ဂျာမန် ဖယ်ဒရယ် နိုင်ငံခြားရေးရုံးမှ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂ ရက်နေ့တွင် ထုတ်ဝေသော အချက်အလက်များအရ Brandenburg အတန်း အစား ဖရီးဂိတ် စစ်သင်္ဘော Bayern ဟာ အနောက်မြောက် Wilhelmshaven ဆိပ်ကမ်းမှ အာရှဒေသသို့ ထွက်ခွာသွားပြီလို့ သိရပါတယ်။
၆ လခန့်ကြာမြင့်မည့် ဒီခရီးစဉ်တွင် အဆိုပါ စစ်သင်္ဘောဟာ မြောက်ကိုရီးယားအား ကုလသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုများကို ရေကြောင်းမှ စောင့်ကြည့်ခြင်း၊ မိတ်ဖက်နိုင်ငံများရှိရာ ဆိပ်ကမ်းများသို့ ဆိုက်ကပ်ခြင်း နှင့်ဘက်စုံ လုပ်ငန်းဆောင်တာများ ပါဝင်မှာ ဖြစ်ပါတယ်။
Bayern ဟာ Type 123 Brandenburg အတန်းအစား ဖရီးဂိတ် စစ်သင်္ဘောတစီး ဖြစ်ပါတယ်။ ဒီသင်္ဘောတွေကို ဂျာမန် ရေတပ်မှ ၁၉၈၉ ခုနှစ်က စတင်ပြီး မှာယူခဲ့တာပါ။

၁၉၉၄ ခုနှစ် မှ ၁၉၉၆ ခုနှစ်အတွင်း တည်ဆောက်ပြီးစီးကာ တပ်တော်ဝင်နိုင်ခဲ့ပြီး အဲဒီ့အချိန်က အိုမင်းလာပြီဖြစ်တဲ့ Hamburg အတန်းအစား ဖျက်သင်္ဘောများ နေရာမှာ အစားထိုးခဲ့ပါတယ်။
အဆိုပါ ဖရီးဂိတ် စစ်သင်္ဘောများဟာ အဓိကအားဖြင့် ရေငုပ်သင်္ဘောတိုက်ဖျက်မှု စစ်ဆင်ရေးများကို ဆောင်ရွက်ကြသော်လည်း လေ ကြောင်း ကာကွယ်ရေး လုပ်ငန်းများ၊ နည်းဗျူဟာမြောက် အမိန့်ပေးမှုများနှင့် ရေပြင်/မြေပြင်မှ ရေပြင်/မြေပြင်ပစ် စစ်ဆင်ရေးများကိုလည်း လုပ်ဆောင်နိုင်ပါတယ်။
ဒါ့အပြင် သင်္ဘောတည်ဆောက်ရာမှာ ရေဒါပျောက်နိုင်သည့် အင်္ဂါရပ်များ ထည့်သွင်း တည်ဆောက်ထားခဲ့တဲ့အတွက် ရေဒါမှ ဖမ်းယူလျှင် သင်္ဘောအရွယ်အစားကို များစွာ လျှော့ချထားဖွယ်ရှိပါတယ်။

တန်ချိန် ၄၇၀၀ လောက်ရှိတဲ့ ဒီသင်္ဘောမှာ Thales LW08 D-Band ဝေဟင်ရှာဖွေရေး ရေဒါ၊ Thales SMART-S-F-Band ရေပြင်ရှာ ရေဒါ၊ Thales STIR-180 ပစ်ခတ်ထိန်းချုပ်မှု ရေဒါ၊ Raytheon Redpath I-Band လမ်းပြ ရေဒါ၊ ကြိမ်နှုန်းနိမ့် ဆွဲယူ ဆိုနာစနစ် (LFASS) နှင့် STN Atlas ဆိုနာ တို့ ပါဝင်ပါတယ်။
ဒါ့ကြောင့် အဆိုပါ သင်္ဘောတွင် လုံလောက်သည့် အာရုံခံ စနစ်များ နှင့် ရန်သူကိုရှာဖွေဖို့ ရေဒါစနစ်များ ပါဝင်တယ်လို့ ဆိုနိုင်ပါတယ်။
၎င်း အာရုံခံ စနစ်များနှင့် ရေဒါများကို အဓိက လက်နက်များဖြစ်တဲ့ နှစ်ခုတွဲ MBDA MM-38 Exocet လောင်ချာ ၂ လုံး၊ NATO Sea Sparrow ဒုံးများ ပစ်လွှတ်နိုင်တဲ့ Lockheed Martin ထုတ် Mk41 Mod3 ဒေါင်လိုက်ပစ်လွှတ်စနစ် ၁၆ ခု၊

၂၁ ဆဲလ် RAM system နှစ်ခု၊ နှစ်ခုတွဲ Mk46 တော်ပီတော်ပစ်ပြွန် ၂ ခု၊ Oto Melara 76/62 ပင်မမြောက် နှင့် Rheinmetall Rh202 20mm စက်ကလေး တို့နှင့် တွဲဖက်ပြီး ထိန်းချုပ်၊ ပဲ့ထိန်းလမ်းညွှန်ကာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ခေတ်မှီစနစ်များနှင့် Brandenburg အတန်းအစား ဂျာမန်တို့ရဲ့ ဖရီးဂိတ် စစ်သင်္ဘော၏ ခရီးစဉ်တလျှောက်မှာ စောင့်ကြည့်ခံနေရမှာတော့ အသေအချာပဲ ဖြစ်ပါတယ်။
Knowledgeworms Copyright © 2021