စင်ကာပူ ကြည်းတပ်၏ အဆင့်မြင့် ယာဉ်တင် မော်တာစနစ်သစ်

News

စင်ကာပူကြည်းတပ်တွင် 4×4 Belrex Protected Combat Support Vehicle (PCSV) ကိုအခြေခံသည့် မြေပြင်မရွေး အသုံးပြုနိုင်သည့် Belrex PCSV လို့ အမည်ပေးထားတဲ့ ယာဉ်တင် မော်တာ စနစ် ကို ဇွန်လ ၂၈ ရက်နေ့က တပ်တော်ဝင်လိုက်ပါတယ်။

ဒီ တိုက်ခိုက်ရေး ပံ့ပိုးမှုယာဉ် အသစ်ကို ကာကွယ်ရေး သိပ္ပံနှင့် နည်းပညာ အေဂျင်စီ၊ ST Engineering နှင့် ကြည်းတပ်တို့ ပူးပေါင်း ထုတ် လုပ်ခဲ့တာ ဖြစ်ပါတယ်။

ယာဉ်အဖွဲ့သား ၃ ယောက် လိုက်ပါနိုင်တဲ့ ဒီယာဉ်ကို လက်ရှိ စင်ကာပူ စစ်တပ်တွင် အသုံးပြုနေသည့် ၁၂၀ မီလီမီတာ ယာဉ်ဆွဲ မော်တာများနေရာမှာ အစားထိုးသုံးစွဲမှာ ဖြစ်ပါတယ်။

ဒီ တိုက်ခိုက်ရေးယာဉ်ကို လက်နက်ငယ်များ နှင့် မိုင်းများဒဏ် ခံနိုင်အောင် တည်ဆောက်ထားပြီး ST Engineering Land System ၏ အထူး အမြန်ပစ် အဆင့်မြင့် မော်တာ (SRAMS MKII) ကို တပ်ဆင်ပေးထားပါတယ်။

ဒီမော်တာဟာ ၁၂၀ မီလီမီတာ ပြောင်းချော အမျိုးအစားဖြစ်ပြီး သံချပ်ကာ ဖြင့် အကာကွယ်ပြုထားတဲ့ ယာဉ်၏ အနောက်ဖက်တွင် တပ်ဆင်ထားပါတယ်။

အတွဲလိုက် ပစ်ခတ်နိုင်တဲ့ SRAMS Mk II မော်တာကို ပစ်ခတ်မှု ထိန်းချုပ်ရေးစနစ် တပ်ဆင်ထားပြီး ပစ်ခတ်ရန် စက္ကန့် ၃၀ သာ ပြင်ဆင်ချိန်လိုပြီး ယခင် မော်တာများထက် ၈၀ ရာခိုင်နှုန်း ပိုမို မြန်ဆန်လာပါတယ်။

တမိနစ်လျှင့် ၄ လုံး နှုန်းဖြင့် မိနစ် ၂၀ ခန့် ဆက်တိုက် ပစ်ခတ်နိုင်ပြီး အမြင့်ဆုံးနှုန်းအနေဖြင့် တမိနစ်လျှင် ၁၀ လုံး နှုန်းဖြင့် ၃ မိနစ်ခန့် ဆက်တိုက် ပစ်ခတ်နိုင်ပါတယ်။

ဒါ့ကြောင့် ဒီမော်တာ အသစ်ဟာ ယခင်ထက် ပစ်အား ၆၇ ရာခိုင်နှုန်း ပိုလာပြီး လူလိုအပ်ချက်ကို ထက်ဝက်လျှော့ချ ပေးနိုင်လာပါတယ်။

အကွာအဝေးအားဖြင့် ၈.၅ ကီလိုမီတာ အထိ ပစ်ခတ်နိုင်ပြီး တိကျမှု circular error porbable (CEP) ဟာ ၁၀ မီတာခန့်သာ ရှိပါတယ်။

Bellum (စစ်ပွဲ) နှင့် Rex (ဘုရင်) ဆိုတဲ့ စကားလုံး ၂ လုံးကို ပေါင်းစပ်ပြီး စစ်ပွဲဘုရင် ဆိုသည့်အဓိပ္ပါယ် သက်ရောက်သည့် Belrex လို့ အ မည် ပေးထားတဲ့ တန် ၂၀ ရှိတဲ့ မော်တာတင် ယာဉ်ဟာ ၂၀၁၆ နိုဝင်ဘာ ၂၅ မှာ တပ်တော်ဝင်ခဲ့တဲ့ တိုက်ခိုက်ရေး ပံ့ပိုးမှုယာဉ် အမျိုးအစား ဖြစ်ပါတယ်။

အခြေအနေ အပေါ်မူတည်ပြီး ဒီ ပါးလွှာတဲ့ သံချပ်ကာရှိတဲ့ ပံ့ပိုးရေးယာဉ်ဟာ သယ်ယူပို့ဆောင်ရေး လုပ်ငန်းစဉ်များကိုလည်း ဆောင်ရွက်ပေးနိုင်မည့်အပြင်

တိုက်ခိုက်ရေး ပံ့ပိုးမှု၊ တိုက်ခိုက်ရေး ဝန်ဆောင်မှု အထောက်အပံ့ CSS များအတွက် ပိုမိုကောင်းမွန်လာတဲ့ အကာအကွယ်နှင့် ပစ်အားကို စင်ကာပူ ကြည်းတပ်အတွက် ဖြည့်စွမ်းပေးနိုင်မှာ ဖြစ်ပါတယ်။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *