စိတ်သောကတွေကို လွင့်စင်သွားစေမယ့် အစားအစာ ၁၀ မျိုး

Food Health Knowledge

မရေမတွက်နိုင်တဲ့ ကမ္ဘာပေါ်မှာရှိတဲ့ လူများဟာ နေ့စဉ် စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေ ခံစားနေရပါတယ်။ များသောအားဖြင့် စိုးရိမ် ကြောင့်ကြမှု ပူပန်သောက တွေကြောင့် စိတ်မပျော်မရွှင်ကာ ကိုယ်ခံအား ကျဆင်းမှုကို ဖြစ်စေပါတယ်။

ယနေ့ ကျွန်တော်တို့ဟာလည်း ကိုဗစ်ကပ်ဆိုးကြီးနဲ့ နိုင်ငံရေး ပြသနာတွေကြောင့် နေ့စဉ် စိတ်မပျော်ရွှင်မှုတွေ ခံစားနေကြရတာပါ။

ဒါ့ကြောင့် ကျွန်တော်တို့ Knowledgeworms မှ အစာလည်းဆေး ဆေးလည်းအစာ ဆိုသလို စိုးရိမ်ပူပန် သောကတွေဝေနေတဲ့ အချိန်မှာ စားသုံးသင့်တဲ့ အသီးအရွက် ၁၀ မျိုးကို မျှဝေပေးလိုက်ပါတယ်။

၁။ အယ်လ်မွန်စေ့ (Almond)

ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်ပျက် မှု ကို ထိန်းညှိပေးတဲ့ serotonin ဟာ စိတ်ခံစားချက်မှ စပြီး လက်တွေ့လှုပ်ရှားမှုအထိ လွှမ်းမိုးနိုင်ပါတယ်။

serotonin ထွက်တဲ့အခါ လူတယောက်ဟာ စိတ်ပျော်ရွှင်လာမယ်၊ စိတ်ဖိစီးမှု လျော့နည်းမယ်၊ စိတ်တည်ငြိမ်လာမယ် စတဲ့ အကျိုးကျေးဇူးတွေ ခံစားရပါတယ်။

အယ်လ်မွန်စေ့ တအောင်စမှာ serotonin အတွက် အထောက်အကူဖြစ်တဲ့ မဂ္ဂနီဆီယမ် ၇၅ ဂရမ်လောက် ပါဝင်တဲ့အတွက် စိတ်အာဟာရအတွက် အကောင်းဆုံး အစားအစာ တစ်ခုဖြစ်တာ ငြင်းမရပါဘူး။

ဒါ့အပြင် အခြား အာဟာရဓာတ်တွေလည်း အယ်လ်မွန်စေ့မှာ ပါဝင်ပါသေးတယ်။

၂။ ဆယ်လ်မွန်ငါး

အိုမီဂါ ၃ ဖက်တီး အက်စစ်ဟာ စိတ်သောက ရောက်မှုတွေကို ပျောက်ကင်းစေတယ်ဆိုတာ သက်သေပြပြီး ဖြစ်ပါတယ်။

ဒီလို အကျိုးရှိတဲ့ အိုမီဂါ ၃ ဓာတ်ကို ဆယ်လ်မွန်းငါးမှာ တွေ့ရမှာ ဖြစ်ပါတယ်။ အခြား အသားတွေအစား ဆယ်လ်မွန်ငါးကို ရွေးချယ်တာဟာ သင့်ရဲ့ စိတ်သောကတွေကို ပျောက်ကင်းဖို့ရာ အတွက်အကောင်းဆုံး နည်းလမ်းထဲက တခုပါပဲ။

အိုမီဂါ ၃ ကို ဆယ်လ်မွန်ငါး အပြင် မြန်မာနိုင်ငံမှာ လူကြိုက်များတဲ့ ပဲပုပ်၊ ပဲငါးပိ ကနေလည်း ရရှိနိုင်ပါတယ်။

