လေကြောင်းလိုင်းကြီးများပါ လျှပ်စစ်စွမ်းအင်သုံး ခရီးသည်တင် လေယာဉ်များ အသုံးပြုတော့မည်

Article Tech

လျှပ်စစ် စွမ်းအင်အသုံးပြုသည့် လေယာဉ်များဟာ နောက်ဆုံးမှာတော့ အများအပြား ရောက်ရှိလို့ လာတော့မှာ ဖြစ်ပါတယ်။

အဓိက လေကြောင်းလိုင်းကြီး တခုဟာ ဂျာမန် လျှပ်စစ်စွမ်းအင်သုံး လေယာဉ်ထုတ်လုပ်သည့် ကုမ္ပဏီသစ် Lilium ဆီမှ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ တန်ဖိုးရှိတဲ့ လေယာဉ် အစင်းပေါင်း ၂၂၀ ဝယ်ယူသွားကြောင်း ကုမ္ပဏီရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဟုတ်ပါတယ်။ လုပ်ငန်းသုံး အဆင့် လျှပ်စစ်စွမ်းအင်သုံး လေယာဉ်များဟာ ၂၀၂၅ ခုနှစ်မှာ များပြားစွာကို ရောက်ရှိလာတော့မှာ သေချာနေပြီ ဖြစ်ပါတယ်။

Lilium နှင့် အဓိက လေကြောင်းလိုင်းကြီးဖြစ်တဲ့ Azul တို့ဟာ ဒေါင်လိုက်အတက်အဆင်း ပြုလုပ်နိုင်တဲ့ လေယာဉ်ကွန်ယက်ကြီးကို ဘရာဇီးနိုင်ငံမှာ ၄ နှစ်အတွင်း တည်ဆောက်ဖို့ ကြေငြာခဲ့ပါတယ်။

Lilium ၏ ကုမ္ပဏီ မဟာဗျူဟာ အကြီးအကဲ Alex Asseily က CNBC နှင့် ၂၀၂၁ ခုနှစ် အတွင်းက အင်တာဗျူး တခုမှာ ” ကျွန်တော်တို့ လွှတ်ဖို့ စီစဉ်ထားတဲ့ လေယာဉ်များဟာ တနာရီကို ၁၇၅ မိုင်နှုန်းဖြင့် ပျံသန်းနိုင်ပါလိမ့်မယ်” လို့ ပြောပါတယ်။

ဒါ့အပြင် အဆိုပါလေယာဉ်၏ သွားနိုင်သည့် အကွာအဝေးနှင့် ပတ်သက်ပြီး “လေယာဉ်ကတော့ ၁၅၅ မိုင်လောက်အထိ သွားနိုင်မှာပါ” လို့ ထပ်လောင်းပြောကြားခဲ့ ပါတယ်။

ကာဗွန်ထုတ်လွှတ်မှုအတွက် လေကြောင်းစက်မှု လုပ်ငန်းများအပေါ် ဖိအားများ မြင့်တက်လာနေတဲ့အတွက် ဒီလို လျှပ်စစ်စွမ်းအင်သုံး လေ ယာဉ်များဟာ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

Lilium ကဲ့သို့ ကုမ္ပဏီများဟာ လျှပ်စစ် စွမ်းအင်သုံး လေယာဉ်များဖြင့် လျှင်မြန်သော ရှေ့သို့ ရောက်အောင် လုပ်ဆောင်ခြင်းဟာ နောက်ဆုံးတွင် တိုးတက်မှုအတိုင်းအတာကို ကျွန်တော်တို့ မြင်လာနိုင်မှာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ Lilium ၏ လေယာဉ်များဟာ ထိုင်ခုံ ၅ ခုံတပ်လေယာဉ်များဖြစ်ပေမယ့် Azul လေကြောင်းလိုင်းအတွက် ထုတ်လုပ်မယ့် လေယာဉ်ကတော့ ထိုင်ခုံ ၇ ခုံအထိ ပါဝင်မယ်လို့ သိရပြီး အဆိုပါ ဝယ်ယူမှုအတွက် ၅၀ ရာခိုင်နှုန်း ပြီးဆုံးသွားပြီလို့ သိရပါတယ်။

ဒီလျှပ်စစ်စွမ်းအင်သုံး လေယာဉ်တွေဟာ တစီးလျှင် အမေရိကန်ဒေါ်လာ ၄.၅ သန်းခန့်ရှိသောကြောင့် ဒေါ်လာ ၃ သန်းလောက်သာရှိသည့် သာမန်အတန်းအစား ကိုယ်ပိုင်လေယာဉ်များထက် အနည်းငယ် ကုန်ကျစရိတ် ပိုများနေတယ်လို့ The Street မီဒီယာ၏ ဖော်ပြချက်အရ သိရပါတယ်။

Azul ဟာ ဘရာဇီးနိုင်ငံ၏ အကြီးဆုံးလေကြောင်းလိုင်း ဖြစ်သည့်အလျှောက် နေ့စဉ် လေယာဉ်ခရီးစဉ်များနှင့် မြို့များအကြား ဆက်သွယ် ပို့ဆောင်မှု သဘာဝ၏ အနာဂါတ်ကို ပြောင်းလဲဖို့ရာ ကြိုးစားနေတာ ဖြစ်ပါတယ်။

Azul အတွက်ကတော့ လေယာဉ်လမ်းကြောင်းသစ် ကွန်ယက်နှင့် ပုံမှန်စီးနင်းသူများကို စွဲဆောင်နိုင်ဖို့ရာအတွက် “Lilium ဂျက်လေယာဉ် ကွန်ယက်အတွက် ဈေးကွက်နှင့် ဝယ်လိုအားကို ဘရာဇီးနိုင်ငံတွင် ဖန်တီး” ဆိုတဲ့ စီမံကိန်း အတိုင်း ဆောင်ရွက်နေတယ်လို့ MSN Money ၏ သတင်းမှာ ဖော်ပြထားခဲ့ပါတယ်။

အထက်ပါ ဝယ်ယူမှုအရ Azul လေကြောင်းလိုင်းဟာ ၎င်း၏ ရောက်လာတော့မယ့် ၇ ယောက်စီး လျှပ်စစ် စွမ်းအင်သုံး ခရီးသည်တင် လေ ယာဉ်များ ပြုပြင် ထိန်းသိမ်းခြင်း အတွက် အပိုပစ္စည်းများ၊ လေယာဉ် စောင့်ကြည့် စစ်ဆေးခြင်းဆိုင်ရာ စနစ်များ နှင့် ဘက်ထရီ လဲ လှယ်ခြင်းများ အစရှိသည်တို့ပါဝင်တဲ့ ဝန်ဆောင်မှုများကို စတင်ရတော့မှာ ဖြစ်ပါတယ်။

Lilium ဟာ အမေရိကန်နှင့် ဥရောပတို့တွင် စီပွားဖြစ်လုပ်ငန်းများကို အရှိန်မြှင့်တင်ဖို့ရာအတွက် အဆိုပါလေယာဉ်များကို ၂၀၂၅ ခုနှစ်မှာ စတင် ပို့ဆောင်နိုင်ဖို့ စီစဉ်ထားပါတယ်။

စတင် ပြေးဆွဲနိုင်ဖို့ အနေအထားကတော့ သက်ဆိုင်ရာ နိုင်ငံများရှိ လေကြောင်း ထိန်းညှိမှု ဌာနများမှ ထောက်ခံခွင့်ပြုချက် ရရှိနိုင်မည့် အ ချိန် အပေါ် မူတည်နေပါတယ်။

Azul ကတော့ ဘရာဇီးတွင် လိုအပ်မည့် လေကြောင်း စည်းမျဉ်းဆိုင်ရာ အတည်ပြုမှု လုပ်ငန်းစဉ်များနှင့် Lilium ကို ထောက်ပံ့ပေးမယ်လို့ ဆိုပါတယ်။

ဒါဟာ ဒေါင်လိုက်အတက်အဆင်း လျှပ်စစ်စွမ်းအင်သုံး လေယာဉ်များဟာ ဈေးနှုန်း သက်သာတယ် ဆိုတာကို ရင်းနှီး မြှပ်နှံသူ များနှင့် ဈေး ကွက် ကို သတိပေးလိုက်တာလဲဖြစ်ပါတယ်။

Lilium ဟာ ၂၀၂၁ ခုနှစ် မတ်လထဲမှာ Qell Acquisition Corp နှင့် ပေါင်းစည်းကာ အများပိုင်အဖြစ် ပြောင်းလဲမည်ဟု ကြေငြာခဲ့ပြီး ဘဏ္ဍာရေး နှင့် ပတ်သက်သည့် အခက်အခဲများ ရှိနေခဲ့ပါတယ်။

အခုတော့ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ တန်ဖိုးရှိတဲ့ ၇ ယောက်စီး လေယာဉ် ၂၂၀ ဝယ်ယူမှုကြောင့် ကုမ္ပဏီ၏ အနာဂါတ်မှာ အနည်းငယ် ပြန်လည် တောက်ပလာပြီ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *