မျိုးဆက်သစ် ရဟတ်ယာဉ် Bell 360 INVICTUS အကြောင်း သိရသမျှ

Knowledge Military

Bell Textron Inc ဟာ ၎င်းတို့၏ မျိုးဆက်သစ် ရဟတ်ယာဉ် Bell 360 ၏ ရှေ့ပြေးပုံစံကို ထုတ်လုပ်ဖို့ ဆောင်ရွက်လျှက်ရှိပါတယ်။

မကြာသေးမီကပဲ ကုမ္ပဏီဟာ ဒီ လေယာဉ်သစ်နှင့် ပတ်သက်ပြီး အချက်အလက်အသစ်များကို ၎င်းတို့၏ ဝက်ဘ်ဆိုက်မှာ ဖော်ပြခဲ့ပါတယ်။

အမေရိကန် ကြည်းတပ်၏ အနာဂါတ် တိုက်ခိုက်ရေးကင်းထောက် ရဟတ်ယာဉ် (FARA) စီမံကိန်းအတွက် ထုတ်လုပ်မှု၊ တပ်ဆင်မှု၊ အစိတ်အပိုင်များ စမ်းသပ်မှု နှင့် စနစ်များ တပ်ဆင်ခြင်းများကို အလျှင်အမြန်ပြုလုပ်နေတာ ဖြစ်ပါတယ်။

Bell 360 Invictus ထုတ်လုပ်ရေး စီမံကိန်း ညွှန်ကြားရေးမှူးနှင့် ဒုတိယ ဥက္ကဌဖြစ်တဲ့ Chris Gehler က

“ကျွန်တော်တို့ အဖွဲ့ဟာ လိုအပ်ချက်များကို တုံ့ပြန်တဲ့နေရာမှာ ပရိုဂရမ်နှင့် ပတ်သက်သည့် ပြသနာတွေလျှော့ချခြင်း နှင့် ခေတ်အမှီဆုံး စွမ်းဆောင်ရည်များကို ကြည်းတပ်အတွက်‌ပေးနိုင်ခြင်း စတဲ့ ကောင်းမွန်တဲ့ ရလဒ်တွေရရှိခဲ့ပြီ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒီ ရဟတ်ယာဉ်ဟာ သက်သေပြပြီး နည်းပညာမှ မြန်နှုန်းမြင့်စနစ်တွေ၊ စိတ်ချရတဲ့ ဒီဇိုင်းတွေနဲ့ ကုန်ကျစရိတ် သက်သာစွာ တည်ဆောက်ထားမှာ ဖြစ်တယ်လို့ သိရပါတယ်။

လာမယ့် ဆယ်စုနှစ် အတွင်းမှာ တိုက်ခိုက်ရေး ကင်းထောက် စစ်ဆင်ရေးများတွင် လွှမ်းမိုးနိုင်ဖို့လည်း Bell Textron Inc က မျှော်လင့်ထားပါတယ်။

၂၀၂၀ အစပိုင်းကတည်းက ကုမ္ပဏီဟာ Bell 360 ၏ ကိုယ်ထည်တည်ဆောက်မှု၊ ပင်မ ရဟတ်ယာဉ် ပန်ကာဒလက်များ တည်ဆောက်မှု၊ ဂီယာအုံ တပ်ဆင်မှု နှင့် အခြား တန်ဖိုးမြင့် ပစ္စည်းများ တပ်ဆင်ရာမှာ သိသိ သာသာ တိုးတက်လာတာ ဖြစ်ပါတယ်။

ဒီလို တပ်ဆင်မှုများတွင် ပါဝင်တဲ့ ဂီယာအုံများ၊ driveshaft များ၊ ကြားဆက်ပစ္စည်းများကို ကုမ္ပဏီ၏ Drive System Test ဓာတ်ခွဲခန်း (DSTL) တွင် စမ်းသပ် ပြီး ဖြစ်ပါတယ်။

DSTL ဟာ ပျံသန်းစမ်းသပ်မှု မတိုင်ခင် အရည်အသွေးပြည့်မှီတဲ့ ရဟတ်ယာဉ်၏ အစိတ်အပိုင်းများကို ခွဲခြားပေးပြီး မလိုလားအပ်တဲ့ ပြသနာများ မဖြစ်စေရန် တိကျစွာ တိုင်းတာ ပေးပါတယ်။

FARA-Specific System Integration ဓာတ်ခွဲခန်း (SIL) ကိုလည်း Bell ကုမ္ပဏီမှာ အသုံးပြုနေပြီ ဖြစ်ပါတယ်။

အဲဒီ့ ဓာတ်ခွဲခန်းမှ ရဟတ်ယာဉ်ပျံသန်းမှု အတွက် အရေးကြီးသည့် အစိတ်အပိုင်းများ၊ ဆော့ဖ်ဝဲများ၊ စစ်ဆင်ရေးစနစ်များ၊ စီစစ်ခြင်းများ နှင့် မပျံသန်းခင် ရဟတ်ယာဉ်၏ အစိတ်အပိုင်းများ အလုပ်ကောင်းကောင်း လုပ်မလုပ် စစ်ဆေးပေးပါတယ်။

Bell 360 ရဟတ်ယာဉ်တွင် လေယာဉ်မှူး ၂ ယောက် လိုက်ပါ မောင်းနှင်နိုင်ပြီး မိုင် ၄၆၀ အကွာအဝေးလောက်အထိ စစ်ဆင်နိုင်မှာ ဖြစ်ပါတယ်။

ပုံမှန် တနာရီလျှင် ၂၀၇ မိုင် အမြန်နှုန်းဖြင့် ပျံသန်းနိုင်ပြီး လက်နက် အလေးချိန် ၁,၄၀၀ ပေါင် လောက် တင်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

လက်နက်များ အနေဖြင့် ၂၀ မီလီမီတာ စက်အမြောက်တလက်၊ Modular effects launcher လို့ခေါ်တဲ့ ဒုံးကျည်များ ရော့ကတ်များအပြင် ဒရုန်းများကိုပါ ပစ်လွှတ်နိုင်သည့် စနစ်သစ် နှင့် Air-launched effects integration စနစ်တို့ ပါဝင်မှာ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *