ဘက်ထရီမလိုဘဲ အီလက်ထရောနစ် ပစ္စည်းတွေကို အသုံးပြုနိုင်ဖွယ်ရှိ

Innovation Science

သုတေသီများဟာ အီလက်ထရေနစ် ပစ္စည်းများကို ဘက်ထရီမလိုဘဲ “အဆုံးမဲ့ သက်တမ်း” ရှိစေမယ့် စနစ်တခုကို ထုတ်ဖော်ပြသ ခဲ့ပါတယ်။

Northwestern တက္ကသိုလ် နှင့် Delft နည်းပညာ တက္ကသိုလ်မှ ကွန်ပျူတာ အင်ဂျင်နီယာများ ဟာ ရံဖန်ရံခါ စွမ်းအင် ဖြည့်တင်းရုံလေးနှင့် (ဥပမာ ဆိုလာ) အီလက်ထရောနစ် ပစ္စည်းများကို အဆက်မပြတ် လည်ပတ်စေနိုင်စွမ်းရှိတဲ့ BFree ခေါ် စွမ်းအင် စုဆောင်းခြင်း နည်းပညာကို တီထွင်ခဲ့တာ ဖြစ်ပါတယ်။

ဒီအဖွဲ့ဟာ မနှစ်ကလည်း ခလုတ်များကို နှိပ်ရာမှာ စွမ်းအင်ရရှိနိုင်သည့် ကမ္ဘာ့ပထမဆုံး ဘက်ထရီမပါသော Game Boy လက်ကိုင် ဂိမ်းစက်ကို မိတ်ဆက်ခဲ့ပါသေးတယ်။

တီထွင် ဆန်းသစ်ထားသည့် BFree စနစ်ဟာ ကမ္ဘာတဝှမ်းလုံးရှိ e-waste အဖြစ် ကုန်ဆုံးသွားမည့် ဘက်ထရီ အရေအတွက်ကို လျှော့ချနိုင်ဖို့ ကူညီနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ဒါ့အပြင် ဒီနည်းပညာဟာ အပျော်တမ်း ဝါသနာရှင်များကိုလည်း ဘက်ထရီမပါသည့် လျှပ်စစ်ပစ္စည်းများအား ဖန်တီးနိုင်စေမှာ ဖြစ်ပါတယ်။

“ကမ္ဘာ့တဝှမ်းလုံးကလူတွေဟာ အင်တာနက်ပေါ်မှာ ၎င်းတို့၏ စက်ကိရိယာများရဲ့ ဘက်ထရီသက်တမ်းကို ဘယ်လို တိုးမြှင့်နိုင်မလဲ မေးနေကြပါတယ်။ သူတို့ မေးခွန်းက မှားနေပါတယ်။”

“ကျွန်တော်တို့အနေဖြင့် သူတို့ကို ဘက်ထရီ အကြောင်းနဲ့ ပတ်သက်လို့ မေ့ထားပြီး အဲဒီ့အစား အခြား ရေရှည်တည်တံ့မည့် နည်းလမ်းတွေကို စဉ်းစားစေချင်ပါတယ်” လို့ Northwestern တက္ကသိုလ်မှ ယခု သုတေသနကို ဦးဆောင်သူ လျှပ်စစ်နှင့် ကွန်ပျူတာ အင်ဂျင်နီယာ Josiah Hester က ပြောပါတယ်။

ရံဖန်ရံခါသာ စွမ်းအင် ဖြည့်တင်းမှုဖြင့် စက်ပစ္စည်းများကို အဆက်မပြတ် အလုပ်လုပ်နေစေဖို့ BFree စနစ်ဟာ အဓိက ထိန်းချုပ်မှုတွေ လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။

ဥပမာအားဖြင့် နေရောင်ဟာ တိမ်ဖုံးကွယ်သွားသည့်အချိန် ဆိုလာပြားတွင် စွမ်းအင် ခေတ္တ ပြတ်တောက်သွားပါက စက်တွင် ရှိသည့် memory သို့မဟုတ် လုပ်ဆောင်ဖို့ သတ်မှတ်ထားတဲ့ ရှည်လျှားတဲ့ စာရင်းတွေ ပျောက်ဆုံးမသွားစေရန် BFree စနစ်ဟာ တွက်ချက်မှုတွေကို ခဏ ရပ်တန့်ထားမှာ ဖြစ်ပါတယ်။

ဒီနည်းပညာဟာ လက်ရှိ ခေတ်စားနေသည့် ubiquitous computing လို့ခေါ်တဲ့ နည်းပညာသစ်၏ တစိတ်တဒေသ ဖြစ်ပြီး တွက်ချက်မှုများကို နေရာမရွေး အချိန်မရွေး စမတ် ကိရိယာများ နှင့် the Internet of Things (IoT) အင်တာနက်နှင့် ချိတ်ဆက်ထားပြီး လူမှ ခိုင်းစေနိုင်သည့် ပစ္စည်းများ (ဥပမာ အင်တာနက်ပေါ်မှ အိမ်မှ Aircon ကို အပိတ်အဖွင့် လုပ်ခြင်း)တွင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

သုတေသနမှ ဘက်ထရီတွင် ပါဝင်သည့် အားသွင်းခြင်း၊ အစားထိုးခြင်း စသည့် ဘက်ထရီအတွက် လိုအပ်သည့်အရာများကို ရှောင်ရှားနိုင်ဖို့ သိသာထင်ရှားတဲ့ တိုးတက်မှုတခုကို ကိုယ်စားပြုနေပါတယ်။

“လူတော်တော်များများက ကျွန်တော်တို့မှာ IoT နည်းပညာနှင့် ပစ္စည်းပေါင်း ထရီလီယံနဲ့ ချီပြီး ရှိလာမယ်လို့ ခန့်မှန်းနေကြတယ်” လို့ ဒေါက် တာ Hester က ဆိုပါတယ်။

“ဒါဟာ လူ သန်း ၁၀၀ လောက်ဟာ မိနစ်အနည်းငယ်တိုင်းမှာ မကောင်းတော့တဲ့ ဘက်ထရီကို အစားထိုးနေခြင်း သို့မဟုတ် ဘက်ထရီပေါင်း ၁ ထရီလီယံလောက် သက်တမ်းကုန်မှု ကြုံတွေ့ရမှာကို ဆိုလိုနေပါတယ်။ ၎င်းဟာ သဘာဝပတ်ဝန်းကျင်အတွက် ဆိုးဝါးတဲ့ ဂေဟစနစ် ကုန် ကျစရိတ်ကို ပြသနေပါတယ်”

“ကျွန်တော်တို့ဘာလုပ်နေသလဲ ဆိုတာထက် တကယ်က ကျွန်တော်တို့ဟာ လူတွေကို လုပ်ပိုင်ခွင့် ပေးအပ်မှာပါ။ ကျွန်တော်တို့ဟာ လူတိုင်းကို ရေရှည်တည်တံ့တဲ့ နည်းလမ်းတွေနဲ့ လွယ်လွယ်ကူကူ ပစ္စည်းတွေ စီမံနိုင်ဖို့ လိုလားပါတယ်”

ဒီ သုတေသနကို စက်တင်ဘာလ ၂၂ ရက်နေ့ UbiComp 2021 conference မှာ တင်ပြမှာ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.