ကမ္ဘာပေါ်တွင် အလှပဆုံးဖြစ်သော်လည်း အန္တရာယ်အရှိဆုံး သတ္တဝါများ

Knowledge Nature

ကမ္ဘာ့ အဆိပ်အပြင်းဆုံးနှင့်အန္တရာယ်အရှိဆုံး တိရိစ္ဆာန်အချို့သည်လည်းအလှဆုံးဖြစ်တတ်ကြပါတယ်။

(၁)ရွှေရောင်အဆိပ်ဖား (Golden Poison Dart Frog)

ရွှေရောင်အဆိပ်ဖားတွေဟာ သေးငယ်ပြီး ‌အရောင်အသွေးတောက်ပနေတာကြောင့် ထိချင်ကိုင်စိတ် ဖြစ်ပေါ်လာအောင် ဆွဲဆောင်လို့နေပါတယ်။သွား‌ တော့ မထိလိုက်ပါနဲ့။တကယ့်တော့ ရွှေရောင်ဖားတွေဟာ “ငါ့ကိုထိရင် မီးပွင့်သွားမယ်”ဆိုတဲ့ သတ္တဝါမျိုးပါ။ ရွှေရောင်ဖားတွေကို ကိုလံဘီယာက ပစိဖိတ်ကမ်းရိုးတန်း တောအုပ်များတွင် အများအားဖြင့် တွေ့ရပြီး အဆိပ်များဟာလည်း သူတို့ရဲ့ အရေပြားဂလင်းများတွင်ရှိပါတယ်။ သားကောင်များသတ်ရန်ထက် သားကောင်များရန်မှကာကွယ်ရန်သာ ၎င်းတို့အဆိပ်ကို သုံးပြုပါတယ်။

သင်ဟာ ကံဆိုးစွာနဲ့ ရွှေရောင်ဖား တစ်ကောင်ကောင်နဲ့ ထိမိလျှင် သင်ဟာ အယ်လကာလွိုက်(alkaloid) အဆိပ်မိမှာ ဖြစ်ပြီး နောက်ဆုံးတွင် သင်ရဲ့ နှလုံးကို ရပ်တန့်စေလိမ့်မည် ဖြစ်ပါတယ်။ပိုကြောက်စရာကောင်းတာက ဒီဖားသေးသေးလေးတစ်ကောင်က လူအ‌ယောက် နှစ်ဆယ်အထိ သေစေနိုင်တဲ့အဆိပ်အတောက်တွေ လုံလုံလောက်လောက် ရှိတယ်ဆိုတာပါပဲ။

(၂)အပြာရောင် အကွက်များပါရှိတဲ့ရေဘဝဲ ( Blue Ring Octopus)

အပြာရောင် အကွက်များရှိတဲ့ရေဘဝဲ အမျိုးအစား အနည်းဆုံး လေးမျိုး‌ လောက်ရှိပြီး သူတို့အားလုံးဟာ အဆိပ်ပြင်းကြပါတယ်။

သူတို့ရဲ့ အကွက်များကို လိုက်လျောညီထွေဖြစ်အောင် ပုံသဏ္ဍန် ပြောင်းလဲနိုင်ပြီး သန္တာကျောက်တန်းများနှင့်ဒီရေ‌တောများတွင် ပုန်းလျှိုးကွယ်လျှိုးနေနိုင်ကြပါတယ်။ အပြာရောင် အကွက်များရှိတဲ့ ရေဘဝဲတစ်ကောင်ဟာ လူ ၂၆ ယောက်ကိုသတ်ဖို့ အဆိပ်အလုံအလောက် ပါရှိပါတယ်လို့ ဆိုပါတယ်။ဂျပန် နိုင်ငံမှာ ဆိုရင် အပြာ‌ရောင်အကွက်များပါရှိတဲ့ ရေဘဝဲ ကို ရှောင်ရှား ဖို့ တားမြစ်ချက် များ ထုတ်ပြန် ထားရပါတယ်။

(၃)အနီရောင်မုဆိုးမပင့်ကူ (Red Widow Spider)

အနီရောင်မုဆိုးမ ပင့်ကူများဟာ အနက်ရောင်မုဆိုးမပင့်ကူများနှင့်ဆက်နွှယ်နေပြီး အဆိပ်ပြင်းသည်ဟု ယူဆရသော်လည်း လူသားများအတွက် အန္တရာယ်‌ပေးနိုင်ချေနည်းသည်ဟု ထင်ရပါတယ်။ (အနက်ရောင်မုဆိုးမ ပင့်ကူဟာ အမေရိကန်ပြည်ထောင်စုတစ်ခုလုံး၏ အဆိပ်အပြင်းဆုံးနှင့်အန္တရာယ်အများဆုံး ပင့်ကူဖြစ်သည်ဟုဆိုသည်)

အနီရောင်မုဆိုးမပင့်ကူ အမများဟာ အထီးများ၏ အရွယ်အစားထက် နှစ်ဆကြီးပြီး ဖလော်ရီဒါ အလယ်ပိုင်းနှင့်တောင်ပိုင်း၊ ဖလော်ရီဒါ ကုန်းတွင်းပိုင်းသဲသောင်ပြင်များတွင် ပုန်းအောင်းနေတတ်ကြပါတယ်။ ဒါ့ကြောင့် သဲသောင်ကမ်းခြေများကိုသွားရင် သတိတော့ထားပေါ့။

(၄) ကျားမြွေ (Tiger Snake)

ကျားမြွေမျိုးစိတ်အားလုံးဟာ သြစတေးလျတွင်နေထိုင်ပြီး ရာသီဉတုအပေါ် မူတည်၍ အရောင်ပြောင်းနိုင်ကြပါတယ်။ သားကောင်များကို လိုက်လံရှာဖွေသတ်ဖြတ်ရန် အဆိပ်ကို အသုံးပြုကြပါတယ်။ ၎င်းတို့ဟာ အရှည် ၂ မီတာခန့်အထိ ကြီးထွားနိုင်ပါတယ်။

ကျားမြွေများရဲ့ အဆိပ်ဟာ အလွန်ပြင်းထန်‌သော်လည်း ၎င်း‌မြွေများဟာ သဘာဝအားဖြင့် အတော်လေးရှက်တတ်ကြတယ် ထင်ပါတယ်။ဒါ့ကြောင့်တွေ့ရခဲဖြစ်ပါတယ်။ ဒါပေမယ့် သင်ဟာ ကျားမြွေတစ်ကောင်ကောင်ကို တွေ့ခဲ့မယ်ဆိုရင် ကျွန်ုပ်တို့အကြံပေးချင်တာက မြန်မြန်ထွက်ပြေးဖို့ပါပဲ။

(၅)လုံးချွန် ခရု(Cone Snail)

သင်ဟာ လှပတဲ့ ခရုအခွံတွေကို စုဆောင်းရတာ နှစ်သက်တယ်ဆိုရင် ဒီအကောင်တွေကိုတော့ သတိထားပါ။များသောအားဖြင့် လုံးချွန် ခရုများဟာ ငါးငယ်များကို သတ်ရန် သူတို့ရဲ့မကောင်းသော စွမ်းအားများကို အသုံးပြုကြသော်လည်း ရေကူသမားတွေ ဝတ်ဆင်သည့် ရာဘာဝတ်စုံကို ထိုးဖောက်ရန်လုံလောက်အား‌ကောင်းသော မှိန်းကဲ့သို့ ချွန်ထက်သည့် ဆူးတောင်များ ရှိပါတယ်။

လုံးချွန်ခရုအများစုဟာ လူသားများအား အန္တရာယ်မပေးသော်လည်း ချွန်ထက်သည့် ဆူးတောင် အပိုင်းအစများဟာ အဆိပ်ရှိတဲ့အတွက် ထိခိုက်မိရင် လူကိုသေစေနိုင်ပါတယ်။

(၆) ငါးပူတင်း (Pufferfish)

ငါးပူတင်း အားလုံးနီးပါးတွင် လူသားများအတွက် အလွန်အန္တရာယ်ရှိသော tetrodotoxin (ဆိုင်ယာနိုက်(cyanide) အဆိပ်ထက် အဆ ၁၂၀၀ အထိအဆိပ်ပြင်းသည်)ဆိုတဲ့ အဆိပ် ရှိပါတယ်။ငါးပူတင်းငါးတစ်ကောင်ဟာ လူသား အယောက် ၃၀ ကိုသတ်ရန် လုံလောက်သော အဆိပ်ရှိပါတယ်။

ဂျပန်မှာတော့ fugu ငါးလို့ လူသိများပြီး ဈေးအကြီးဆုံးအစားအစာအနေဖြင့် ရောင်းချနေတာ နှစ်ပေါင်းများစွာကြာပြီ ဖြစ်ပါတယ်။ ဒီငါးကို ချက်ဖို့အတွက် ငါးကိုင်နည်းသင်တန်းနှင့် ကျွမ်းကျင် လက်မှတ်များရှိရပါမယ်။အကျွမ်းကျင်ဆုံးနှင့်ကောင်းစွာလေ့ကျင့်ထားသော စားဖိုမှူးမဟုတ်ရင်‌ တော့ သင့်အသက်ကို အာမခံနိုင်မည်မဟုတ်ပါ။ အချက်အလက်တွေအရ ၁၉၅၈ ခုနှစ်တွင်ငါးပူတင်းကို စားမိသောကြောင့် လူ ၁၇၆ ဦး သေဆုံးခြင်းကို အစီရင်ခံစာများမှာ ဖော်ပြထားပါတယ်။

(၇) Deathstalker ကင်းမြီးကောက်( Deathstalker Scorpion)

ဒီ အဝါရောင်တောက်ပသော ကင်းမြီးကောက်များဟာ အရွယ်ရောက်ပြီးသူများကို ကိုက်မိပါက သေစေနိုင်လောက်အောင် မဖြစ်နိုင်သော်လည်း သက်ကြီးရွယ်အိုများနှင့်ငယ်ရွယ်သူများ အကိုက်ခံရပါက အသက်အန္တရာယ်ရှိပါတယ်။

သို့သော်လည်း သူတို့၏အဆိပ်မှ Peptide chlorotoxin ဟာ လူ‌တွေရဲ့ဦးနှောက်အကျိတ်‌ ရောဂါကို ကုသရာတွင် အသုံးပြုလျက်ရှိပါတယ်။

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *