနိုင်လိမ့်မယ်လို့ ဖော်ပြထားပါတယ်။
အဲဒီ့အထဲမှာ ထရပ်တာ မောင်းနေတဲ့ လယ်သမားတွေအစား ဖန်သားမျက်နှာပြင်၏ နောက်ကွယ်တွင် ထိန်းချုပ် အလုပ်လုပ်နေမည့် အနာဂါတ် လယ်သမားများ ပါဝင်နေမှာတော့ အသေအချာပဲ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။