ဦးနှောက်ဟာ ၁၀ ရာခိုင်နှုန်းပဲ အလုပ်လုပ်တာ မဟုတ်မဟုတ်

Article Science

လူ့ဦးနှောက်ဟာ အပြည့်အဝ အလုပ်မလုပ်နေတာ မဟုတ်ဘူးလို့ ယုံကြည်သူတွေရှိကြပြီး ဒီအချက်ကို ဇာတ်ကားတွေက ထပ်မံ ဖော်ပြနေပါတယ်။

၂၀၁၃ ခုနှစ်က စစ်တမ်းတခုအရ အမေရိကန်နိုင်ငံ အတွင်းမှာတောင် အင်တာဗျူးခဲ့သည့် လူဦးရေ၏ ၆၅ ရာခိုင်နှုန်းလောက်က ဦးနှောက်ဟာ ၎င်း၏ လုပ်ဆောင်နိုင်စွမ်းရဲ့ ၁၀ ရာခိုင်နှုန်းလောက်သာ အသုံးပြုနေတယ်လို့ ယုံကြည် နေကြတာပါ။

ဒီအယူအဆဟာ မှားသလား မှန်သလားဆိုတာ အဖြေ တိတိကျကျ ရှိပါတယ်။

ဦးနှောက်ဟာ ရာနှုန်းပြည့် အလုပ်လုပ်နေတာ မဟုတ်ဘဲ ၁၀ ရာခိုင်နှုန်းပဲ အလုပ် လုပ်နေတယ် ဆိုတာ မဟုတ်မှန်ကြောင်း အာရုံကြောပါရဂူ Barry Gordon က Scientific American မီဒီယာနှင့် အင်တာဗျူး တခုမှာ ရှင်းပြခဲ့ပါတယ်။

ဦးနှောက်၏ အဓိက အစိတ်အပိုင်း အများစုဟာ အမြဲတမ်းနီးပါး လှုပ်ရှားတက်ကြွနေကြောင်းကို သူက ရှင်းပြပါတယ်။

၁၀ ရာခိုင်နှုန်းကိစ္စ နှင့်ပတ်သက်ပြီး Frointers in Human Neuroscience တွင် ဖော်ပြခဲ့သည့် သုတေသန စာတမ်း မှလည်း မမှန်ကန်ကြောင်းကို ဖွင့်ချထားခဲ့ပြီး ဖြစ်ပါတယ်။

Functional magnetic resonance imaging (fMRI) လို့ခေါ်တဲ့ သာမန် ဦးနှောက်ပုံရိပ်ဖော် နည်းပညာဟာ မတူညီသည့် အလုပ်များကို လုပ်ဆောင်နေချိန်မှာ ဦးနှောက်အတွင်း လှုပ်ရှားမှုများကို တိုင်းတာပေးပါတယ်။

Image: Courtesy of MEDS.WIKI

ထိုနည်းပညာနှင့် အလားတူ နည်းလမ်းများကို အသုံးပြုပြီး သုတေသီများဟာ ဦးနှောက်ကို လူတွေ ဘယ်လောက် အထိ အ သုံးချနေသလဲဆိုတာကို ပြသခဲ့ပြီး ဖြစ်ပါတယ်။

လူသားများ၏ ဦးနှောက်ဟာ အနားယူနေစဉ် သို့မဟုတ် အိပ်စက်နေသည့် အချိန်မှာတောင် တက်ကြွစွာ အချိန်တော်တော်များများ အလုပ်လုပ်နေတတ်ပါတယ်။

ဒါပေမယ့် ဘယ်လောက် ရာခိုင်နှုန်း အလုပ်လုပ်သလဲ ဆိုတာကတော့ အချိန် နှင့် လူတဦးစီ အပေါ်မူတည်ပြီး ကွဲပြားမှုတော့ ရှိပါတယ်။

ဒါဟာ လူတယောက် ဘာလုပ်နေသလဲ ဒါမှမဟုတ် ဘာတွေကို စဉ်းစားနေသလဲအပေါ် အများကြီး မူတည်နေတာပါ။

ဦးနှောက်ဟာ ၁၀ ရာခိုင်နှုန်းပဲ အလုပ်လုပ်တယ်ဆိုတဲ့ အယူအဆ ဖြစ်လာပုံ

ဒီဒဏ္ဍာရီနှင့် ပတ်သက်ပြီး မည်သို့ အစပြုခဲ့သလဲ ရှင်းရှင်းလင်းလင်း မသိရပေမယ့် ဖြစ်နိုင်သည့် ရင်းမြစ်တွေတော့ များစွာ ရှိပါတယ်။

၁၉၀၇ ခုနှစ်က သိပ္ပံဂျာနယ် တခုမှာ စိတ်ပညာရှင်နှင့် စာရေးဆရာ William James က လူသားတွေဟာ စိတ်ပိုင်းဆိုင်ရာ အရင်းမြစ်များရဲ့ အချို့တဝက်သာ အသုံးပြုတယ်လို့ ဆိုခဲ့ပါတယ်။

ဒါပေမယ့် သူဟာ ရာခိုင်နှုန်း ဘယ်လောက်ကို အသုံးပြုသလဲ ဆိုတာကိုတော့ တိတိကျကျ မပြောခဲ့ပါဘူး။

အထက်ပါ အကြောင်းအရာကို ၁၉၃၆ ခုနှစ်က ထုတ်ဝေခဲ့သည့် Dale Carnegie ၏ How to Win Friends and Influence People စာအုပ်တွင်လည်း ထည့်သွင်း ရေးသားခဲ့ပြန်ပါတယ်။

Neuron သရုပ်ပြ

သူဟာ ကောလိပ် ပါမောက္ခ တယောက်က အမြဲ ပြောတတ်တဲ့ အကြောင်းအရာ အဖြစ် ထည့်သွင်း ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

သိပ္ပံ ပညာရှင်များတွင်လည်း အာရုံကြောများဟာ ဦးနှောက် ဆဲလ်များ၏ ၁၀ ရာခိုင်နှုန်းလောက်ကို ဖန်တီးပေးတယ် လို့ ယုံကြည်ထားတာ ရှိပါတယ်။

ဒါဟာ ဦးနှောက်က ၁၀ ရာခိုင်နှုန်းသာ အလုပ်လုပ်တယ် ဆိုတဲ့ ကိစ္စနှင့် မသက်ဆိုင်ပေမယ့် တလွဲ အဓိပ္ပါယ် ကောက်တာမျိုးတော့ ဖြစ်နိုင်ပါတယ်။

အလားတူပင် ထိုအကြောင်းဟာ ဆောင်းပါးများ၊ ရုပ်မြင်သံကြား အစီအစဉ်များနှင့် ရုပ်ရှင်များတွင် ထပ်ခါ တလဲလဲ ပါလာပြီးနောက် လူအများစုဟာ ဦးနှောက်အနေဖြင့် ၁၀ ရာခိုင်နှုန်းသာ အလုပ်လုပ်နေတာ ဖြစ်တယ်လို့ မှားယွင်း ယုံကြည်နေကြတာ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

First Published 28/8/2022

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *