အင်ဂျင်သစ်ကြောင့် နှစ်ပေါင်း ၁၀၀ လောက်အထိ မြင်ရတော့မယ် B-52 လေယာဉ်ကြီးများ

Military News

လေယာဉ်အင်ဂျင် လဲလှယ်မှု အစီအစဉ်အရ အမေရိကန်လေတပ်ဟာ ၎င်းတို့၏ မဟာ ဗျူဟာမြောက် နျူကလီးယား လက် နက် တင်ဆောင် စစ် ဆင်နိုင်သည့် B-52 Stratofortress များအတွက် အင်ဂျင်သစ် ကို ရွေးချယ်ထားပြီး ဖြစ်ပါတယ်။

အဲဒီ့ အင်ဂျင်သစ်ကို မြောက်အမေရိက ရိုးရွိုက်စ် Rolls-Royce မှ ထုတ်လုပ်ပေးမှာဖြစ်ပြီး ဒီ B-52 လေယာဉ်ကြီးတွေ အ တွက် နောက်ထပ် နှစ် ၃၀ အတွင်း အင်ဂျင် သစ်များကို ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။

လက်ရှိ လေတပ်တွင် အသုံးပြုနေသည့် B-52H မျိုးကွဲများဟာ စစ်အေးကာလက တည်ဆောက်ခဲ့တဲ့ ၇၄၄ စင်းရှိတဲ့ B-52 ဗုံးကြဲလေယာဉ်များ၏ နောက်ဆုံး မျိုးဆက်များ ဖြစ်ပါတယ်။

လက်ရှိမှာ B-52 “H” မျိုးကွဲ စုစုပေါင်း ၇၅ စင်းခန့် တာဝန်ထမ်းဆောင်နေပြီး ၅၇ စင်းဟာ လေတပ်တွင် တာဝန်ထမ်းဆောင်နေကာ အခြား ၁၈ စင်းကတော့ အရံအနေဖြင့် ထားရှိပါတယ်။

အဲဒီ့ ဗုံးကြဲလေယာဉ်ကြီးများကို ၁၉၆၁ ခုနှစ် မေလ မှ ၁၉၆၂ ခုနှစ် အောက်တိုဘာလကြားမှာ ထုတ်လုပ်ခဲ့တာ ဖြစ်ပြီး မူလက နျူကလီး ယား ဗုံးကြဲလေယာဉ်ကြီးများ အဖြစ် ရည်ရွယ်ပြီး ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

B-52 များ၏ စွယ်စုံရမှုကြောင့် ခေတ်သစ် အမေရိကန်လေတပ်၏ တန်ဖိုးထားခြင်းကို ခံရပြီး တတ်နိုင်သမျှ ကာလ ကြာ ရှည် စွာ အသုံးပြုနိုင်ဖို့ရာ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

၎င်း၏ ကိုယ်ထည်တွင် ပေါင်ချိန် ၇ သောင်း လောက်ရှိတဲ့ လေဆာ လမ်းညွှန်ဗုံးများ၊ GPS လမ်းညွှန်သုံးဗုံးများ၊ ပဲ့ထိန်းမဲ့ဗုံး များ အပြင် JASSM ဝေဟင်မှ ပစ်လွှတ်သည့် ခရုဇ် ဒုံးကျည်များ ကို တင်ဆောင်နိုင်ပြီး ရေအောက်မိုင်းများကို ကြဲချနိုင်ပါတယ်။

နျူကလီးယား စစ်ဆင်ရေးမှာတော့ ဝေဟင်မှ ပစ်လွှတ်သည့် AGM-86B ခရုဇ် ဒုံးကျည်များကို တင်ဆောင် စစ်ဆင်နိုင်ပါတယ်။

B-52 လေယာဉ်များကို လက်ရှိမှာ Pratt & Whitney TF33-PW-103 အင်ဂျင် ၈ လုံး တပ်ဆင်ထားပြီး ၁၉၆၀ ခုနှစ်များက အသုံးပြုခဲ့တဲ့ လေယာဉ်များ၏ အင်ဂျင်များနှင့် အတူတူဘဲ ဖြစ်ပါတယ်။

အဆိုပါ အင်ဂျင်များဟာလည်း အလွန်ကောင်းမွန်တဲ့ အင်ဂျင်များဖြစ်ပြီး လောင်စာဆီ ထပ်မံ ဖြည့်တင်းစရာ မလိုဘဲ မိုင်ပေါင်း ၈,၈၀၀ လောက် အထိ စစ်ဆင်နိုင်ပါတယ်။

အမေရိကန် လေတပ်ဟာ B-52H ၇၆ စင်း ၏ အင်ဂျင်လဲလှယ်မှု အစီအစဉ်ကို ၂၀၁၈ ခုနှစ်က ကြေငြာခဲ့ပြီး ၂၀၂၀ ခုနှစ် ဧပြီလတွင် အဆို ပြုလွှာများ တောင်းခံခဲ့တာပါ။

အဆိုပါ မူကြမ်းတွင် ပါဝင်သည့် အင်ဂျင်များ စာရင်းတွင် Pratt & Whitney၊ Rolls-Royce နှင့် GE အင်ဂျင်များ ပါဝင် နေတာကို Flight global အရ သိရပါတယ်။

အခုတော့ အမေရိကန်လေတပ်ဟာ Rolls Royce ၏ F130 အင်ဂျင်ကို ရွေးချယ် လိုက်ပြီး လက်ရှိ လေတပ်တွင် ရှိနေသည့် အင်ဂျင်ပေါင်း ၆၀၈ လုံး (တစင်းလျှင် ၈ လုံး) နှင့် အပို ၄၂ လုံး အပါအဝင် အမေရိကန် ဒေါ်လာ ၂.၆ ဘီလီယံလောက် သုံးစွဲမှာ ဖြစ်ပါတယ်။

အခုအချိန်ထိ F130 အင်ဂျင်ဟာ အရပ်ဖက် လေကြောင်းလိုင်းတွင် နာရီပေါင်း ၂၇ သန်းခန့် ပျံသန်းခဲ့ပြီး ဖြစ်ပါတယ်။

Rolls Royce ၏ အဆိုအရ F-130 အင်ဂျင်များဟာ B-52 များနှင့် လုံးဝ ကိုက်ညီမှု ရှိပြီး ယုံကြည်စိတ်ချရမှု၊ ပြုပြင်ထိန်းသိမ်းမှု ကုန်ကျ စ ရိတ် သက်သာမှု များတွင် သက်သေပြပြီးဖြစ်တဲ့ အင်ဂျင်များ ဖြစ်တယ်လို့ သိရပါတယ်။

B-52 များတွင် အသုံးပြုမည့် အင်ဂျင်များ၏ မျိုးကွဲများဟာလည်း ကမ္ဘာအနှံ့ ရှိ အမေရိကန်လေတပ်၏ လေယာဉ်များဖြစ်သည့် C-37 နှင့် E-11 BACN လေယာဉ်များတွင် တပ်ဆင် အသုံးပြုနေပြီး ဖြစ်ပါတယ်။

F-130 အင်ဂျင်များကို အမေရိကန်နိုင်ငံ အင်ဒီယားနားတွင် ထုတ်လုပ် စမ်းသပ်သွားမှာ ဖြစ်ပြီး B-52 လေယာဉ်ကြီးများ၏ တောင်ပံများတွင် တသက်တာ တပ်ဆင်သွားမှာဖြစ်ပါတယ်။

ဒီအင်ဂျင်များဟာ လောင်စာဆီစားနှုန်း သက်သာသည့်အတွက် ဝေဟင်မှ လောင်စာဖြည့်တင်းရန် လိုအပ်မှုကို လျှော့ချနိုင်ပြီး Rolls Royce ၏ အဆင့်အမြင့်ဆုံး အီလက်ထရောနစ် ပစ္စည်းများနှင့် ချိတ်ဆက်အသုံးပြုနိုင်မှာ ဖြစ်ကာ ပိုမို ဝေးကွာသည့် နေရာများသို့ စစ်ဆင်နိုင်မှာ ဖြစ်ပါတယ်။

လက်ရှိမှာ B-52 များဟာ သက်တမ်း ဆယ်စုနှစ် ၆ ခု လောက်ရှိနေပေမယ့် ပျံသန်းနိုင်တဲ့ နာရီပေါင်း ထောင်ချီပြီး ကျန်နေပါသေးတယ်။ (လေယာဉ် သက်တမ်းများကို နာရီဖြင့် သတ်မှတ်ထားပါတယ်)

B-52H လို မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်ကြီးများ၏ ပျံသန်းမှု ကုန်ကျစရိတ် အရမ်းများမလာသရွေ့ ၎င်းတို့ကို နှစ်ပေါင်း ၁၀၀ လောက်တောင် တာဝန်ထမ်းဆောင်နိုင်တာကို မြင်ရမှာ အသေအချာပဲ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.