B-21 ရေဒါပျောက် ဗုံးကြဲလေယာဉ်များ ထုတ်လုပ်မှု ၅ စင်းအထိ ရှိလာသည့် အကြောင်း

Military News

အမေရိကန် လေတပ်တွင် လက်ရှိ ထုတ်လုပ်နေဆဲ B-21 Raider ရေဒါပျောက် ဗုံးကြဲလေယာဉ်သစ် အစင်းရေ ၅ စင်း အထိ ရှိလာပြီ ဖြစ်တယ်လို့ သိရပါတယ်။

ဒီအကြောင်းကို စက်တင်ဘာလ ၂၀ ရက်နေ့က လေတပ်တွင် အလုပ်လုပ်နေသည့် ထိပ်ပိုင်း လူတဦးမှ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာက ဗုံးကြဲလေယာဉ် အုပ်စုများအတွက် ရင်းနှီးမြှုပ်နှံမှုတွေကို ရှောင်ရှားခဲ့ပေမယ့် အခုတော့ အလျှင်အမြန် ပြောင်းလဲလာပါပြီ” လို့ လေတပ် အတွင်းရေးမှူး ဖရန့် ကန်ဒဲလ် မှ လေကြောင်း၊ အာကာသနှင့် ဆိုက်ဘာ ကွန်ဖရန့်တွင် တက်ရောက်လာသူများကို ပြောကြားခဲ့ပါတယ်။

“ကျွန်တော်ပြောသလို အခု ကယ်လီဖိုးနီးယား ပြည်နယ် Palmdale မှာရှိတဲ့ လေတပ်စက်ရုံ အမှတ် ၄၂ ရှိ B-21 ထုတ်လုပ်မှုလိုင်းတွင် စမ်းသပ် ထုတ်လုပ်နေတဲ့ လေယာဉ် ၅ စင်း ရှိပါတယ်”

“ခင်ဗျားတို့ဟာ ဒီစီမံကိန်းတွေအကြောင်း အကောင်းမြင်တဲ့ ခန့်မှန်းချက်တွေ ကြားဖူးကြမှာ မဟုတ်ပါဘူး။ စီမံကိန်းတွေအားလုံး လိုလိုဟာ အန္တရာယ်ရှိတတ်ပြီး B-21 ဟာလည်း အတူတူပဲ ဖြစ်ပါတယ်”

“ဒါပေမယ့် အနည်းဆုံးတော့ အခု စီမံကိန်းကတော့ စစ်မှန်တဲ့ လက်တွေ့ လုပ်ဆောင်နိုင်စွမ်းကို ကောင်းမွန် တိုးတက် စေပါတယ်” လို့ ၎င်းက ဆက်ပြောပါတယ်။

ယခင်က လေတပ်ဟာ B-21 ၂ စင်းကို ထုတ်လုပ်နေတယ်လို့ အတည်ပြုထားပြီး အခုတော့ ၂၀၂၂ တွင် ပထမဆုံး ပျံသန်းနိုင်ဖို့ အရှိန်မြှင့်တင်လာသည့် လက္ခဏာပဲ ဖြစ်ပါတယ်။

အမေရိကန်လေတပ်ဟာ B-21 အနည်းဆုံး အစင်းရေ ၁၀၀ လောက် ဝယ်ယူဖို့ စီစဉ်ထားပြီး ၂၀၂၅ ဝန်းကျင်လောက်တွင် စတင် တာဝန် ထမ်းဆောင် နိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

အခုထိတော့ Northrop Grumman ဟာ ၎င်း၏ ပထမဆုံး B-21 တည်ဆောက်မှု ပြီးစီးရန် မည်မျှ နီးစပ်နေသည်ကိုတော့ ရှင်းရှင်း လင်းလင်း မသိရသေးပါဘူး။

ဇန်နဝါရီလအတွင်းက B-21 အစီအစဉ်ကို စီမံ ကွပ်ကဲနေသည့် အမေရိကန်လေတပ်၏ ညွှန်ကြားရေးမှုးတစ်ယောက်ဖြစ်တဲ့ Randall Walden က “ပထမဆုံး လေယာဉ်၏ နောက်ဆုံး တပ်ဆင်မှုတွေကို မစတင်သေးသော်လည်း ဗုံးကြဲလေယာဉ် တစင်းပုံစံတော့ ရုပ်လုံး ပေါ်စ ပြုနေပြီ” လို့ ပြောကြားခဲ့ပါတယ်။

၎င်းကဆက်ပြီး ဒုတိယမြောက် B-21 ထုတ်လုပ်မှုကိုလည်း ကယ်လီဖိုးနီးယားမှာရှိတဲ့ Northrop Grumman မှာ စတင်ဖို့ လုပ်ဆောင်နေပြီ ဖြစ် ကြောင်းနှင့် Northrop ဟာ နောက်ထပ် စမ်းသပ်လေယာဉ်တွေ ထပ်ဖြည့်နိုင်ဖို့ နေရာ စီစဉ်နေတယ်လို့လည်း ပြောခဲ့ပါတယ်။

အဲဒီ့ အရာရှိက Air Force Magazine နှင့် အင်တာဗျူးစဉ်အတွင်း ဒီဇင်ဘာ ၂၀၂၁ လောက်မှ ပထမဆုံး စတင်ပျံသန်းနိုင်မယ်လို့ ခန့်မှန်းခဲ့ပေမယ့် ဒီ လျှို့ဝှက် B-21 ဟာ၂၀၂၂ နှစ်လယ်လောက်မှသာ ပျံသန်းနိုင်ဖို့ ပိုဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ပါသေးတယ်။

ဒုတိယမြောက် စမ်းသပ်ထုတ်လုပ်မယ့် လေယာဉ်မှ ကိုယ်ထည် ဖွဲ့စည်း တည်ဆောက်ပုံ ဆိုင်ရာများကို စမ်းသပ်သွားမှာ ဖြစ်တယ်လို့ ၎င်းက ပြောခဲ့ပါတယ်။

B-21 များ ၂၀၂၂ တွင် ပျံသန်းနိုင်မယ့် သတင်းကိုတော့ “အမေရိကန်၏ ထိပ်တန်းလျှို့ဝှက်လေယာဉ် B-21 ကို ၂၀၂၂ နှစ်လယ်တွင် ပျံသန်းနိုင်ဖွယ်ရှိ” ဖြင့် ဖော်ပြပြီး ဖြစ်ပါတယ်။

B-21 Raider ကို လေတပ်၏ သက်တမ်းရင့် B-1 Lance နှင့် B-2 Spirit တို့နေရာမှာ အစားထိုးသွားမှာဖြစ်ပြီး အဆိုပါ လေယာဉ် ၂ စင်းကဲ့လို့ လက်နက်မျိုးစုံ တင်ဆောင်နိုင်ပြီး ဝေးလံသောရန်သူ့နယ်မြေထဲသို့ သွားရောက်စစ်ဆင်နိုင်မှာပါ။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *