အင်္ဂါဂြိုဟ်ပေါ်ကနေ ကမ္ဘာမြေသို့ အပြန်ခရီး အတွက် ဘက်တီးရီးယားတွေနဲ့ ဒုံးပျံလောင်စာတွေကို ဖန်တီးမည့်အကြောင်း

Science Tech

အင်္ဂါဂြိုဟ်သို့ လူသားများ ပို့ဆောင်ခြင်းဟာ လူသားမျိုးနွယ်ရဲ့ အကြီးမားဆုံးသော စိန်ခေါ်မှုများထဲမှ တစ်ခု ဖြစ်နိုင်သော်လည်း ၎င်းတို့ကို ကမ္ဘာမြေကြီးထံ ပြန်လည် ပို့ဆောင်ခြင်းဟာ ပို၍ ခက်ခဲပါတယ်။

အင်္ဂါဂြိုဟ်သို့ မျိုးဗီဇ ပြုပြင်ထားတဲ့ ဘတ်တီးရီးယားများကို ပေးပို့ခြင်းဟာ အဆိုပါ ပြသနာရဲ့ ဖြေရှင်းချက် ဖြစ်နိုင်တယ်ဟု သုတေသီများက ယူဆကြပါတယ်။

NASA နှင့် SpaceX နှစ်ခုစလုံးဟာ လာမည့်ဆယ်စုနှစ်များအတွင်း အင်္ဂါဂြိုဟ်သို့ လူသားများကိုပို့ဆောင်မည့် မစ်ရှင်များကို ပုံဖော်နေကြပါတယ်။

သို့သော် အသွားအပြန်ခရီးအတွက် လောင်စာအလုံအလောက် တင်ဆောင်ခြင်းဟာ အပိုအလေးချိန်တွေ နှင့် ကုန်ကျစရိတ်တွေ သိသိသာသာတိုးမြင့်လာပြီး ကမ္ဘာမြေပေါ်သို့ ဆင်းသက်တဲ့နေရာမှာလည်း ပို၍အန္တရာယ်များစေပါတယ်။

NASAဟာ အင်္ဂါဂြိုဟ်ပေါ်တွင် လိုအပ်တဲ့ လောင်စာကို ထုတ်လုပ်နိုင်စေမည့် နည်းဗျူဟာ အမျိုးမျိုးကို စုံစမ်းစစ်ဆေးလျက်ရှိပါတယ်။ အင်္ဂါဂြိုဟ်ရဲ့လေထုဟာ ကာဗွန်ဒိုင်အောက်ဆိုဒ် ၉၅ ရာခိုင်နှုန်းရှိပြီး ဂြိုလ်ရဲ့ အချို့နေရာတွေမှာဆိုရင် ရေခဲတွေ ပေါများပါတယ်။

ဒါဟာ ဟိုက်ဒရိုကာဗွန် ဒုံးပျံလောင်စာများ ဖန်တီးဖို့အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းများ နှင့် လောင်ကျွမ်းမှုကို ပံ့ပိုးဖို့ လိုအပ်တဲ့ အောက်ဆီဂျင်အရည်ကို ပေးစွမ်းနိုင်ပါတယ်။

NASA ရဲ့ရည်မှန်းချက်ကြီးမားတဲ့ အစီအစဥ်တွေက ရေကနေ ဟိုက်ဒရိုဂျင်နှင့် အောက်ဆီဂျင်ကို ထုတ်လုပ်ဖို့ electrolysis ကို အသုံးပြုပြီး၊ လောင်စာအဖြစ် အသုံးပြုမည့် မီသိန်းကို ဖန်တီးဖို့အတွက် ဟိုက်ဒရိုဂျင်ကို Martian CO2 နှင့် ပေါင်းစပ်ဖို့ Sabatier တုံ့ပြန်မှုကို အသုံးပြုမှာ ဖြစ်ပါတယ်။

ထိုသို့လုပ်ဆောင်ဖို့အတွက် နည်းပညာဟာ အဆင်သင့်မဖြစ်သေးတာကြောင့် ပိုဖြစ်နိုင်ချေရှိတဲ့ ရွေးချယ်မှုအနေနဲ့ ကမ္ဘာမြေကနေ မိသိန်းကို ပို့ဆောင်ပြီး အောက်စီဂျင်ကိုတော့ အင်္ဂါဂြိုဟ်မှာပဲ ထုတ်လုပ်ဖို့ solid oxide carbon dioxide electrolysis (SOCE) ကို အသုံးပြုတာပဲ ဖြစ်ပါတယ်။

သို့သော်လည်း အင်္ဂါဂြိုဟ်သို့ ပို့ဆောင်ဖို့ လောင်စာဆီ ၇.၅ တန်နှင့် SOCE စက်ပစ္စည်း ၁ တန် လိုအပ်နေသေးပါတယ်။

ယခုအခါ ဂျော်ဂျီယာနည်းပညာတက္ကသိုလ်မှ သုတေသီတွေဟာ အင်္ဂါဂြိုလ်က​နေ အပြန်ခရီးအတွက် လိုအပ်တဲ့ လောင်စာနှင့် အောက်ဆီဂျင်အားလုံးကို ထုတ်လုပ်ဖို့အတွက် မျိုးရိုးဗီဇပြုပြင်ထားတဲ့ အဏုဇီဝများကို အသုံးပြုမည်ဟု အကြမ်းဖျင်းအနေနဲ့ သိရပါတယ်။

“ကာဗွန်ဒိုင်အောက်ဆိုဒ်ဟာ အင်္ဂါဂြိုဟ်ပေါ်တွင် ရရှိနိုင်တဲ့ တစ်ခုတည်းသော အရင်းအမြစ်များထဲမှတစ်ခုဖြစ်တယ်” ဟု ဦးဆောင်စာရေးဆရာ Nick Kruyer က သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“သိတဲ့အတိုင်းပဲ အဏုဇီဝပိုး​တွေဟာ CO2 ကို ထုတ်လုပ်ရာမှာ အထူးကောင်းမွန်ပြီးတော့ ဒုံးပျံလောင်စာဖန်တီးမှုအတွက်လည်း သင့်လျော်ပါတယ် “ဟု Nick Kruyer ကဆိုပါတယ်။

အဏုဇီဝပိုးတွေဟာ လောင်စာကို ကိုယ်တိုင် ထုတ်လုပ် နိုင်ပေမယ့်လည်း ဒါဟာ ထိရောက်မှုမရှိပါဘူး။

ဒါ့ကြောင့် ၎င်းတို့ကို 2,3-butanediol ဟုခေါ်တဲ့ ဓာတုပစ္စည်းထုတ်လုပ်တဲ့ မျိုးရိုးဗီဇပြုပြင်ထားတဲ့ E. coli ဘက်တီးရီးယားတွေကို အသုံးပြုမှာဖြစ်ပါတယ်။

ကမ္ဘာမြေပေါ်မှာဆိုရင် အဆိုပါ ဓာတုပစ္စည်းကို ရော်ဘာပြုလုပ်ဖို့ အဓိကအသုံးပြုကြပြီး လောင်စာအဖြစ်အသုံးပြုဖို့ကလည်း အလွန်ထိရောက်စွာ လောင်ကျွမ်းနိုင်ပါတယ်။

အင်္ဂါဂြိုဟ်ရဲ့ ဆွဲငင်အားနည်းပါးမှုကြောင့် အဆိုပါ ​ပြုပြင်ထားတဲ့ ဘတ်တီးရီးယားတွေဟာ ဒုံးပျံအင်ဂျင်ကို စွမ်းအင်ပေးနိုင်တာထက် ပိုမိုလုပ်ဆောင်နိုင်ပြီး မီသိန်းထက် အောက်ဆီဂျင်အသုံးပြုမှုလည်း နည်းပါးပါတယ်။

ကမ္ဘာမြေပေါ်မှ အင်္ဂါဂြိုဟ်ပေါ်သို့ လွှင့်တင်မည့် ဒုံးပျံ ဒီဇိုင်းမှာဆိုရင် မတူညီတဲ့ ဓာတုပစ္စည်းတွေကို လိုက်လျောညီထွေးစွာ ထည့်သွင်း စဥ်းစားဖို့ လိုပြီး ဒါဟာ စွမ်းအင်လိုအပ်ချက်ကို အများကြီးလျော့ချဖို့ အထောက်အကူဖြစ်စေတယ် ဟု သုတေသနကို ဦးဆောင်သူ Pamela Peralta-Yahya က ပြောကြားခဲ့ပါတယ်။

အဆိုပါ လုပ်ငန်းစဉ်ဟာ အသက်ကယ်ဆယ်ဖို့အတွက် အသုံးပြုနိုင်တဲ့ ပိုလျှံအောက်ဆီဂျင် ၄၄ တန်ကိုလည်း ထုတ်လုပ်ပေးနိုင်ပါတယ်။
အတားအဆီးတစ်ခုကတော့ ဒီစနစ်ကို ယနေ့ခေတ် ခေတ်မီ နည်းပညာတွေနဲ့ တည်ဆောက်ထားရင်တောင်မှ ဖြစ်နိုင်ခြေ အရှိဆုံး NASA နည်းဗျူဟာနဲ့ အင်္ဂါဂြိုလ်သို့ ပို့ဆောင်မည်ဆိုရင်တောင် ပစ္စည်းဝန်က ၂.၈ ဆ ပိုတင်​ဆောင်ဖို့လိုအပ်ပါတယ်။

သို့သော် ထိုနေရာရောက်တာနဲ့ စွမ်းအင်သုံးစွဲမှု ၃၂ ရာခိုင်နှုန်း လျော့နည်းလာမှာဖြစ်ပြီး ပြန်လည်ထောက်ပံ့ရေးမစ်ရှင်များဟာ မီသိန်း ၆.၅ တန် သယ်ဆောင်တာထက် အာဟာရဓာတ်နှင့် ဓာတုပစ္စည်းများ ၃.၇ တန်သာ သယ်ဆောင်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

လေ့လာမှုအသစ်တွေက ပါဝင်တဲ့ ဇီဝဖြစ်စဉ်များကို အကောင်းဆုံးဖြစ်အောင် အလေးချိန်ပေါ့ပါးတဲ့ ပစ္စည်းများကို အသုံးပြုကာ ဒီဇိုင်းဆွဲ ထားပြီး အဆိုပါ အနာဂတ်စနစ်ဟာ NASA ဖြေရှင်းချက်ထက် အလေးချိန် ၁၃ ရာခိုင်နှုန်း လျော့နည်းနိုင်ပြီး ၅၈ ရာခိုင်နှုန်း ပါဝါအသုံးပြုမှု လျော့နည်းနိုင်ကြောင်း အကြံပြုထားပါတယ်။

အကြီးမားဆုံး အတားအဆီးကတော့ လက်ရှိ နာဆာရဲ့ စည်းမျဉ်းများအရ အင်္ဂါဂြိုလ်သို့ ရောဂါပိုးမွှားများ ပေးပို့ခြင်းကို တားမြစ်ထားပြီး အဆိုပါ အချက်ဟာ သန့်ရှင်းသပ်ရပ်တဲ့ ပတ်ဝန်းကျင် ညစ်ညမ်းစေမှာကို စိုးရိမ်သောကြောင့် ဖြစ်ပါတယ်။

အဆိုပြုချက်ကို အလေးအနက် မစဉ်းစားမီ ၎င်းတို့အနေနဲ့ ဇီဝထိန်းချုပ်မှု ဗျူဟာများကို တီထွင်ရမှာဖြစ်တယ် ဟု သုတေသီများက ဆိုပါတယ်။

သို့သော်လည်း အနာဂတ်မှာ ပုံမှန်အ​နေနဲ့ အင်္ဂါဂြိုလ်သို့ အသွားအပြန်ခရီးများ ပြုလုပ်လိုပါက တခြားသော အရင်းအမြစ်များကို အသုံးပြုတဲ့ ချဉ်းကပ်မှုတစ်ခု လိုအပ်သည်မှာ မလွဲမသွေပဲဖြစ်ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.