အချို့ငှက်များဟာ အံ့အားသင့်စရာ ကောင်းလောက်အောင် အသက်ရှည်ကြပါတယ်။
မွေးမြူထားသည့် ကျီးကန်းများဟာ အသက် ၅၀ လောက်အထိ ရှင်သန်နိုင်စွမ်းရှိပြီး အချို့ ကြက်တူရွေး မျိုးစိတ်များ က တော့ နှစ် ၁၀၀ လောက်နီးပါး အသက်ရှင်နေထိုင်နိုင်ပါတယ်။
ထူးဆန်းစွာပင် အဆိုပါ ငှက်များ၏ ဦးနှောက်ဟာ ခန္ဓာကိုယ် အချိုးနှင့်စာရင် ကြီးမားပြီး ဥာဏ်ရည် အတော်အသင့် ကောင်းကြတာကို တွေ့ရပါတယ်။
သုတေသန တခုအရ အဆိုပါငှက်တွေ အသက်ရှည်ရခြင်းနှင့် ဦးနှောက် အရွယ်အစားဟာ ဆက်စပ်နေတယ်လို့ တွေ့ရှိခဲ့ရပြီး ဆင့်ကဲပြောင်းလဲမှုတွေ ရှိတယ်လို့ သိရပါတယ်။

Kakapo ကြက်တူရွေး
ဦးနှောက်ဟာ တန်ဖိုးကြီးတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းဖြစ်ပြီး ကြီးမားလေလေ စွမ်းအင် ပိုပြီး စုပ်ယူလေပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ ဦးနှောက်ဟာ ခန္ဓာကိုယ်၏ ၂ ရာခိုင်နှုန်းလောက်သာ ရှိပေမယ့် နေ့စဉ် စားသုံးသည့် ကယ်လိုရီ ပမာဏ၏ ၂၀ ရာခိုင်နှုန်းကို စွမ်းအင်အဖြစ် အသုံးချနေပါတယ်။
အယူအဆ တခုအရ ကြီးမားပြီး အားကောင်းသည့် ဦးနှောက်များဟာ တိရစ္ဆာန်များ၏ နေ့စဉ်ဘဝ စိန်ခေါ်မှုများကို တုန့်ပြန်ဖို့ လိုက်လျောညီထွေ ဖြစ်စေပြီး အသက်ရှည်မှု ရှိလာအောင် ဆင့်ကဲပြောင်းလဲ လာစေတေယ်လို့ ဆိုပါတယ်။
ဟုတ်ပါတယ်။ လာပြီး တိုက်ခိုက်မယ့် အခြား တိရစ္ဆာန်များ ကို ရှောင်ရှားနိုင်ပြီး ငတ်မွတ်မှု မဖြစ်ဘူးဆိုရင် အသက်ရှည်နိုင်တယ်လို့ မက္ကဆီကို ရှိ တက္ကသိုလ်တခုမှ ဆင့်ကဲ့ဖြစ်စဉ်ဆိုင်ရာ ဇီဝဗေဒပညာရှင် Alejandro Gonzalez-Voyer က ပြောပါတယ်။
ယခုလို ဦးနှောက် အရွယ်အစားနှင့် အသက်ရှည်ခြင်း ဆက်စပ်မှု ရှိမရှိ သိရှိနိုင်စေရန် Gonzalez-Voyer နှင့် သူ၏ အဖွဲ့ဟာ ငှက်မျိုးစိတ်ပေါင်း ၃၀၀ လောက်ကို နှိုင်းယှဉ်လေ့လာမှုများ ပြုလုပ်ခဲ့ပါတယ်။

အစာအား ရေဆေးနေသည့် ကျီးကန်း
အဲဒီ့နောက်အဖွဲ့ဟာ ဦးနှောက် အရွယ်အစားနှင့် သက်တမ်း အချက်အလက်များကို လေ့လာရာမှာ ၎င်းတို့ဟာ ဆက်စပ်မှု တကယ်ရှိနေတာကို တွေ့ရှိခဲ့ရပါတယ်။
Gonzalez-Voyer ၏ အဖွဲ့ရဲ့ လေ့လာမှုကြောင့် ငှက်များ၏ ဦးနှောက် အရွယ်အစားနှင့် အသက်ရှည်ခြင်းဟာ ဆက်စပ်နေကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။
တကယ်တော့ ငှက်တွေဟာ လူတွေ ထင်တာထက် အသိဥာဏ် မြင့်မားပြီး အဆင့်မြင့်သည့် ဦးနှောက်ကို အသုံးချမှုတွေ လုပ်ဆောင်နိုင်ပါတယ်။
အနီးစပ်ဆုံး ငှက်များမှာ ကျီးကန်းများဖြစ်ပြီး ၎င်းတို့ဟာ အခြားငှက် တော်တော် များများထက် ထူးခြားပါတယ်။
ကိရိယာများကို အသုံးချနိုင်သည့်အပြင် အရာဝတ္ထုများနှင့် လူများကို မှတ်သားနိုင်ကြကာ မည်သို့ တုန့်ပြန်ရမလဲ ဆိုတာကို ကောင်းကောင်း သိရှိကြပါတယ်။

အသက် ၈၀ ကျော်လောက်အထိ ရှင်သန်နိုင်သည့် Cockatoo ကတ္တဝါ
အဆိုပါ အကြောင်းကို “ကိရိယာများကို အသုံးပြုနိုင်သည့် ကျီးကန်း များ အကြောင်း” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။
ကြက်တူရွေးတွေဟာလည်း အရာဝတ္ထုတွေနှင့် တည်နေရာကိုလိုက်ပြီး စကားလုံးတွေ အသုံးပြု နိုင်ပါတယ်။
ဒါ့အပြင် ပြသနာတွေကို ဖြေရှင်းနိုင်ပြီး အဲလိုဖြေရှင်းဖို့ ပစ္စည်းတွေကို အသုံးချ တတ်ကြပါသေးတယ်။
ကြက်တူရွေးများအကြောင်းကို “ကြက်တူရွေးများအကြောင်း သိကောင်းစရာ ၅ ချက်” တွင် အပြည့်အစုံ ဖတ်ရှုနိုင်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။
First Published 11/3/2022