မြွေကြေးခွံ ကဲ့သို့ ကျုံ့နိုင် ဆန်နိုင်တဲ့ ဘတ္ထရီအကြောင်း

Innovation Tech

ပုံစံမပျက် ပြုပြင်နိုင်သော ပျော့ပျောင်းတဲ့ စက်ရုပ်တွေဟာ အာကာသ နှင့် ပင်လယ်အနက်ပိုင်း ကဲ့သို့သော အစွန်းရောက် အနေအထားရှိတဲ့ ပတ်ဝန်းကျင်တွေ နှင့် လူသားတွေ ဝတ်ဆင်နိုင်တဲ့ နည်းပညာ​တွေကို စူးစမ်းလေ့လာဖို့ အတွက် အလားအလာကောင်းတွေဘဲ ဖြစ်ပါတယ်။

အဆိုပါ ပျော့ပျောင်းတဲ့ စက်ရုပ်တွေရဲ့ ကြီးမားတဲ့ စိန်ခေါ်မှုက ၎င်းတို့ရဲ့ အသုံးချပုံတွေအတွက် လိုက်လျောညီထွေမှု ဖြစ်စေမည့် ပုံစံမျိုးစုံ နှင့် စွမ်းအင်သိုလှောင်တဲ့ ကိရိယာတွေကို ဖွံ့ဖြိုးအောင် လုပ်တာဘဲ ဖြစ်ပါတယ်။

Korea Institute of Machinery and Materials (KIMM) မှ နာနို-မဂ္ဂင်းနစ် ဌာနက သုတေသနအဖွဲ့ဟာ မြွေကြေးခွံ ကဲ့သို့ ကျုံ့နိုင် ဆန်နိုင်တဲ့ ဘတ်ထရီ ကို တီထွင်ခဲ့ကြပါတယ်။

သတ္တဝါတစ်ကောင်ချင်းစီရဲ့ အပြုအမူ​တွေကို တုပနိုင်တဲ့ ပျော့ပျောင်းသောစက်ရုပ်တွေ၊ ဝတ်ဆင်နိုင်တဲ့ အီလက်ထရောနစ်ပစ္စည်းတွေ သို့ မဟုတ် အခြားအသုံးချနိုင်တဲ့စက်ပစ္စည်း လောကထဲသို့ ဝင်ရောက်နိုင်ဖို့ မြွေကြေးခွံ ကဲ့သို့ ကျုံ့နိုင် ဆန့် နိုင်တဲ့ ဘတ်ထရီ ကို ဦးတည် ထုတ် လုပ်ခဲ့ပါတယ်။

KIMM သုတေသနအဖွဲ့ဟာ မြွေရဲ့ကြေးခွံကို တုပသည့် စက်မှု meta-structure နဲ့ အလွန် ဆွဲဆန့်နိုင်သော ဘက်ထရီကို အလွန်ကောင်းမွန်တည်ငြိမ်​သော စွမ်းဆောင်ရည်တို့ ရရှိအောင် တီထွင်ခဲ့ကြပါတယ်။

သမာရိုးကျ ဝတ်ဆင်နိုင်တဲ့ ကိရိယာများနဲ့ မတူဘဲ ကိရိယာရဲ့ဘောင် နဲ့ ဘတ္ထရီကို တင်းကျပ်စွာ ဖွဲ့စည်းထားသည့်အတွက် အဆိုပါ နည်းပညာအသစ်ဟာ ကြေးခွံကဲ့သို့ ပုံစံသေးငယ်ပြီး မာကျောတဲ့ ဘတ္ထရီများစွာဖြင့် ချိတ်ဆက်၍ ပြောင်းလွယ်ပြင်လွယ် ရွေ့လျားမှုကို ပြုလုပ်နိုင်ပါတယ်။

ဒီစွမ်းဆောင်ရည် ရဖို့အတွက် တီထွင်သူတွေက မြွေကြေးခွံနဲ့ ဆင်တူတဲ့ သေးငယ်တဲ့ ဆဋ္ဌဂံပုံစံ လစ်သီယမ်အိုင်းရွင်း ဘတ္ထရီ ဆဲလ်တွေကို အသုံးပြုခဲ့ပါတယ်။

၎င်းတို့ကို ကွေးနိုင်ဆန့်နိုင်အောင် တံခါးပတ္တာပုံစံ သေးငယ်သော စက်ယန္တယားများကို အသုံးပြုထားပြီး ပိုလီမာ နဲ့ ကြေးနီ တို့ဖြင့် လျှပ်စစ်ဆက်သွယ်ထားပါတယ်။

ဘတ္ထရီ ဆဲလ်တစ်ခုစီရဲ့ ပုံသဏ္ဍန်ကို တစ်ယူနစ်အရွယ်အစား မြင့်မားတဲ့​ စွမ်းရည်ရရှိစေရန် ဂရုတစိုက် ပြုပြင်ထားပါတယ်။

KIMM အဖွဲ့ဟာ ၎င်းတို့ ပြုလုပ်တဲ့ ပစ္စည်းများရဲ့ ပုံပျက်မှုကို အနည်းဆုံးဖြစ်စေရန် နှင့် ဘက်ထရီလုံခြုံမှုရှိစေရန်လည်း လုပ်ဆောင်ခဲ့ပါတယ်။

အဆိုပါ ဒီဇိုင်းဟာ အစုလိုက်အပြုံလိုက် ထုတ်လုပ်နိုင်ဖို့လည်း ကူညီပေးပါတယ်၊ ဘတ်ထရီကို origami အနုပညာလက်ရာပုံစံ ထုတ်လုပ်ထားတဲ့ လမ်းစဥ်ဖြစ်တာကြောင့် ဖြတ်တောက်တာဘဲ ဖြစ်ဖြစ် ၊ ခေါက်တာကိုဘဲဖြစ်ဖြစ် အလွယ်တကူ ပြုလုပ်နိုင်ပါတယ်။

အဖွဲ့ရဲ့စမ်းသပ်ချက်များအရ အဆိုပါ ဆွဲဆန့်နိုင်တဲ့ လစ်သီယမ်ဘတ်ထရီရဲ့ ပုံစံဟာ ကွေးပြီး ၉၀ ရာခိုင်နှုန်းအထိ ဆွဲဆန့်ထားရင်တောင်မှ သူ့ရဲ့ စွမ်းဆောင်ရည် ထိန်းထားနိုင်တယ်ဟု ဆိုပါတယ်။

ဒီထူးခြားတဲ့ စွမ်းဆောင်ရည်တွေကြောင့် အဆိုပါ ဘတ်ထရီဟာ ဘေးအန္တရယ်များကျရောက်တဲ့အခါ အတားအဆီးတွေအကြား ကျဥ်းမြောင်းတဲ့ နေရာတွေမှာ အသုံးပြုတဲ့ ကယ်ဆယ်ရေး နှင့် ရှာဖွေရေးစက်ရုပ်တွေ နဲ့ ဘက်စုံသုံး ပျော့ပျောင်းတဲ့ ကြွက်သားအတု စက်ရုပ်တွေမှာ အသုံးပြုဖို့ သင့်တော်ပါတယ်။

အဆိုပါ မြွေကြေးခွံပုံစံ ဘတ္ထရီ ဆဲလ်များဟာ သက်ကြီးရွယ်အိုများ နှင့် ရုပ်ပိုင်းဆိုင်ရာ အကူအညီလိုအပ်တဲ့ နာမကျန်းဖြစ်သူ​တွေအတွက် ပြန်လည် ထူထောင်ရေး ဆေးဘက်ဆိုင်ရာ ကိရိယာများတွင် တွေ့ရတတ်သော စွမ်းအင် သိုလှောင်ရေး ကိရိယာများတွင် အသုံးဝင်ကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။

အနာဂတ်တွင် အဆိုပါ​အဖွဲ့ဟာ ပျော့ပျောင်းသောစွမ်းအင်သိုလှောင်မှုပစ္စည်းများရဲ့ သိုလှောင်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်တဲ့ နည်းပညာကို တီထွင်နိုင်ဖို့ မျှော်လင့်နေကြပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *