နှစ်ပေါင်း ၁၀၀ လောက်အထိ တာဝန်ထမ်းဆောင်နိုင်တော့မယ် အံ့မခန်း B-52 ဗုံးကြဲလေယာဉ်ကြီးများ

Article Military

အမေရိကန် လေတပ်၏ B-52H မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်များဟာ ရာစုနှစ် တခုလောက်တောင် တာဝန်ထမ်းဆောင်နိုင်ဖို့ လမ်း ကြောင်းပေါ် ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။

လေတပ်မှ B-52 ဗုံးကြဲလေယာဉ်များအတွက် အင်ဂျင်အသစ်ပေါင်း ၆၀၀ ကျော်လောက် ဝယ်ယူဖို့ အလိုရှိနေပြီး အဲဒီ့ အင်ဂျင်များဟာ B-52 များကို ၂၀၅၀ ခုနှစ်များအထိ ပျံသန်းနိုင်ဖို့ အထောက်အကူ ပြုစေမှာပါ။

ဒါ့ကြောင့် ၁၉၆၀ ခုနှစ်များ ကတည်းက ဗုံးများကြဲနေတဲ့ လေယာဉ်ကြီးများကို ၂၀၆၀ ခုနှစ်များ အစောပိုင်းကာလ အထိ ဗုံးကြဲနေတာကို မြင်ရနိုင်ဖွယ် ရှိပါတယ်။

လက်ရှိ လေတပ်တွင် အသုံးပြုနေသည့် B-52H မျိုးကွဲများဟာ စစ်အေးကာလက တည်ဆောက်ခဲ့တဲ့ ၇၄၄ စင်းရှိတဲ့ B-52 ဗုံးကြဲလေယာဉ်များ၏ နောက်ဆုံး မျိုးဆက်များ ဖြစ်ပါတယ်။

လက်ရှိမှာ B-52 “H” မျိုးကွဲ စုစုပေါင်း ၇၅ စင်းခန့် တာဝန်ထမ်းဆောင်နေပြီး ၅၇ စင်းဟာ လေတပ်တွင် တာဝန်ထမ်းဆောင်နေကာ အခြား ၁၈ စင်းကတော့ အရံအနေဖြင့် ထားရှိပါတယ်။

အဲဒီ့ ဗုံးကြဲလေယာဉ်ကြီးများကို ၁၉၆၁ ခုနှစ် မေလ မှ ၁၉၆၂ ခုနှစ် အောက်တိုဘာလကြားမှာ ထုတ်လုပ်ခဲ့တာ ဖြစ်ပြီး မူလက နျူကလီး ယား ဗုံးကြဲလေယာဉ်ကြီးများ အဖြစ် ရည်ရွယ်ပြီး ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ့နောက်မှာတော့ B-52H ၏ စစ်ဆင်ရေးများကို ဆယ်စုနှစ်များအတွင် ချဲ့ထွင်ခဲ့ပြီး “ဗျူဟာမြောက် နျူကလီးယား တိုက်ခိုက်ရေး၊ အနီး ကပ်လေကြောင်း ပစ်ကူ၊ လေကြောင်းတားဆီးမှု၊ လေကြောင်းတန်ပြန် တိုက်စစ်ဆင်မှု နှင့် ပင်လယ်ပြင်စစ်ဆင်ရေး ” စသည့် စစ်ဆင်ရေးများကို လုပ်ဆောင်နိုင်လာပါတယ်။

B-52 များ၏ စွယ်စုံရမှုကြောင့် ခေတ်သစ် အမေရိကန်လေတပ်၏ တန်ဖိုးထားခြင်းကို ခံရပြီး တတ်နိုင်သမျှ ကာလ ကြာရှည်စွာ အသုံးပြုနိုင်ဖို့ရာ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

၎င်း၏ ကိုယ်ထည်တွင် ပေါင်ချိန် ၇ သောင်း လောက်ရှိတဲ့ လေဆာ လမ်းညွှန်ဗုံးများ၊ GPS လမ်းညွှန်သုံးဗုံးများ၊ ပဲ့ထိန်းမဲ့ဗုံး များ အပြင် JASSM ဝေဟင်မှ ပစ်လွှတ်သည့် ခရုဇ် ဒုံးကျည်များ ကို တင်ဆောင်နိုင်ပြီး ရေအောက်မိုင်းများကို ကြဲချနိုင်ပါတယ်။

နျူကလီးယား စစ်ဆင်ရေးမှာတော့ ဝေဟင်မှ ပစ်လွှတ်သည့် AGM-86B ခရုဇ် ဒုံးကျည်များကို တင်ဆောင် စစ်ဆင်နိုင်ပါတယ်။

B-52 ဟာ ၎င်း၏ ပိုမိုသစ်လွင်ပြီး စွမ်းဆောင်ရည်မြင့်ကာ ဆီစား သက်သာတဲ့ အင်ဂျင်သစ်များကြောင့် B-1B Lancer နှင့် B-2 Spirit ရေဒါပျောက် ဗုံးကြဲလေယာဉ်များထက် သက်တမ်းပိုမို ကြာရှည်စွာ ပျံသန်းနေ ဦးမှာပါ။

B-52 လေယာဉ်များကို Pratt & Whitney TF33-PW-103 အင်ဂျင် ၈ လုံး တပ်ဆင်ထားပြီး ၁၉၆၀ ခုနှစ်များက အသုံးပြုခဲ့တဲ့ လေယာဉ်များ၏ အင်ဂျင်များနှင့် အတူတူဘဲ ဖြစ်ပါတယ်။

အဆိုပါ အင်ဂျင်များဟာလည်း အလွန်ကောင်းမွန်တဲ့ အင်ဂျင်များဖြစ်ပြီး လောင်စာဆီ ထပ်မံ ဖြည့်တင်းစရာ မလိုဘဲ မိုင်ပေါင်း ၈,၈၀၀ လောက်အထိ စစ်ဆင်နိုင်ပါတယ်။

TF-33 လို ရာစုနှစ်ဝက် လောက် သက်တမ်းရှိတဲ့ အင်ဂျင်များလို ကောင်းတဲ့ Turbofan နည်းပညာဟာ ပိုမို စွမ်းအားကောင်းကာ၊ ပိုမို ဆီစားသက်သာပါတယ်။

အဲဒီ့လို တီထွင် စမ်းသစ်မှုတွေဟာ အရပ်ဖက်သုံး လေကြောင်းစက်မှု လောကမှ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပြုလွှာမူကြမ်းမှ အမေရိကန် လေတပ်၏ B-52 လေယာဉ်များအတွက် အင်ဂျင်ရွေးချယ်မှုကို တွေ့ရပါတယ်။ ၎င်းတို့ဟာ ပိုမို အသံငြိမ်ပြီး၊ ပျံသန်းစရိတ် ပိုမို သက်သာတာတဲ့ အင်ဂျင် မျိုးကို အလိုရှိနေတာပါ။

အဆိုပါမူကြမ်းတွင် ပါဝင်သည့် အင်ဂျင်များ စာရင်းတွင် Pratt & Whitney၊ Rolls-Royce နှင့် GE အင်ဂျင်များ ပါဝင် နေတာကို Flightglobal အရ သိရပါတယ်။

အဓိက လိုအပ်ချက်ကတော့ လောင်စာဆီစားနှုန်း ဖြစ်ပါတယ်။ Flightglobal အရ လေတပ်ဟာ ပေါင် ၁၇,၀၀၀ လောက်တွန်းအား ပေးနိုင်တဲ့ TF-33 ကို အခြေခံပြီး ဒီ့ထက် ပိုကောင်းတဲ့ အင်ဂျင်မျိုးကို အလိုရှိနေတာ ဖြစ်ပါတယ်။

ဆိုလိုတာက အင်ဂျင်အသစ်ဟာ လက်ရှိ B-52 ၏ စစ်ဆင်နိုင်သည့် အကွာအဝေး ၈,၈၀၀ မိုင်ထက် ၂၀ ရာခိုင်နှုန်း မှ ၄၀ ရာခိုင်နှုန်းအထိ တိုးတက်စေရမှာဖြစ်ပြီး လောင်စာဆီ ထပ်မံ မဖြည့်တင်းဘဲ မိုင် ၁၂,၃၂၀ လောက်အထိ ရောက်နိုင်မယ့် သဘော ဖြစ်ပါတယ်။

ဒါဟာ B-52H များကို ကမ္ဘာပေါ်ရှိ မည်သည့်နေရာမဆို သွားရောက် စစ်ဆင်နိုင်စေမှာ ဖြစ်ပါတယ်။

အမေရိကန် လေတပ်ဟာ ၁၇ နှစ်ကျော် ကာလအတွင်း ၇၅ စင်းသော B-52 လေယာဉ်များကို ဆက်လက် ပျံသန်းနိုင်စေဖို့ အင်ဂျင်ပေါင်း ၆၀၈ လုံးလောက် အပါအဝင် အပိုပစ္စည်းနှင့် ပြုပြင် ထိန်းသိမ်းရေး ပစ္စည်းများကို အလိုရှိနေပါတယ်။

လက်ရှိမှာ B-52 များဟာ သက်တမ်း ဆယ်စုနှစ် ၆ ခု လောက်ရှိနေပေမယ့် ပျံသန်းနိုင်တဲ့ နာရီပေါင်း ထောင်ချီပြီး ကျန်နေပါသေးတယ်။ (လေယာဉ် သက်တမ်းများကို နာရီဖြင့် သတ်မှတ်ထားပါတယ်)

B-52H လို မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်ကြီးများ၏ ပျံသန်းမှု ကုန်ကျစရိတ် အရမ်းများမလာသရွေ့ ၎င်းတို့ကို နှစ်ပေါင်း ၁၀၀ လောက်တောင် တာဝန်ထမ်းဆောင်နိုင်တာကို မြင်ရမှာ အသေအချာပဲ ဖြစ်ပါတယ်။

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *