သိပ္ပံပညာရှင်တွေက Solar geoengineering နည်းပညာကို အသုံးပြုပြီး သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုကြောင့် အန္တရာ ယ်ရှိလာတဲ့ နေရောင်ခြည်ကို ပိတ်ဆို့ဖို့ လုပ်ချင်နေကြတာပါ။
မကြာသေးမီက MIT မှ သုတေသီတဖွဲ့ဟာ ရာသီဥတု ပြောင်းလဲမှု၏ သက်ရောက်မှုများကို တန်ပြန်နိုင်ဖို့ နည်းလမ်းတခုကို ဖန်တီးနေကြောင်း ကြေညာချက်တွင် ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီ့နည်းကတော့ အာကာသအတွင်းမှာ “space bubble” လို့ ခေါ်တဲ့ ပူဖောင်းလို အရာတွေ ဖန်တီးပြီး ကမ္ဘာကို ကျရောက် လာ မည့် နေရောင်ကို ကာကွယ်ဖို့ ဖြစ်ပါတယ်။
ကျွန်တော်တို့ဟာ ရုပ်ကြွင်းလောင်စာတွေ အသုံးပြုမှုကို လွန်ခဲ့သည့် နှစ်များက စပြီး တားမြစ်ခဲ့လျှင် ဒီလို ရူးသွပ်တဲ့ စိတ် ကူး တွေ စားပွဲပေါ်ရောက်လာစရာ အကြောင်း မရှိပါဘူး။
Solar geoengineering နည်းပညာဟာ အန္တရာယ် ရှိတယ်လို့ အချို့ သိပ္ပံပညာရှင်များက သတိပေးထားတဲ့အတွက် ယခုလို အာကာသ ပူဖောင်းတွေကို စဉ်းစားလာတာ ဖြစ်ပါတယ်။

“Space bubble” တွေဟာ ပိုမို စိတ်ချရတဲ့ Solar geoengineering နည်းပညာဖြစ်
MIT သုတေသီ အဖွဲ့၏ အဆိုပါ နည်းလမ်းဟာ ကျွန်တော်တို့ ကမ္ဘာမြေကို အေးမြပြီး ရာသီဥတု ပြောင်းလဲမှု၏ အဆိုးဆုံး သက်ရောက်မှုများကို ကာကွယ်နိုင်ရန် အတွက် နေရောင်ခြည်များကို အလင်းပြန်သွားစေဖို့ ဒီဇိုင်း ထုတ်ထားသည့် Solar geoengineering ပုံစံသစ်တခု ဖြစ်ပါတယ်။
ယခင်က ကျယ်ကျယ်ပြန့်ပြန့် လေ့လာထားသည့် Solar geoengineering နည်းလမ်းတွင် အလင်းပြန်အမှုန်များကို လေထု အပေါ်ပိုင်းအတွင်း ထိုးသွင်းခြင်းများလည်း ပါဝင်ပါတယ်။
သို့ပေမယ့် ဖြစ်လာနိုင်သည့် ဆိုးကျိုးနှင့် သက်ရောက်မှုတွေကို အပြည့်အဝ နားမလည်နိုင်တာကြောင့် ၎င်းကို အလားအလာ ရှိတဲ့ ရွေးချယ်မှု အဖြစ် ရှုမြင်ဖို့ ဝေးနေပါသေးတယ်။
MIT မှ သုတေသီများ၏ ယခု ချဉ်းကပ်ပုံကတော့ အထက်ပါ နည်းလမ်းနှင့် မတူညီဘဲ အနည်းငယ် ကွဲပြားပါတယ်။
၎င်းတို့ဟာ အမှုန်အမွှားများကို လေထုထဲကို ထိုးသွင်းမည့်အစား အာကာသမှ နေ၏ အပူချိန်ကို ကာကွယ်ပေးနိုင်မည့် နည်းလမ်းဖြစ်တဲ့အတွက် လေထုထဲကို အန္တရာယ်ဖြစ်နိုင်မည့် အမှုန်များ ထိုးသွင်းရင် မလိုအပ်တော့ပါဘူး။

သုတေသီများဟာ “space bubble” များနှင့် ပြုလုပ်ထားသည့် နေရောင်ခြည်ကို ကာကွယ်မည့် အရာကြီးကို Lagrangian Point 1 တွင် ထားရှိဖို့ စဉ်းထားနေပါတယ်။
Lagrangian Point 1 ဆိုသည်မှာ အာကာသအတွင်း တည်ငြိမ်သည့် ပတ်လမ်း တနေရာဖြစ်ပြီး ထိုနေရာတွင် ကမ္ဘာနှင့် နေ ၏ ဆွဲအားများမှ ကင်းလွတ်နေပါတယ်။
လက်ရှိ James Webb အာကာသတွင်း တယ်လီစကုပ် မှန်ပြောင်းကြီးဟာ Lagrangian Point 2 တွင် နေရာယူ ထားပါတယ်။
အဆိုပါ နည်းလမ်းအတွက် အကြီးမားဆုံး အခက်အခဲကတော့ ထောက်ပံ့ပို့ဆောင်ရေး ဖြစ်တာ သံသယ ဖြစ်စရာ မရှိပါဘူး။
MIT မှ သိပ္ပံပညာရှင်များက ဒီ ပူဖောင်းများနှင့် ပြုလုပ်ထားတဲ့ ဒိုင်းကြီးကို ဘရာဇီးနိုင်ငံလောက် အရွယ်အစား အထိ ဆောက်လုပ်နိုင်မယ်လို့ ယုံကြည်ထားပြီး ပစ်လွှတ်မှု ကုန်ကျစရိတ်များကို လျှော့ချကာ အာကာသအတွင်းမှာ ထုတ်လုပ်နိုင်မယ်လို့လည်း ခန့်မှန်းထားပါတယ်။

လက်ရှိမှာတော့ ၎င်းတို့ဟာ ဆီလီကွန်နှင့် ပြုလုပ်ထားသည့် space bubble များကို အသုံးပြုပြီး စမ်းသပ်မှုများကို ပြုလုပ်နေပါတယ်။
သတင်း ထုတ်ပြန်ချက်တခုမှာ ၎င်းတို့ဟာ ပမာဏစမ်းသပ်မှုများတွင် 0.0028 atm ဖိအားနှင့် အပူချိန် -50°C အထိ ခံနိုင်ရည်ကာ အောင်မြင်မှုတွေ ရရှိခဲ့ကြောင်း ကြေညာခဲ့ပါတယ်။
Solar radiation management သို့မဟုတ် နေရောင်ခြည်ဖြာထွက် သက်ရောက်ခြင်း စီမံခန့်ခွဲမှု လုပ်ဆောင်ရမယ့် ကာလဟာ ကမ္ဘာကြီး ပူနွေးလာမှုကို မရပ်တန့်နိုင်ခဲ့ပါက ရောက်ရှိလာမယ့် နောက်ဆုံး နည်းလမ်းတခု ဖြစ်လာနိုင်ပါတယ်။
Solar geoengineering နည်းပညာနဲ့ ပတ်သတ်ပြီး အငြင်းပွားဖွယ်ရာတွေ နဲ့ သိပ္ပံပညာရှင်တွေရဲ့ သတိပေးချက်တွေ ကြားထဲကနေပြီးတော့ များစွာသော သိပ္ပံပညာရှင်တွေ နဲ့ ကုမ္ပဏီတွေဟာ ကမ္ဘာမြေကြီးဟာ စံချိန်တင် အပူချိန်ကို ဆက်လက်ရောက်ရှိနေသဖြင့် ၎င်းကိစ္စကို ဆက်လက်၍ လုပ်ဆောင်နေကြပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။