ဘယ်လ်ဂျီယံနိုင်ငံမှာ လေးရက်ကြာ အလုပ်ရက်သတ္တပတ်ကို ခွင့်ပြုထားပြီး အလုပ်သမားများအနေနဲ့ အလုပ်ချိန်အပြီးမှာ ၎င်းတို့ရဲ့ အထက် အရာရှိတွေရဲ့ စကားကို လစ်လျူရှုဖို့ ခွင့်ပြုထားလိုက်ပါပြီ။
ဘယ်လ်ဂျီယံနိုင်ငံမှာ အလုပ်ချိန် ပြုပြင်ပြောင်းလဲမှုအသစ်တွေ ချမှတ်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ကြေညာခဲ့တာ ဖြစ်ပါတယ်။
ပြုပြင်ပြောင်းလဲမှုတွေအရ ဘယ်လ်ဂျီယံရှိ အလုပ်သမားများအနေနဲ့ မကြာမီမှာပဲ လေးရက်တာ အလုပ်ချိန်ကို ရွေးချယ်နိုင်တော့မှာ ဖြစ်ပါတယ်။
နိုင်ငံရဲ့ပါတီစုံညွန့် ပေါင်းအစိုးရကနေ သဘောတူထားတဲ့ အဆိုပါ ပြုပြင်ပြောင်းလဲရေးအစီအစဥ်ဟာ အလုပ်သမားများအနေနဲ့ အလုပ်ချိန်ပြင်ပမှာ ခိုင်းစေမှုတွေအပြင် အလုပ်နှင့်ပတ်သက်တဲ့ မက်ဆေ့ချ်တွေကို လျစ်လျူရှုခွင့်ကိုလည်း ပေးမှာဖြစ်တယ်ဟု သိရပါတယ်။
ဘယ်လ်ဂျီယံ ဝန်ကြီးချုပ် အလက်ဇန်းဒါး ဒီခရိုးက “ကျွန်တော်တို့ ခက်ခဲတဲ့ နှစ်နှစ်ကို ကြုံတွေ့ခဲ့ရပါတယ်။”

“ဒါ့ကြောင့် အဆိုပါ သဘောတူညီချက်နဲ့ ကျွန်ုပ်တို့ဟာ ပိုမိုဆန်းသစ်တီထွင်မှုတွေ၊ ရေရှည်တည်တံ့မှုတွေ နှင့် ဒစ်ဂျစ်တယ်စနစ်ရှိတဲ့ စီးပွားရေးတွေအတွက် အလားအလာကောင်းတွေကို ပုံဖော်နေတာဖြစ်ပါတယ်။”
“ရည်ရွယ်ချက်ကတော့ ပြည်သူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ အားကောင်းအောင် လုပ်ဖို့ဖြစ်တယ် ” ဟု ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဥ်နဲ့ ပတ်သတ်ပြီး ထုတ်ပြန်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
အချိန်ပြည့်ဝန်ထမ်းများရဲ့ တောင်းဆိုမှုအရလည်း လိုက်လျောညီထွေရှိတဲ့ အလုပ်ချိန်ဇယားတွေကို လုပ်ဆောင်နိုင်မှာဖြစ်ပြီး ခိုင်မာတဲ့ ဥပဒေဆိုင်ရာ အကာအကွယ်ကိုလည်း ရရှိမှာ ဖြစ်ပါတယ်။
ဘယ်လ်ဂျီယမ်နိုင်ငံရဲ့ အလုပ်ချိန် ပြုပြင်ပြောင်းလဲမှုအသစ်တွေဟာ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍနှစ်ခုလုံးမှာရှိတဲ့ ဝန်ထမ်းများရဲ့ လုပ်ငန်းခွင်အပေါ် သက်ရောက်မှုရှိမှာလည်း ဖြစ်ပါတယ်။
နိုင်ငံရဲ့ဖက် ဒရယ် အစိုးရမှ သဘောတူထားတဲ့ ပြုပြင် ပြောင်းလဲမှု အစီအစဉ်ဟာ ဝန်ထမ်းတွေ အနေနဲ့ ရက်သတ္တပတ်လေးရက် တောင်းဆိုဖို့ သေချာပေါက် ခွင့်ပြုမှာ ဖြစ်ပါတယ်။
ဒါ့ကြောင့် ဘယ်လ်ဂျီယံ အလုပ်သမားရေးရာဝန်ကြီး Pierre-Yves Dermagne က “အလုပ်ရှင်က ငြင်းဆိုမယ်ဆိုရင် ခိုင်လုံတဲ့အကြောင်းပြချက်များပေးရမှာဖြစ်ပြီး အလုပ်သမားရဲ့တောင်းဆိုမှုအတိုင်း လုပ်ဆောင်ရမှာ ဖြစ်တယ် ” ဟုလည်းဆိုပါတယ်။

ဒါ့အပြင် အစိုးရ ပြောရေးဆိုခွင့်ရှိသူရဲ့ ပြောကြားချက်အရ ဝန်ထမ်းတွေ အနေနဲ့ လေးရက်တာ အလုပ်ချိန်ကို ခြောက်လအထိ တောင်းဆိုနိုင်မှာ ဖြစ်တယ်ဟု သိရပါတယ်။
တကယ်လို့ ခြောက်လပြည့်လို့ လေးရက်တာပဲ ဆက်လုပ်ချင်တာ ဖြစ်ဖြစ် ဒါမှမဟုတ် ငါးရက်ကြာ တစ်ပတ်ကို ပြန်လုပ်ချင်တာ ဖြစ်ဖြစ် ပြန်လုပ်ဆောင်နိုင်မှာ ဖြစ်တယ်ဟု ဆိုပါတယ်။
ဒါကို Euronews မှာ အတည်ပြုခဲ့ပါတယ်။ “ရွေးချယ်မှုမှားရင် ဝန်ထမ်းတစ်ဦးကို အချိန်အကြာကြီး မပိတ်မိစေဖို့အတွက် ခြောက်လတာ ကာလကို ရွေးချယ်ခဲ့ပါတယ်” ဟု ၎င်းတို့ကဆိုပါတယ်။
အလုပ်သမားတွေအနေနဲ့ အမျိုးမျိုးသော အလုပ်အချိန်ဇယားများကို တောင်းဆိုနိုင်ခွင့်ကိုလည်း ပေးထားပါတယ်။
အလုပ်ဆိုင်းတွေအတွက် အနိမ့်ဆုံး သတိပေးချက် ကာလမှာလည်း ပြောင်းလဲနေပြီဖြစ်ပြီး ကုမ္ပဏီများအနေနဲ့ အနည်းဆုံး ခုနစ်ရက်ကြိုတင်ပြီး အလုပ်ချိန်ဇယားများ ပေးဆောင်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။
ဒါ့အပြင် ပုဂ္ဂလိကကဏ္ဍမှာရှိတဲ့ ဘယ်လ်ဂျီယံအလုပ်သမားဝန်ထမ်းတွေ အပါအဝင် ဘယ်လ်ဂျီယံအစိုးရအလုပ်သမားတွေအားလုံးဟာ ၎င်းတို့ရဲ့အလုပ်ချိန်ပြင်ပ ခိုင်းစေမှုတွေ နှင့် အထက်လူကြီးများထံမှ လက်စားချေခြင်းမရှိစေဘဲ အစိုးရအရာရှိများထံ ပေးထားတဲ့ တူညီတဲ့ အခွင့်အရေးကို ရရှိမှာဖြစ်ကြောင်း Dermagne ကဖော်ပြခဲ့ပါတယ်။

“အလုပ်နဲ့ ကိုယ်ပိုင်ဘဝကြားက အချိန်က ပိုပိုဆိုးလာပြီး အလုပ်ရှင်တွေ အနေနဲ့ ကြီးမားတဲ့ အဆက်မပြတ်တောင်းဆိုမှုတွေဟာ အလုပ်သမားတွေရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်နိုင်တယ်” ဟု ၎င်းက ဆိုပါတယ်။
ဘယ်လ်ဂျီယံနိုင်ငံမှာရှိတဲ့ အလုပ်စွမ်းဆောင်ရည်ကို စောင့်ကြည့်ခံရသူတွေ၊ အလုပ်ကို ငြင်းဆန်နိုင်ခြင်း မရှိတဲ့သူတွေဟာဆိုရင် ယခုအခါ ဖျားနာခွင့်နှင့် လစာခံစားခွင့်ရှိသူတွေအဖြစ် သတ်မှတ်ခံရတော့မှာလည်း ဖြစ်ပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။