အာမေးနီးယား-အဇာဘိုင်ဂျန် စစ်ပွဲ အတွင်းမှာ တူရကီနိုင်ငံရဲ့ ဒရုန်းများဟာ ကောင်းကောင်း အစွမ်းပြခဲ့ပြီး ခေတ်သစ် စစ်ပွဲတခုရဲ့ ပုံစံကို သက်သေပြခဲ့ပါတယ်။
ဒါ့ကြောင့် နိုင်ငံ အချို့ဟာ တူရကီလုပ် ဒရုန်များကို စိတ်ဝင်စားမှုများ ရှိလာပြီး ဝယ်ယူမှု များလည်း ပိုမို များပြားလာခဲ့ပါတယ်။
ယခုအခါ တူရကီနိုင်ငံ၏ ပထမဆုံး ပြည်တွင်းဖြစ် မောင်းသူမဲ့ တိုက်ခိုက်ရေး လေယာဉ်ဖြစ်တဲ့ Bayraktar TB2 ဟာ ပျံသန်းမှုပေါင်း နာရီ ၄ သိန်းကျော်ကို အောင်မြင်စွာ ပြီးဆုံးခဲ့ပြီး စံချိန်သစ် တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Baykar Technologies ကုမ္ပဏီမှ ထုတ်လုပ်ခဲ့တဲ့ ဒီ ဒရုန်းဟာ အလယ်အလတ် အမြင့်မှာ ကြာရှည်စွာ စစ်ဆင်နိုင်တဲ့ Medium Altitude Long Endurance (MALE) အမျိုးအစား မောင်းသူမဲ့ လေယာဉ်ဖြစ်ပါတယ်။
၎င်းဟာ နည်းဗျူဟာမြောက် ထောက်လှမ်းခြင်း၊ စောင့်ကြည့်ခြင်း နှင့် ကင်းထောက်ခြင်း လုပ်ငန်းစဉ်များဖြစ်တဲ့ Intelligence, Surveillance, and Reconnaissance ဆိုတဲ့ ISR စစ်ဆင်ရေးများကို ပြုလုပ်နိုင်တဲ့အပြင် လက်နက်နှင့် တိုက်ခိုက်ရေး များကိုပါ စွမ်းဆောင်နိုင်တာပါ။
၂၀၁၄ ခုနှစ်ကတည်းက ဒီ ဒရုန်းဟာ တူရကီ လက်နက်ကိုင် တပ်ဖွဲ့၊ စစ်ရဲတပ်ဖွဲ့နှင့် တူရကီ အမျိုးသား ရဲတပ်ဖွဲ့တို့၏ စစ်ဆင်ရေးများကို အောင်မြင်စွာ ထမ်းဆောင်လာခဲ့တာ ဖြစ်ပါတယ်။

ဒီ နည်းဗျူဟာမြောက် ဒရုန်းဟာ မြေပြင်တွင် ရွေ့လျားခြင်း၊ ပျံတက်ခြင်း၊ ဆင်းသက်ခြင်းနှင့် ပုံမှန် အမြန်နှုန်းဖြင့် ပျံသန်းခြင်းများကို အပြည့်အဝ အလိုအလျောက် စနစ်ဖြင့် မောင်းနှင်နိုင်ပါတယ်။
ဒါ့အပြင် လေကြောင်း အီလက်ထရောနစ် စနစ် ချွတ်ယွင်းမှုရှိပါက ဆက်လက် လုပ်ဆောင်နိုင်ရန် အရန်စနစ် ၃ ခု အထိ တပ်ဆင်ထားပါတယ်။
ဒရုန်းကို အကွာအဝေး ၃၀၀ ကီလိုမီတာ (၁၈၆ မိုင်) လောက်အထိ ဆက်သွယ်ရေးစနစ်ဖြင့် ချိတ်ဆက်နိုင်ကာ အမြင့်ဆုံး ပေ ၂၇,၀၀၀ နှင့် လက်နက် အပါအဝင် ဝန်ချိန် ၃၃၁ ပေါင် (၁၅၀ ကီလိုဂရမ်) လောက်အထိ တင်ဆောင်နိုင်ပါတယ်။
မောင်းသူမဲ့လေယာဉ်ကို မြင်းကောင်ရေ ၁၀၅ ကောင် ထုတ်ပေးနိုင်သည့် အင်ဂျင်ကို တပ်ဆင်ပေးထားပြီး အမြင့်ဆုံး တနာရီ ၂၂၂ ကီလို မီတာ အမြန်နှုန်းဖြင့် ပျံသန်း စစ်ဆင်နိုင်ပါတယ်။
Bayraktar TB2 မောင်းသူမဲ့လေယာဉ်တွင် လေဆာစနစ်ကို အသုံးပြုပြီး ပစ်မှတ်ကို ရှာဖွေ တိုက်ခိုက်နိုင်တဲ့ ဘက်စုံသုံး မောင်းသူမဲ့ လေ ယာဉ် အမျိုးအစားလို့ သတ်မှတ် နိုင်ပါတယ်။
အဲဒီလို လေဆာစနစ်အပြင် လေယာဉ်တွင် စမတ်ဗုံး ၄ လုံးအထိ တင်ဆောင်နိုင်ပြီး ပစ်မှတ်ကို တိကျစွာ ချေမှုန်းနိုင်စွမ်း ရှိပါတယ်။

ထို့အပြင် Bayraktar TB2 ဟာ အပူချိန် အလွန်အမင်း မြင့်မားမှု ရှိသည့် နေရာများ၊ သဲမုန်တိုင်းများ စသည့် စိန်ခေါ်မှု ရှိသည့် ပထဝီ အနေအထား နှင့် ရာသီဥတု အခြေအနေများတွင် ၂၇ နာရီ နှင့် ၃ မိနစ်ကြာအောင် မရပ်မနား ပျံသန်းပြီး တူရကီ လေကြောင်း သမိုင်းမှာ စံချိန်တင်ထားပါတယ်။
၎င်းဟာ ၂၇,၀၃၀ ပေ ရှိသည့် ထိုအတန်းအစား မောင်းသူမဲ့လေယာဉ်၏ ပျံသန်းနိုင်သည့် အမြင့် စံချိန်ကိုလည်း ချိုးဖျက်ခဲ့ပါတယ်။
အဲဒီ့နောက်မှာတော့ ယခု တင်ပြလိုက်တဲ့ စစ်ဆင်ရေး ပျံသန်း နာရီ ၄ သိန်း ဖြင့် နောက်ထပ် စံချိန်သစ်တခု ထပ်မံ မှတ်တမ်း တင်လိုက်တာပဲ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။