ရေရှည် တည်တံ့သည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်း အတွက် ဗြိတိန် စိုက်ပျိုးရေး နည်းပညာ ကုမ္ပဏီ တခု ဖြစ်သည့် Small Robot Company (SRC) ဟာ ၎င်း၏ တွမ်၊ ဒစ်ခ် နှင့် ဟယ်ရီ လို့ခေါ်တဲ့ အလိုအလျှောက် စနစ်ပါ စက်ရုပ်များကို မိတ်ဆက်ခဲ့ပါတယ်။
အဆိုပါ စက်ရုံများဟာ အလိုအလျှောက် စနစ်ကို အသုံးပြုပြီး ပေါင်းပင်များကို ရှာဖွေ ရှင်းလင်းနိုင်တဲ့ စွမ်းရည်ရှိပါတယ်။
ဒါ့ကြောင့် အဆိုပါ စိုက်ပျိုးရေးသုံး စက်ရုပ်များဟာ အန္တရာယ်ရှိသည့် ဓာတုပစ္စည်းများ နှင့် အကြီးစား စက်ယန္တရားများ အသုံးပြုမှုကို လျှော့ချနိုင်ပြီး ရေရှည်တည်တံ့သည့် သီးနှံစိုက်ပျိုးရေးဆိုင်ရာ ချဉ်းကပ်မှုအသစ်အတွက် လမ်းခင်းပေးနိုင်ပါတယ်။
ဒီ ကုမ္ပဏီဟာ အလိုအလျှောက် ပေါင်းပင် ရှင်းလင်းတဲ့ စက်ရုပ်များ ကို ထုတ်လုပ်နိုင်ဖို့ ၂၀၁၇ ခုနှစ်ကတည်းက လုပ်ဆောင်နေတာဖြစ်ပြီး ဒီနှစ် ဧပြီလတွင် ပထမဆုံး လုပ်ငန်းသုံး စက်ရုပ် တွမ် ကို တရားဝင် မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။
နောက်ထပ် စက်ရုပ် ၂ မျိုးထဲမှ ဒစ်ခ် ဟာ ရှေ့ပြေးပုံစံ အဆင့်မှာ ရှိနေပြီး ဟယ်ရီ ကတော့ ဖွံ့ဖြိုးတိုးတက်မှု အဆင့်မှာပဲ ရှိပါသေးတယ်။

စက်ရုပ် တွမ် ဟာ တနေ့လျှင်၂၀ ဟက်တာလောက်ရှိတဲ့ မြေပြင်ကို စစ်ဆေး ဖတ်ရှုနိုင်ပြီး 6TB လောက်ရှိတဲ့ သီးနှံအချက်အလက်တွေကို ၈ နာရီအတွင်း ကောက်ယူကာ Wilma လို့ခေါ်တဲ့ ဥာဏ်ရည်တု စနစ်ကို အသုံးပြုပြီး မလိုလားအပ်သည့် ပေါင်းပင်များကို တွေ့ရှိနိုင်စွမ်း ရှိပါတယ်။
ထိုမှတဆင့် စက်ရုပ် ဒစ်ခ် ဆီသို့ အချက်အလက်များကို ပေးပို့ကာ ၎င်းမှ ပေါင်းပင်များကို လျှပ်စစ်ဓာတ်ဖြင့် ရှင်းလင်းပေးပြီး စက်ရုပ် ဟယ်ရီ မှ ပေါင်းပင်ကင်းစင်တဲ့ မြေပေါ်မှာ မျိုးစေ့များ စိုက်ပျိုးပေးမှာ ဖြစ်ပါတယ်။
စောင့်ကြည့်ရေး စက်ရုပ်ကို လယ်မြေတွင် ဦးစွာ ထားရှိမှာ ဖြစ်ပြီး လိုအပ်သည်များကို အချက်အလက်ဖြင့် ပြသမှသာ ပေါင်းသင် နှင့် စိုက်ပျိုး စက်ရုပ်များကို ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။
ကုမ္ပဏီဟာ ကုန်ကျစရိတ်ကို ၄၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ပြီး ဓာတုအသုံးပြုမှုကို ၉၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ကာ ပိုမိုကောင်းမွန်တဲ့ မြေဆီလွှာအရည်အသွေးနှင့် ပိုမိုကောင်းမွန်တဲ့ စောင့်ရှောက်မှုကို ရရှိစေရမယ်လို့ လယ်သမားများကို ကတိပြုထားပါတယ်။

အနာဂါတ်မှာ တွမ် ဟာ မြေဆီလွှာ ကျန်းမာရေးနှင့် ဇီဝထိန်းသိမ်း စောင့်ရှောက်မှုကို အကဲဖြတ်ဖို့ ငှက်သံနှင့် ဝတ်မှုံကူးသည့် တိရစ္ဆာန်များအတွက် မိုက်ခရိုဖုန်းနှင့် အာရုံခံကိရိယာများကို အသုံးပြုကာ အရင်းအမြစ်များစွာမှ အချက်အလက်များကို စုဆောင်းမှာ ဖြစ်ပါတယ်။
မျိုးဆက်သစ် စက်ရုပ် တွမ် တွင် 5K ကင်မရာစွမ်းရည် နှင့် ဘက်ထရီ သက်တမ်းကို တိုးမြှင့်ထားပါတယ်။
ဧပြီလအတွင်း အောင်မြင်သော ကွင်းဆင်း စမ်းသပ်မှုများ အပြီးမှာ တွမ် နှင့် ဒစ်ခ် တို့ဟာ ပေါင်းပင် အမျိုးအစား အမျိုးမျိုးကို ရှင်းလင်းဖို့ လိုအပ်သည့် အားကို ပိုမို အသေးစိတ် လေ့လာနိုင်မှာ ဖြစ်ပြီး နောက်ထပ် စမ်းသပ်မှုများတွင် ပါဝင်မှာ ဖြစ်ပါတယ်။
တွမ်ကို လက်ရှိမှာ လုပ်ငန်းသုံး သတ်မှတ်ချက်များအရ ပေးပို့ထားပြီး ၂၂,၀၀၀ ဟက်တာ လောက်ရှိတဲ့ ဗြိတိန်ရှိ လယ်မြေ ၁၀၀ ကျော်ကို ၂၀၂၃ ခုနှစ်မှာ ဝန်ဆောင်မှု ပေးသွားမှာ ဖြစ်ပါတယ်။
အဲဒီကနေပြီး လယ်မြေ ၆၂,၀၀၀ ဟက်တာလောက်အထိရှိမယ့် ဗြိတိန်၊ မြောက်အမေရိက နှင့် တောင် အမေရိကန် လယ်ယာမြေများအထိ ၂၀၂၄ ခုနှစ်မှာ တိုးချဲ့ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။