ဂျက်တိုက်လေယာဉ်များဟာ ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်များရန်မှ ကာကွယ်နိုင်ဖို့ လမ်းလွှဲစနစ်များ ဖြစ်သည့် Flare များ ကို ထုတ်လွှတ်လေ့ ရှိပါတယ်။
ခေတ်သစ် အနီအောက် ရောင်ခြည်သုံး ဒုံးကျည်များဟာ Flare များကို သိရှိနိုင်စွမ်း ရှိလာသည့် အတွက် ယနေ့ခေတ် တိုက် လေယာဉ်များတွင် အသုံးပြုနေသည့် ခေတ်ဟော်း Flare များ၏ ထိရောက်မှုဟာ နည်းပါးလာပါတယ်။
ဂျာမနီစစ်တပ်ဟာ Leonardo လီယိုနာဒို ကာကွယ်ရေးပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီမှ ထုတ်လုပ်ထားတဲ့ BriteCloud 218 မျိုးကွဲ Decoy (ဒုံးကျည် လမ်းလွှဲစနစ်) ကို ၂၀၂၁ ခုနှစ်က ပထမဆုံး စမ်းသပ်ခဲ့ပါတယ်။
မကြာသေးမီက ပြုလုပ်ခဲ့တဲ့ ဒီစမ်းသပ်မှုမှာ Airbus မှ အဝေးထိန်း ဝေဟင် ပစ်မှတ်စနစ် Remotely Piloted Air Target System (RPATS) ဒရုန်းမှ တဆင့် BriteCloud Decoy များကို ပျံသန်းရင်း လွှတ်ထုတ်ခဲ့ပါတယ်။
အဓိကအားဖြင့် ပစ်မှတ်ပြုလုပ်ထားတဲ့ ဒရုန်းတွေကို Semi-Active Radar (SAR) လမ်းညွှန် စနစ်သုံး ဒုံးကျည်များ ရန်မှ လှည့်စားနိုင်စွမ်း ရှိမရှိဆိုတာကို ဒီ Decoy တွေ အသုံးပြုပြီး စမ်းသပ်ခဲ့တာပါ။

Leonardo ရဲ့ Flare (တိုက်လေယာဉ်များ ဒုံးကျည်များကို ရှောင်ကွင်းရန် အသုံးပြုသည့် မီးကျည်) အရွယ် အီလက်ထရောနစ် ပစ္စည်းဟာ ဝေဟင်ပစ် ဒုံးကျည်များကို ပစ်မှတ်မှ လမ်းလွှဲ နိုင်ပါတယ်။
ထိုစမ်းသပ်မှုကို Airbus၊ Leonardo နှင့် ဂျာမနီ ခွဲခြမ်းစိတ်ဖြာမှုနှင့် စမ်းသပ်မှု ကုမ္ပဏီတစ်ခုဖြစ်တဲ့ IABG တို့ ပံ့ပိုးပေးခဲ့တာ ဖြစ်ပါတယ်။
BriteCloud Decoy စနစ်ကို တပ်ဆင်အသုံးပြုရာမှာ တခြား ပစ္စည်များ ထပ်မံ ပေါင်းစပ်စရာ မလိုဘဲနှင့် ပုံမှန် အသုံးပြု နေ ကျ airborne countermeasure dispenser လေကြောင်း တန်ပြန်ကာကွယ်ရေး ပစ်လွှတ် ကိရိယာ (ဒုံးကျည်များကို ကာကွယ်ရန် မီးကျည် သို့မဟုတ် အစအနများ ထုတ်ပေးသည့် ကိရိယာ) များတွင် တပ်ဆင် အသုံးပြုနိုင်မယ်လို့ သိရပါတယ်။
Decoy အလုပ်လုပ်ပုံကတော့ ရန်သူပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ကို ရေဒီယိုလှိုင်းများ ထုတ်လွှင့်ပြီး ပစ်မှတ် လေယာဉ်ပုံစံ ဟန်ဆောင်ကာ လမ်းလွှဲစေတာ ဖြစ်ပါတယ်။

ဒီအသေးစား ရေဒီယို ဖိဖျက် နည်းပညာမှာ နောက်ဆုံးပေါ် အီလက်ထရွန်းနစ် စစ်ဆင်ရေး နည်းစနစ်များ အသုံးပြုထားပါတယ်။
Brite Cloud 218 Decoy မျိုးကွဲ များကို AN/ALE-47 အပါအဝင် လေကြောင်း တန်ပြန်ကာကွယ်ရေး ပစ်လွှတ် ကိရိယာ မျိုးစုံ မှာ တပ်ဆင် အသုံးပြုနိုင်မယ်လို့ သိရပါတယ်။
ကုမ္ပဏီရဲ့အဆိုအရ ဒီစနစ်တွေကို F-15၊ F-16 တိုက်လေယာဉ်များအပြင် ပိုမိုသေးငယ်တဲ့ အဝေးထိန်း ဝေဟင်ပစ်မှတ်သုံး ဒရုန်းများမှာပါ ဈေးနှုန်းသက်သာစွာဖြင့် အသုံးပြုနိုင်မယ်လို့လည်း သိရပါတယ်။
အမေရိကန် အမျိုးသားလေကြောင်းရန် ကာကွယ်ရေး ဌာနမှ ဦးစီးတဲ့ နိုင်ငံခြား နည်းပညာ နှိုင်းယှဉ် စစ်ဆေးမှု အစီအစဉ် Foreign Comparative Testing (FCT) ရဲ့ တစိတ်တပိုင်းအဖြစ် ဒီ BriteCloud 218 တွေကို F-16 တိုက်လေယာဉ်တွေမှာ စမ်းသပ်နေပြီ ဖြစ်ပါတယ်။

ကုမ္ပဏီ အဆိုအရ ၎င်းတို့၏ မူလ BriteCloud 55 Decoy ကိုတော့ ဗြိတိန်တော်ဝင်လေတပ်မှာ အသုံးပြုနေပြီလို့ သိရပါတယ်။
ဝေဟင်ပစ် ဒုံးကျည်များ တိုးတက်လာတာနှင့်အတူ Airborne Countermeasure System လေကြောင်းတန်ပြန် ကာ ကွယ်ရေး စနစ်ဟာလည်း ပိုမိုတိုးတက်လာတာ ဖြစ်ပါတယ်။
ဒီလို နည်းပညာများနှင့် Decoy များကို အသုံးပြုထားတဲ့ F-15 နှင့် F-16 လို လေယာဉ်များဟာ သက်တမ်းရင့် တိုက်လေ ယာဉ်များ ဖြစ်သည့် တိုင်အောင် ဒုံးကျည်များရန်မှ ကာကွယ်နိုင်စွမ်း ရှိနေဦးမှာပါ။
ဒါ့ကြောင့် အနာဂါတ်မှာ စတုတ္ထမျိုးဆက် တိုက်လေယာဉ်များဟာလည်း ဆယ်စုနှစ်နှင့် ချီကာ ဝေဟင်တွင် ဆက်လက် ကြီး စိုးနေဦးမှာ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။