ငှက်ပျောခွံကနေ ဟိုက်ဒရိုဂျင်ကို မီလီစက္ကန့် အနည်းငယ်အတွင်း ထုတ်လုပ်နိုင်တဲ့ နည်းပညာသစ် အကြောင်း

Innovation Tech

ပြီးခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်အတွင်း ရုပ်ကြွင်းလောင်စာတွေကနေ စွမ်းအင်သုံးစွဲမှု မြင့်မားလာတာတွေကြောင့် ကမ္ဘာတစ်ဝှမ်းမှာ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုတွေ တိုးမြင့်လာပါတယ်။

အဆိုပါ ပြသာနာကိုဖြေရှင်းဖို့အတွက် သိပ္ပံပညာရှင်တွေဟာ ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင် ရင်းမြစ်များကို ရှာဖွေလျက်ရှိပါတယ်။

အဆိုပါ ပြသာနာတွေအတွက် အကောင်းဆုံး​ဖြေရှင်းနည်းတွေထဲက တစ်ခုကတော့ အပင်​နှင့် တိရစ္ဆာန်​တွေရဲ့အော်ဂဲနစ် စွန့်ပစ်ပစ္စည်း နဲ့ ဇီဝလောင်စာတွေကနေ ဟိုက်ဒရိုဂျင်ထုတ်လုပ်တာပဲ ဖြစ်ပါတယ်။

ဇီဝလောင်စာတွေဟာ လေထုထဲမှ CO2 ကို စုပ်ယူပေးတဲ့ အတွက်ကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့​တွေကို ဖယ်ရှားဖို့ နည်းလမ်းသစ်တွေ ပေးဆောင်လာပါတယ်။

ယခုအခါ EPFL သုတေသီတွေဟာ ဇီဝ စွန့်ပစ်ပစ္စည်းတွေကနေ ဟိုက်ဒရိုဂျင်အထွက်နှုန်းကို မီလီစက္ကန့် အနည်းငယ် အတွင်း မြှင့်တင်ဖို့ နည်းလမ်းတစ်ခုကို တီထွင်ခဲ့ကြပါတယ်။

အဆိုပါနည်းလမ်းဟာ ငှက်ပျောခွံ ကဲ့သို့သော အခြောက်လှန်းထားတဲ့ ဇီဝ လောင်စာမှုန့်များကို ဟိုက်ဒရိုဂျင်နှင့် biochar အပါအဝင် အဖိုးတန် ဓာတ်ငွေ့​တွေနှင့် အစိုင်အခဲ​တွေ အဖြစ်သို့ ပြောင်းလဲဖို့ လျင်မြန်တဲ့ photo-pyrolysis ​ဖြစ်စဥ် ကို အသုံးပြုတာ ဖြစ်ပါတယ်။

biomass photo-pyrolysis အတွက် EPFL သိပ္ပံပညာရှင်​တွေတီထွင်ထားတဲ့ နည်းလမ်းသစ်ဟာ အဖိုးတန်တဲ့ ပေါင်းစပ်ဓာတ်ငွေ့တွေသာမက အခြားသော အသုံးချမှုတွေမှာလည်း ပြန်လည်အသုံးပြုနိုင်တဲ့ အစိုင်အခဲကာဗွန် biochar ကိုလည်း ထုတ်လုပ်ပေးပါတယ်။

အဖိုးတန် ပေါင်းစပ်ဓာတ်ငွေ့တွေကို ဟိုက်ဒရိုဂျင်၊ မီသိန်း၊ ကာဗွန်မိုနောက်ဆိုဒ်နှင့် အခြားသော ဟိုက်ဒရိုကာဗွန်များ ရော နှောကာ ဓာတ်အားထုတ်လုပ်ဖို့ “ဇီဝလောင်စာ” အဖြစ် အသုံးပြုကြပြီး၊ biochar ကို စိုက်ပျိုးမွေးမြူရေးတွေမှာ အသုံးပြုလေ့ရှိသော်လည်း ၎င်းကို စွမ်းအင်ထုတ်လုပ်ဖို့ ဇီဝလောင်စာအဖြစ်လည်း အသုံးပြုကြပါတယ်။

အဆိုပါနည်းလမ်းဟာ ပုံနှိပ်အီလက်ထရွန်နစ်ပစ္စည်း​တွေအတွက် အသုံးများတဲ့ Xenon မီးချောင်းကို အသုံးပြုပြီး flash pyrolysis လုပ်ဆောင်တာ ဖြစ်ပါတယ်။

အဖွဲ့ဟာ နာနိုအမှုန့်တွေကို ပေါင်းစပ်ခြင်းကဲ့သို့သော အခြား ရည်ရွယ်ချက်​တွေ အတွက် ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း အဆိုပါ စနစ်ကို အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်။

Photo: Courtesy of EPFL

လုပ်ငန်းစဥ်ရဲ့ ပထမဆုံးအနေနဲ့ ငှက်ပျောခွံတွေကို အပူချိန် 105 °C မှာ ၂၄ နာရီကြာ အခြောက်ခံပြီးနောက် အမှုန့်ဖြစ်အောင် ပြုလုပ်ပါတယ်။ အဆိုပါအမှုန့်တွေကို ပုံမှန်မှန်ပြတင်းပေါက်တစ်ခုပါရှိတဲ့ သံမဏိဓာတ်ပေါင်းဖိုမှာ ထားရှိပါတယ်။

၎င်းနောက်မှာတော့ Xenon မီးလုံးဟာ တောက်လာပြီး ပြောင်းလဲခြင်း လုပ်ငန်းစဉ် တစ်ခုလုံးဟာ မီလီစက္ကန့် အနည်းငယ်အတွင်း ပြီးဆုံးသွားပါတယ်။

“ရရှိလာတဲ့ ဇီဝဒြပ်ခြောက်တစ်ကီလိုလျှင် ဟိုက်ဒရိုဂျင် 100 လီတာနှင့် biochar 330 ဂရမ်ခန့်ကို ထုတ်လုပ်နိုင်တယ်” ဟု လေ့လာမှုမှာ ပါဝင်ခဲ့သူ Bhawna Nagar က ဆိုပါတယ်။

အဆိုပါ နည်းလမ်းဟာ ဇီဝလောင်စာခြောက်တစ်ကီလိုဂရမ်လျှင် 4.09 MJ အပြုသဘော တွက်ချက်ထားတဲ့ စွမ်းအင်ရလဒ်ကိုလည်း ရရှိတယ်ဟု သိရပါတယ်။

နောက်ဆုံးထုတ်ကုန်​​တွေဖြစ်တဲ့ ဟိုက်ဒရိုဂျင်နှင့် အစိုင်အခဲ-ကာဗွန် biocharတို့ဟာ အဖိုးတန်ပါတယ်။

ဟိုက်ဒရိုဂျင်ကို green fuel အဖြစ် အသုံးပြုနိုင်ပြီး biochar ကိုတော့ မြေသြဇာအဖြစ် မြှုပ်နှံအသုံးပြုနိုင်သလို၊ လျှပ်ကူးပစ္စည်းထုတ်လုပ်ဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။

ကျွန်ုပ်တို့ဟာ Xenon flash မီးကို အသုံးပြုပြီး ငှက်ပျောခွံတွေကို အချိန်တိုအတွင်း အသုံးဝင်တဲ့ ထုတ်ကုန်​တွေအဖြစ်သို့ ပြောင်းလဲနိုင်ခဲ့တယ်ဟု Nagarက ဆိုပါတယ်။

“ကျွန်ုပ်တို့အနေနဲ့ လေထုထဲမှ CO2 အမြောက်အများကို စုပ်ယူဖို့ နှစ်ပေါင်းများစွာ ကြိုးစားနေသည့်အပြင် ကျွန်ုပ်တို့ရဲ့ လုပ် ဆောင်ချက်တွေကိုလည်း ပိုမို မြင့်မား တိုးတက်အောင် လုပ်ဆောင်နေပါတယ် ” ဟု Nagar က ဆက်လက် ပြောကြားခဲ့ပါတယ်။

Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *