ဇွန်လ ၂၄ ရက်နေ့ ရုရှားပိုင် Tass မီဒီယာမှ သတင်းများအရ Boeri-A အတန်းအစား နျူကလီယား စွမ်းအင်သုံး ရေငုပ်သင်္ဘောသစ်ဖြစ်တဲ့ Project 955A ဟာ စမ်းသပ်မှုများ ပြုလုပ်စဉ်ကာလအတွင်း ခြောက်ကြိမ်ထက်မနည်း ပင်လယ်ပြင်သို့ စမ်းသပ် မောင်းနှင်သွားမည် ဖြစ်ကြောင်း သိရပါတယ်။
ဇွန်လ ၁၇ ရက်နေ့ကလည်း ဒီ Knyaz Oleg လို့ အမည်ပေးထားတဲ့ ရေငုပ်သင်္ဘောသစ်ဟာ အာတိတ်သမုဒ္ဒရာ မြောက်ဘက် ကုန်းတွင်းပင်လယ် တခု ဖြစ်တဲ့ ပင်လယ်ဖြူထဲမှာ ပထမဆုံးအနေဖြင့် စမ်းသပ် ခုတ်မောင်းခဲ့ပါတယ်။
သတင်းများအရ စမ်းသပ်မှုများ အောင်မြင်ပါက ၂၀၂၁ နှစ်ကုန်လောက်မှာ စတင် တာဝန် ထမ်းဆောင်နိုင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
ရေငုပ်သင်္ဘောရဲ့ ပင်လယ်ပြင် စမ်းသပ်မှုကို သင်္ဘောတည်ဆောက်သည့် ကုမ္ပဏီမှ ၄ ကြိမ် အထိ ပြုလုပ်သွားမှာဖြစ်ပြီး နိုင်ငံစမ်းသပ်မှုမှာ ၂ ကြိမ် ပြုလုပ်သွားမယ်လို့ သိရပါတယ်။
Knyaz Oleg ဟာ တိုက်ချင်းပစ် ဒုံးကျည်တင် ရေငုပ်သင်္ဘောအမျိုးအစားဖြစ်ပြီး Bulava (SS-NX-32) တိုက်ချင်းပစ် ဒုံးကျည်ဖြင့် ပစ်လွှတ် စမ်းသပ်မှုကိုတော့ ၂၀၂၁ နိုဝင်ဘာလောက်မှာ ပြုလုပ်မယ်လို့လည်း သိရပါတယ်။
လက်ရှိ ရုရှားရေတပ်မှာ Project 955 နှင့် 955A ၄ စီး တာဝန် ထမ်းဆောင်နေတာ ဖြစ်ပါတယ်။ Knyaz Oleg အပြင် နောက်ထပ် Project 955A ၃ စီးဟာ Sevmash သင်္ဘောကျင်းမှာ တည်ဆောက်နေဆဲ ဖြစ်ပါတယ်။
ဒီ ရေငုပ်သင်္ဘော တစ်စီးစီမှာ Bulava တိုက်ချင်းပစ်ဒုံးကျည် ၁၆ လုံးလောက် တင်ဆောင် စစ်ဆင်နိုင်မှာ ဖြစ်ပါတယ်။
Borei အတန်းအစား Project 955 နျူကလီးယား စွမ်းအင်သုံး တိုက်ချင်းပစ်ဒုံးတင် ရေငုပ်သင်္ဘောတွေကို Rubin Design Bureau မှ ဒီဇိုင်းဆွဲပြီး Sevmash သင်္ဘောကျင်းမှ ရုရှား ရေတပ်အတွက် တည်ဆောက်ပေးနေတာ ဖြစ်ပါတယ်။
ဒီသင်္ဘောရဲ့ အမည်ကို ၉ ရာစုနှောင်းပိုင်းနှင့် ၁၀ ရာစု အစောပိုင်းအထိ ရုရှား လူမျိုးများကို အုပ်ချုပ်ခဲ့တဲ့ မင်းသား တပါးဖြစ်တဲ့ Oleg of Novgorod ကိုအစွဲပြုပြီး ပေးထားတာ ဖြစ်ပါတယ်။
Knyaz Oleg ရေငုပ်သင်္ဘောဟာ အရှည် ပေ ၅၆၀ လောက်ရှိပြီး အကျယ် ၄၃ ပေ ရှိပါတယ်။
RSM-56 Bulava ဒုံးကျည်ဟာ ရေငုပ်သင်္ဘောမှ ပစ်လွှတ်ရတဲ့ တိုက်ချင်းပစ်ဒုံးကျည် Submarine-launched ballistic missile (SLBM) ဖြစ်ကာ ၂၀၁၃ ခုနှစ်ကတည်းက ယခု Boeri အတန်းအစား ရေငုပ်သင်္ဘောများမှာ တပ်ဆင် အသုံးပြုနေတာ ဖြစ်ပါတယ်။
ဒီ လက်နက်တွေကို ရုရှားနိုင်ငံ၏ အနာဂါတ် နျူကလီးယား လက်နက် အုတ်မြစ်အဖြစ် ရည်ရွယ်ထားတာဖြစ်ပြီး နိုင်ငံ့ လက်နက်များတွင် အကုန်အကျ အများဆုံး လက်နက် စီမံကိန်း တခုလည်း ဖြစ်ပါတယ်။
Knowledgeworms Copyright © 2021