ပြီးခဲ့တဲ့နှစ်က Alabama မှာ ကိုယ်ဝန် ၂၁ ပတ်ဖြင့် မွေးဖွားခဲ့တဲ့ ကလေးငယ်ဟာ ကမ္ဘာပေါ်မှာ အသက်မစေ့ဘဲ မွေးဖွား အသက်ရှင်ခဲ့ကြောင်း ကမ္ဘာ့ဂင်းနစ် စံချိန် မှတ်တမ်းများအရ သိရပါတယ်။
Curtis Means နှင့် သူ့ရဲ့အမွှာညီမ C’Asya Means တို့ကို ၂၀၂၀ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့ University of Alabama at Birmingham (UAB) ဆေးရုံမှာ မွေးဖွားခဲ့ပါတယ်။
မွေးစမှာဆိုရင် ကိုယ်ဝန် ၂၁ ပတ်နှင့် ၁ ရက်သာ ရှိသေးတဲ့ အမြွှာလေးတွေအတွက် အသက်ရှင်နိုင်ခြေ 1% အောက်သာရှိကြောင်း UAB မှ သိရပါတယ်။ ကမ္ဘာ့ဂင်းနစ်စံချိန်မှတ်တမ်းများအရ ၎င်းတို့ဟာ ၂၁ပတ်သာ ရှိသေးသဖြင့် မွေးဖွားဖို့ အချိန်မတန်သေးကြောင်း သိရပါတယ်။
“ဒီလောက်ငယ်ငယ်လေးနဲ့ မွေးလာတဲ့ ကလေးတွေမှာ အသက်ရှင်ဖို့ အခွင့်အလမ်း နည်းနည်းမှ မရှိတာကို ကိန်းဂဏန်းတွေက ပြနေပါတယ်” ဟု UAB မှ ကလေးအထူးကု ပါမောက္ခ ဒေါက်တာ Brian Sims က အမွှာမိခင် Michelle Butler ကို ပြောကြားခဲ့ပါတယ်။
C’Asya က ကုသမှုကို မတုံ့ပြန်ဘဲ မွေးဖွားတဲ့နေ့မှာဘဲ အသက်ဆုံးရှုံးခဲ့ရသော်လည်း Curtis ရဲ့နှလုံးခုန်နှုန်းနှင့် အောက်ဆီဂျင် အဆင့်များ စတင် ကောင်းမွန် လာတာကို တွေ့ခဲ့ရပါတယ်။
ကလေးငယ်ကို မွေးကင်းစကလေး အထူးကြပ်မတ်ကုသဆောင်ကို မပို့ဆောင်ခင်မှာဘဲ Curtis ရဲ့ နှလုံးခုန်နှုန်းတွေ စတင်လှုပ်ရှားလာတယ် ဟု Sims က ကမ္ဘာ့ဂင်းနစ်စံချိန်မှတ်တမ်းသို့ ပြောကြားခဲ့ပါတယ်။
Curtis ဟာ အသက်ရှုဖို့ ၊ ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိဖို့ နှင့် အာဟာရရရှိဖို့ ကူညီပေးရန်အတွက် စဉ်ဆက်မပြတ် ဆေးကုသမှုကို ခံယူခဲ့ရပါတယ်။
သုံးလလောက်ကြာတော့ ဆရာဝန်တွေက သူ့ရဲ့ အသက်ရှူ ကိရိယာတွေကို ဖယ်ရှားပေးနိုင်ခဲ့ပါတယ်။

“Curtis က သိပ္ပံနည်းကျ ထူးထူးခြားခြား အားလုံးကို အံတုခဲ့တယ်” ဟု Curtis ကို ပြုစုရာတွင် ကူညီပေးခဲ့တဲ့ Division of Neonatology မှ လက်ထောက်ပါမောက္ခ ဒေါက်တာ Colm Travers က ထုတ်ပြန်ချက်မှာ ပြောကြားထားပါတယ်။
အသက် နှင့် မွေးကင်းစ ကိုယ်အလေးချိန်တွေဟာ ကလေးအသက်ရှင်သန်နိုင်ဖို့ အဓိက ခန့်မှန်းချက် နှစ်ခုဖြစ်တယ် ဟု ဒေါက်တာ Colm Travers ဆိုပါတယ်။
Curtis ဟာ မွေးဖွားချိန်မှာ ၁၄.၈ အောင်စ (၄၂၀ ဂရမ်) သာအလေးချိန်ရှိပြီး ဒါဟာ ပျမ်းမျှ သက်တမ်းပြည့် ကလေးရဲ့ ခုနစ်ပုံ တစ်ပုံ ခန့် အလေးချိန်သာ ရှိကြောင်း ကမ္ဘာ့ဂင်းနစ်စံချိန်မှတ်တမ်းများအရ သိရပါတယ်။
တစ်နေ့ထက်တစ်နေ့ ပိုသန်မာလာခဲ့တဲ့ Curtis ဟာ ကိုးလခန့်အကြာ ဆေးရုံကဆင်းခဲ့ပါတယ်။
အစာစားပြွန်နှင့် အောက်ဆီဂျင်ဗူးကဲ့သို့သော ဆေးဝါး နဲ့ အထူးကိရိယာများလည်း ပေးဆောင်ခဲ့ပါတယ်။
သူ့ရဲ့ ပထမဆုံးမွေးနေ့ပြီးတဲ့နောက်မှာတော့ Curtis ၊ မိသားစုတွေက “Poodie” ဟုခေါ်တဲ့ သူ့ကို ကမ္ဘာ့ဂင်းနစ်စံချိန်တင်ဖို့ အရည်အချင်းပြည့်မီတယ် ဟု ပြောခဲ့ကြပါတယ်။
ဆေးရုံမှဆင်းပြီး ခြောက်လအကြာမှာ Curtis ရဲ့စောင့်ရှောက်ရေးအဖွဲ့ဟာ မွေးဖွားခဲ့တဲ့ ဆေးရုံ အပြင်ဘက်မှာ စုရုံးကာ ကမ္ဘာ့ဂင်းနစ်စံချိန်တ င်လက်မှတ်ဖြင့် Curtis ရဲ့ မိခင်ကို အံ့အားသင့်စေခဲ့ပါတယ်။
ယခင် စံချိန်ပိုင်ရှင် Richard Hutchinson ဟာ ၂၀၂၀ ခုနှစ် ဇွန်လ ၅ ရက်နေ့မှာ ကိုယ်ဝန် ၂၁ ပတ်နှင့် ၂ ရက်အကြာနဲ့ Curtis မမွေးဖွားမီ တစ်လအလိုမှာ မွေးဖွားခဲ့ပါတယ်။ Richard Hutchinson ဟာ ဒါမတိုင်ခင် ယခင် ၃၄ နှစ်ကြာ စံချိန်ကို ချိုးဖျက်ခဲ့တယ် ဟုလည်း သိရပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။