အမေရိကန်၏ မျိုးဆက်သစ် မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်သစ်ဖြစ်တဲ့ B-21 ကို ထုတ်လုပ်နိုင်ဖို့ ၂၀၁၅ ခုနှစ် က တည်းက စတင်ခဲ့တာပါ။
ထိုကာလအတွင်း အမေရိကန်လေတပ်ဟာ လေယာဉ်များကို တည်ဆောက်ရာတွင် မြန်ဆန်နိုင်မည့် နည်းပညာများကိုပါ ရှာဖွေနိုင်ခဲ့ပါတယ်။
အခုတော့ နျူကလီးယား လက်နက်များကို တင်ဆောင်နိုင်တဲ့ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ် B-21 ကို တရားဝင်အားဖြင့် ပြသလိုက်ပြီ ဖြစ်ပါတယ်။
ဒီလေယာဉ်ကို အမေရိကန် လေတပ်တွင် ပိုင်ဆိုင်ထားသည့် အကြီးစား ဗုံးကြဲလေယာဉ်ကြီးများ နေရာမှာ အစားထိုး သွားဖို့ ရှိပြီး အစင်းရေ ၁၀၀ အထိ ထုတ်လုပ်ဖို့ စီစဉ်ထားပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ် Edwards လေတပ် အခြေစိုက်စခန်းတွင် တင်းကြပ်စွာ ကျင်းပခဲ့သည့် ပွဲမှာ ကာလကြာရှည်စွာ စောင့်မျှော်နေတဲ့ နောက်ဆုံးပေါ် လေယာဉ်ကြီးကို ပြသခဲ့တာပါ။

Image: Courtesy of Northrop Grumman
တက်ရောက်သူများဟာ တေးဂီတသံများ အကြား ကြီးမားတဲ့ အဝတ်ကြီးအောက်မှာ ဖုံးအုပ်ထားတဲ့ လေယာဉ်ကို ဖြေးညင်းစွာ ပွင့်လာတဲ့ လေယာဉ်ရုံ တံခါးမှတဆင့် စတင် မြင်တွေ့ခဲ့ရတာပါ။
အဲဒီ့နောက် မြေပြင်အမှုထမ်းများ၏ အထူးကြီးကြပ်မှုအောက်တွင် B-21 ကို ဖြည်းညင်းစွာ ရှေ့သို့ ဆွဲလာ ခဲ့ကြပါတယ်။
အလင်းရောင် ခပ်မှိန်မှိန်သာ ထားရှိပေမယ့် လေယာဉ်သစ်၏ ပုံသဏ္ဍာန်ဟာ ယခင်က ဖော်ပြခဲ့ကြသလို B-2 နှင့် ခပ်ဆင်ဆင် ရှိနေပါတယ်။
လေယာဉ်ကို ထုတ်လုပ်သည့် Northrop Grumman ကတော့ ဒီလေယာဉ်ဟာ ကမ္ဘာ့ ပထမဆုံး ဆဌမ မျိုးဆက် လေယာဉ် အမျိုးအစား ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
အဆင့်မြင့် အချက်အလက် ပေါင်းစပ်မှုများ၊ အာရုံခံ ကိရိယာများ၊ လက်နက်များ အပြင်နှင့် လိုအပ်ပါက လိုသလို အဆင့်မြှင့်တင်နိုင်မည့် open-architecture ဒီဇိုင်းဖြင့် အနာဂါတ်အတွက်ပါ အဆင့်သင့် ရှိနေပြီ ဖြစ်ပါတယ်။

Image: Courtesy of US Airforce
အသေးစိတ် အချက်အလက်များကို မဖော်ပြသေးပေမဲ့ F-35 တိုက်လေယာဉ်များမှ ရရှိထားသည့် အင်ဂျင်နည်းပညာ နှင့် ရေဒါလျှော့ချသည့် သုတ်ဆေးများကို အဆင့်မြှင့်တင် အသုံးပြုထားဖွယ် ရှိတာကြောင့် ယခင် ပဥ္စမမျိုးဆက် လေယာဉ်များထက် သာလွန်မှာ အသေအချာပါပဲ။
B-21 လေယာဉ်သစ်ဟာ လက်ရှိ အမေရိကန်၏ ဗုံးကြဲလေယာဉ်ကြီးများ ဖြစ်တဲ့ B-1B၊ B-2 နှင့် B-52 တို့နှင့် အတူ တာဝန်ထမ်းဆောင်မှာ ဖြစ်ပြီး ၂၀၅၀ ခုနှစ်မှာတော့ B-21 များကို ယခင်လေယာဉ်များနှင့် အစားထိုးမှာပါ။
သို့ပေမဲ့ စစ်အေးကာလ နောက်ပိုင်း အမေရိကန်၏ ဗုံးကြဲလေယာဉ် အင်အားဟာ အတော်လေး ကျဆင်းခဲ့ပြီး တချိန်ထဲမှာ အကြီးစား ဗုံးကြဲလေယာဉ် ၁၅ စင်း ခန့်သာ အသုံးပြုနိုင်တဲ့ အထိ ကျဆင်းခဲ့ပါတယ်။
လက်ရှိ ပြောင်းလဲလာတဲ့ အခြေအနေများကြောင့် Northrop Grumman ဟာ ဒစ်ဂျစ်တယ် အင်ဂျင်နီယာ နည်းပညာဖြင့် လေယာဉ်ထုတ်လုပ်မှု ကြာမြင့်ချိန်ကို များစွာ လျှော့ချနိုင်ခဲ့ပြီး B-21 များ ထုတ်လုပ်မှုဟာလည်း ထင်ထားတာထက် ပိုမို မြန်ဆန်ခဲ့ပါတယ်။

B-2 နှင့် B-21 နှိုင်းယှဉ်ထားပုံ
ထိုကဲ့သို့ မြန်ဆန်လာခဲ့သော်လည်း ၂၀၃၀ ခုနှစ်အထိတောင်မှ B-21 များကို အပြည့်အဝ အသုံးချနိုင်ဦးမှာ မဟုတ်ပါဘူး။
အကြောင်းကတော့ ထိုလေယာဉ်များအတွက် နိုင်ငံရပ်ခြားတွင် လိုအပ်သည့် ထောက်ပံ့ရေးဆိုင်ရာ အခြေစိုက်စခန်းများ အဆင့်မြှင့်တင်ဖို့လည်း လိုအပ်သေးလို့ ဖြစ်ပါတယ်။
လေယာဉ်သစ်ဟာ မြေပြင်၊ ရေပြင်၊ ဝေဟင် နှင့် အာကာသ စစ်ပွဲများ အတွက် ကွန်ယက်ဖြင့် ချိတ်ဆက်နိုင်ပြီး နည်းပညာများ ဖွံ့ဖြိုးလာတိုင်း အဆင့်မြှင့်တင်နိုင်ဖို့ ဒီဇိုင်းဆွဲထားပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။