၃။ ဥများ

ဗိုက်တာမင် ဒီ အကြောင်း စဉ်းစားရင် ကြက်ဥ၊ ဘဲဥ များဟာ မပါမဖြစ်ပဲ ဖြစ်ပါတယ်။

ဥများဟာ ဗိုက်တာမင် ဒီ နှင့် ပရိုတင်း အသားဓာတ်တို့ ကြွယ်ဝစွာ ပါဝင်ပြီး ခန္ဓာကိုယ်အတွက် မရှိမဖြစ် ဖြစ်တဲ့ အမိုင်နီ အက်စစ်ကိုလဲ ထောက်ပံ့ပေးနိုင်ပါတယ်။

အမိုင်နို အက်စစ် တျိုင်ပ်တိုဖန် (amino acid tryptophan ) ဟာ serotonin ကို ထုတ်လုပ်ဖို့ ကူညီပေးပြီး စိတ်ကို ကြည်လင်စေကာ၊ စိတ်မပျော်ရွှင်မှုတွေကို သက်သာစေမှာ ဖြစ်ပါတယ်။

၄။ ချောကလက်မဲ (Dark Chocolate)

ဒီအနက်ရောင် ချောကလက် တွေဟာလည်း amino acid tryptophan အပြင် မဂ္ဂနီဆီယမ်ဓာတ်တို့ မြင့်မားစွာ ပါဝင်တဲ့အတွက် ကျန်းမာရေးအတွက် အထူးသင့်လျှော်ပါတယ်။

ချောကလက်ရွေးချယ်ရာမှာ ချောကလက်အနက် ရာခိုင်နှုန်း ပိုများလေ ကျန်းမာရေးအတွက် ကောင်းမွန်လေပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် စတိုးဆိုင်တွေ၊ စူပါ မားကတ်တွေမှာ ချောကလက် ဝယ်ရင် ချောကလက် အနက် ၇၀ ရာခိုင်နှုန်းကျော်တာ ရွေးဝယ်ဖို့တော့ မမေ့နဲ့နော်။

၅။ ဒိန်ချဉ်

တခြား နို့ထွက် ပစ္စည်းများနှင့်အတူ ဒိန်ချဉ်ဟာ ရောင်ရမ်းမှုတွေကို သက်သာစေတဲ့ အစွမ်းရှိတဲ့အပြင် အကျိုးပြု ဘက်တီးရီးယားများ ပါဝင်လို့ အရွယ်စုံ ကြိုက်နှစ်သက်ကြပါတယ်။

ဒိန်ချဉ်တွင် Lactobaccilus နှင့် Bifidobacteria လို အကျိုးပြု ဘက်တီးရီးယားများ ပါဝင်ပြီး ၎င်းတို့ဟာ ဦးနှောက်ကို အကျိုးပြုပါတယ်။

ဒိန်ချဉ်သည်သာမက အချဉ်ဖောက်ထားသည့် အစားအစာများဟာ ကျန်းမာရေးအတွက် သင့်လျှော်ပြီး ၎င်းတို့တွင် ချိစ်၊ ကင်မ်ချီ၊ ပိုးတီချဉ် နှင့် ကီဖာ အင်ဇိုင်းများ ပါဝင်ပါတယ်။

၆။ ကြက်ဆင် (Turkey)

ကြက်ဆင်ဟာ မြန်မာပြည်မှာ ရှားပါးပေမယ့် Citymart လိုနေရာမျိုးနှင့် မွေးမြူရေးခြံတွေမှာတော့ ရှာဖွေ ဝယ်ယူလို့တော့ ရနိုင်ပါတယ်။

ကြက်ဆင်မှာ အထက်က အစားအစာတွေလိုပဲ စိတ်သောကကို ပြေပျောက်စေတဲ့ serotonin ကို ထုတ်ပေးတဲ့ amino acid tryptophan ဓာတ်တွေပါဝင်ပါတယ်။

ဒါ့ကြောင့် ကြက်ဆင်သား စားပြီးသည့်နောက်တွင် အိပ်ချင်စိတ်ကို ဖြစ်ပေါ်စေပြီး စိတ်ပင်ပန်းမှုတွေကို ပြေပျောက်စေပါတယ်။

၇။ ထောပတ်သီး

ထောပတ်သီးမှာတော့ ကျန်းမာရေးနှင့် ညီညွတ်တဲ့ အစားအစာထဲမှာ အမြဲလိုလို ပါဝင်ပါတယ်။

မဂ္ဂနီဆီယမ်၊ ဗိုက်တာမင် ဘီ တို့ ကြွယ်ဝစွာ ပါဝင်မှုဟာ ဦးနှောက်အတွက် အလွန်ကို ကောင်းကျိုးရရှိစေမှာ ဖြစ်ပါတယ်။

ဗိုက်တာမင် ဘီ ဟာ အာရုံကြောစနစ်ကို ကောင်းမွန်စေပြီး ထောပတ်သီးစားပေးခြင်းဖြင့် စိတ်ဖိစီးမှုနှင့် စိတ်သောကများကို သက်သာစေမှာ ဖြစ်ပါတယ်။

၈။ ရွက်စား ကိုက်လန် Kale

ဗိုက်တာမင် ကြွယ်ဝတဲ့ နောက်ထပ် အသီးအရွက် တမျိုးကတော့ ကိုက်လံပဲ ဖြစ်ပါတယ်။

ကိုက်လံရွက်မှာတော့ beta-carotene နှင့် ဗိုက်တာမင် အီး တို့ ကြွယ်ဝစွာ ပါရှိပါတယ်။

ဒါ့ကြောင့် ကိုက်လံရွက်ဟာ antioxidant level ကို အထောက်အကူ ဖြစ်စေပြီး ဦးနှောက်ရဲ့ အလုပ်လုပ်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။

၉။ ကညွတ်

ကညွတ်ကို လူတော်တော်များများ ကြိုက်ကြပါတယ်။ ယခင်က ကညွတ်တွေ သိပ်မပေါပေမယ့် အခုတော့ တနိုင်ငံလုံး နေရာအနှံ့ ဈေးသက်သက်သာသာနဲ့ ရရှိနေပါပြီ။

ကညွတ်မှာ စိတ်ကို ကြည်လင်စေပြီး သောကကို ပြေပျောက်စေတဲ့ ဖောလိတ် folate ကြွယ်ဝစွာ ပါဝင်ပါတယ်။

ဒါ့ကြောင့် အာလူးကြော်လိုမျိုး ကျန်းမာရေးကို အထောက်အကူ မပြုတဲ့ အစားအစာတွေအစား ကညွတ်ကြော်စားရတာ ပိုပြီး ကျန်းမာရေးအတွက် သင့်လျော်ပါတယ်။

၁၀။ ဘလူးဘယ်ရီ (Blueberry)

ဘလူးဘယ်ရီသီးတွေဟာလည်း မြန်မာနိုင်ငံမှာ ဝယ်ယူဖို့ အနည်းငယ် ခက်ပေမယ့် Citymart လိုနေရာမျိုးမှာတော့ ရှိတတ်ပါတယ်။

ကျွန်တော်တို့ စိတ်သောက ရောက်နေတဲ့အချိန်မှာ ကိုယ်ခံအားကျဆင်းတက်တာကြောင့် ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ဆဲလ်တွေကို ကာကွယ်ဖို့ ဗိုက်တာမင် စီ ကို လိုအပ်ပါတယ်။

ဘလူးဘယ်ရီမှာ ဗိုက်တာမင် စီ နှင့် antioxidant တွေပါဝင်တဲ့အတွက် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်ပြီး ကျန်းမာစေမှာပဲ ဖြစ်ပါတယ်။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *