လေယာဉ်တင် သင်္ဘောများဟာ တိုက်လေယာဉ်များ ဆင်းသက် ပျံသန်းဖို့အတွက် လုံလောက်တာထက် ပိုပြီး ကြီးမားကြပေမယ့် ကုန်တင်လေယာဉ်ကြီးများ ဆင်းသက်ဖို့ရာကတော့ မလွယ်ကူပါဘူး။
အချို့နိုင်ငံများဟာ လေယာဉ်တင်သင်္ဘောပေါ်မှ သမားရိုးကျ တိုက်လေယာဉ်များကိုပင် ဝန်အပြည့်နှင့် ပျံတက်ဖို့ကိုတောင် ယနေ့ အချိန်အထိ ရုန်းက န်နေရဆဲပါ။
ဒါပေမယ့် ၁၉၆၃ လောက်မှာ အလတ်စား ကုန်တင်လေယာဉ် C-130 ကို USS Forrestal လေယာဉ်တင် သင်္ဘောကြီးမှာ ဆင်းသက်နိုင်ခဲ့ပါတယ်။
USS Forrestal (CVA-59) ဟာ နာမည်ကျော် တိုက်လေယာဉ်များဖြစ်ခဲ့သည့် F-14 Tomcat များအတွက် ပထမဆုံး အရည် အချင်း ပြည့်မှီခဲ့သည့် လေယာဉ်တင် သင်္ဘောကြီး ဖြစ်ခဲ့ပါတယ်။
F-14 တိုက်လေယာဉ်နှင့် C-130 ကုန်တင်လေယာဉ် နှစ်စင်းကို နှိုင်းယှဉ်ပါက Ferrari ပြိုင်ကားတစင်းနှင့် ဘတ်စ်ကားကြီး တစင်းကို နှိုင်းယှဉ်သလို အရွယ်အစား ကွာဟချက် ကြီးမားလှပါတယ်။

ဒီလို ကြီးမားတဲ့ C-130 လေယာဉ်ကို တန်ချိန် ၆၀,၆၁၀ လောက်ရှိတဲ့ လေယာဉ်တင် သင်္ဘောကြီးမှာ ဆင်းသက်ဖို့ ဒုဗိုလ် James H. Flatley III တိတိကျကျ စွမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။
လေယာဉ်တင်သင်္ဘောပေါ်မှ ကျဉ်းမြောင်းတဲ့ နေရာတခုမှ လေယာဉ်ကို ရပ်တန့်နိုင်ခဲ့ပြီး လေယာဉ်မှူးအတွက်တော့ အလွန်ကို လွယ်ကူနေသယောင်ပါပဲ။
ဒါဟာ အကြိမ်ပေါင်းများစွာ နှင့် နာရီပေါင်းများစွာ ပျံသန်းချိန် အတွေ့အကြုံရှိပြီး လေယာဉ်မှူး တယောက်ရဲ့ ပြောင်မြောက်တဲ့ စွမ်းဆောင်မှု တခုပဲ ဖြစ်ပါတယ်။
ဆင်းသက်မှု မလုပ်ဆောင်မီ ဒီလိုတာဝန် ပေးအပ်မှုကို James က ဟာသပြောနေတယ်လို့ ထင်နေခဲ့တာပါ။

“လေယာဉ်တင်သင်္ဘောပေါ်မှာ C-130 လေယာဉ်နဲ့ ဆင်းရမှာလား? ဒါ တယောက်ယောက် နောက်လိုက်တာ နေမှာပါကွာ” လို့ James ကပြောခဲ့ကြောင်း Joseph Earl Dabney ရေးသားခဲ့သည့် “Hero of the Skies” စာအုပ်တွင် ဖော်ပြခဲ့ပါတယ်။
ဒါပေမယ့် ဒါဟာ ကာကွယ်ရေး ဝန်ကြီးဌာနက ညွှန်ကြားခဲ့တာ တော့မဟုတ်ပါဘူး။
ရေတပ်ဌာန၏ အကြီးဆုံး အရာရှိ ဖြစ်တဲ့ ရေတပ်စစ်ဆင်ရေး အကြီးအကဲက Super COD သို့မဟုတ် Carrier Onboard Delivery လို့ခေါ်တဲ့ လေယာဉ်တင်သင်္ဘောသို့ ကုန်ပစ္စည်းပို့ဆောင်မှုကို C-130 Hercules တွေ အသုံးချလို့ ရနိုင်မရနိုင် ဖြစ်နိုင်ချေကို စမ်းသပ်ဖို့ အမိန့်ပေးခဲ့တာပါ။
အဲဒီ့အချိန်က ဒီတာဝန်ကို Grumman C-1 Trader လို့ခေါ်တဲ့ လေယာဉ်တင် သင်္ဘောပေါ်သို့ ကုန်ပစ္စည်း ပို့ဆောင်သည့် လေယာဉ်များမှ တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။

အင်ဂျင် ၂ လုံးတပ် လေယာဉ်ငယ်များဟာ မိုင် ၃၀၀ အထိသာ ပျံသန်းနိုင်တာ ဖြစ်တဲ့အတွက် သမုဒ္ဒရာ အလယ်မှာ ရှိတဲ့ လေယာဉ်တင်သင်္ဘောပေါ်ကို အရေးပေါ် ကုန်ပစ္စည်း ပေးပို့ရာအတွက် အခက်အခဲတွေ ရှိခဲ့ပါတယ်။
တခြား တဖက်မှ ကြည့်မယ်ဆိုရင် C-130 Hercules များဟာ ပိုမိုတည်ငြိမ်၊ စိတ်ချရပြီး ကုန်ပစ္စည်းပေါင်း များစွာကို ဝေး ကွာ သည့် အကွာအဝေးအထိ ပို့ဆောင်နိုင်ပါတယ်။
အောက်တိုဘာလ ၈ ရက် ၁၉၆၃ ခုနှစ်မှာတော့ ရေတပ်ဟာ မရင်းတပ်မှ KC-130F လောင်စာဖြည့်တင်း လေယာဉ်ကို အငှားအနေဖြင့် ရရှိခဲ့ပါတယ်။
Lockheed ကုမ္ပဏီဟာ လေယာဉ်၏ နှာခေါင်းရှိ အဆင်းဂီယာ ပြင်ဆင်ခြင်း၊ ဘရိတ်ဖမ်းရာမှ လမ်းချော်မှု မဖြစ်စေရန် ကာကွယ်ပေးသည့် စနစ်နှင့် တောင်ပံအောက်မှ လောင်စာဆီဖြည့်တင်းသည့် ကိရိယာတို့ကို ဖြတ်ခြင်း စသည့် မွမ်းမံမှု အနည်း ငယ်သာ လုပ်ဆောင်ခဲ့ရပါတယ်။

၁၉၆၃ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့မှာတော့ James H. Flatley နှင့် ၎င်း၏ လေယာဉ် အမှူထမ်းများဟာ လေယာဉ်တင် သင်္ဘောပေါ်သို့ ပြေးလမ်းအား ထိပြီး ချက်ချင်းပျံတက်သည့် အကြိမ်ရေ ၂၉ ခု ပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် လေယာဉ်အား အဆင်းတွင် ဖမ်းယူသည့် စနစ် အသုံးမပြုဘဲ ၂၁ ကြိမ် ဆင်းသက်နိုင်ခဲ့ကာ အကူအညီ မပါဘဲ အ လေးချိန် ပေါင် ၈၅,၀၀၀ မှ ၁၂၁,၀၀၀ ကြားဖြင့် ပျံတက်ခြင်း ၂၁ ခါ လုပ်ဆောင်ခဲ့ပြန်ပါတယ်။
ရလဒ်တွေကတော့ ကနဦး အားလုံးက မျှော်လင့်ထားသည့်ထက် အများကြီး ကောင်းမွန်နေခဲ့ပါတယ်။
စမ်းသပ်မှုမှ တဆင့် C-130 ကုန်တင်လေယာဉ်ဟာ ၁၂.၅ တန် လောက် ရှိတဲ့ ကုန်ပစ္စည်းတွေကို မိုင် ၂,၅၀၀ လောက်မှ သယ် ဆောင်ပြီး လေယာဉ်တင် သင်္ဘောပေါ်ကို အောင်မြင်စွာ ဆင်းသက်နိုင်တယ်ဆိုတာ သိရှိခဲ့ရပါတယ်။

သို့ပေမဲ့ အမေရိကန်ရေတပ်ဟာ ဒီလို လုပ်ဆောင်တာဟာ ကျွမ်းကျင်တဲ့ လေယာဉ်မှူးများ လိုအပ်သည့်အပြင် တခုခု အမှားအယွင်းရှိပါက ဆုံးရှုံးမှု ကြီးမားနိုင်တဲ့အတွက် COD ပမာဏကို အနည်းငယ်သာ ပုံသေ သတ်မှတ်ခဲ့ပါတယ်။
ဒါ့ကြောင့် C-130 များဟာ လေယာဉ်တင် သင်္ဘောများအတွက် ကုန်ပစ္စည်းများ သယ်ယူပေးဖို့ အလားအလာနဲ့ လွဲချော်ခဲ့ရပါတယ်။
စမ်းသပ်မှုတွင် လေယာဉ်ကို ပျံသန်းခဲ့သည့် လေယာဉ်မှူး James H. Flatley ကတော့ သူ၏ ကြိုးစား အားထုတ်မှု အတွက် Distinguished Flying Cross ဆုတံဆိပ်ကို ချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။