အာဖကန်တွင် တကြိမ်ထဲဖြင့် လူ ၈၀၀ ကယ်တင်နိုင်ခဲ့တဲ့ C-17 လေယာဉ်ကြီး အကြောင်း

Knowledge Military

အမေရိကန် သယ်ယူပို့ဆောင်ရေး လေယာဉ်များဖြစ်တဲ့ C-17 Globemaster III များကို လေထီးတပ်သား ၁၀၀ ခန့်နှင့် ၎င်းတို့၏ အသုံး အ ဆောင် ပစ္စည်းများကိုသာ သယ်ဆောင်နိုင်ဖို့ ဒီဇိုင်းဆွဲထားတာ ဖြစ်ပါတယ်။

သတင်းများအရ အမေရိကန် လေတပ်၏ C-17A RCH871 လေယာဉ်ဟာ အာဖကန်နစ္စတန်နိုင်ငံ ကဘူးမြို့တော်မှ လူပေါင်း ၈၀၀ ကျော်ကို တကြိမ်တည်းနှင့် တင်ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

C-17 Globemaster လေယာဉ်ကြီးများဟာ အရှည် ၁၇၄ ပေ နှင့် တောင်ပံ အကျယ် ၁၇၀ ခန့်ရှိသည့် ကြီးမားသည့် စစ်ဘက်သုံး သယ်ယူ ပို့ဆောင်ရေး လေယာဉ်များ ဖြစ်ပါတယ်။

လေယာဉ်ကို စွမ်းအင်မြင့် Pratt & Whitney F117-PW-100 အင်ဂျင်ကြီး ၄ လုံးကို တပ်ဆင်ထားပါတယ်။ အဆိုပါ အင်ဂျင်ကို အရပ်ဘက်သုံး Boeing 757 လေယာဉ်များတွင်လည်း အသုံးပြုပါတယ်။

အင်ဂျင် တလုံးစီမှ ပေါင် ၄၀,၉၀၀ စီ တွန်းကန်အား ပေးနိုင်ပြီး thrust reverser များဟာ ဖုန်မှုန့်နှင့် အစအနများ မဝင်စေရန် အပေါ်နှင့် အ ရှေ့သို့ လေများကို တိုက်ရိုက် စီးဆင်းစေပါတယ်။

လေယာဉ်တွင် လေယာဉ်မှူး၊ လက်ထောက်လေယာဉ်မှူးနှင့် ဝန်တင် ဝန်ချ လေယာဉ်အမှုထမ်း အပါအဝင် အဖွဲ့သား ၃ ဦး မှ လိုက်ပါ ပျံသန်းလေ့ ရှိပါတယ်။

ကုန်များကို စစ်ဘက်သုံး ယာဉ်များနှင့် အပြားများခံကာ ထုတ်ပိုးထားသည့် ကုန်များထားနိုင်သည့် နေရာသို့ အနောက်တံခါးကြီးမှ တဆင့် နေရာချထားလေ့ ရှိပါတယ်။

C-17 ဟာ ကြည်းတပ်မှ ဝေဟင်သို့ သယ်ယူပို့ဆောင်နိုင်သည့် ပစ္စည်းများနှင့် ကြီးမားသည့် တိုက်ခိုက်ရေးသုံး ပစ္စည်းများ အားလုံး နီးပါးလောက်ကို သယ်ဆောင်ပေးနိုင်စွမ်း ရှိပါတယ်။

ဒါ့အပြင် C-17 များဟာ ဝေဟင်မှနေပြီး လေထီးစစ်သားများ တပ်ဖြန့်ပေးခြင်း၊ စစ်လက်နက် ပစ္စည်းများ အပါအဝင် ကုန်များကို လေထီးဖြင့် ချပေးခြင်းများ လုပ်ဆောင်နိုင်ပါတယ်။

လေယာဉ်၏ အများဆုံး တင်ဆောင်နိုင်သည့် ဝန်အလေးချိန်မှာ ၁၇၀,၉၀၀ ပေါင် ဖြစ်ပြီး အများဆုံး ပျံတက်နိုင်သည့် အကြမ်းဖျင်း အလေးချိန်မှာ ၅၈၅,၀၀၀ ပေါင် ဖြစ်ပါတယ်။

အလေးချိန် ပေါင် ၁၃၀,၀၀၀ လောက်ကို တင်ဆောင်ထားချိန်မှာ ကနဦးပျံသန်း အမြင့်ပေ ၂၈,၀၀၀ ခန့်တွင် ပျံသန်းနိုင်ပြီး လောင်စာဆီ ထပ် မံ မဖြည့်တင်းဘဲ ၅၉၈၄ မိုင်လောက် ဆက်တိုက် ပျံသန်းနိုင်ပါတယ်။

ပုံမှန် ပျံသန်းနိုင်သည့် အမြန်နှုန်းမှာ ခန့်မှန်းခြေ တနာရီလျှင် ၅၁၈ မိုင်နှုန်း လောက်ရှိပြီး အဲဒီ့အလျှင်ဟာ အသံအလျှင်၏ .၇၇ လောက်နှင့် ညီမျှပါတယ်။

C-17 Globemaster ဖြင့် လူ ၈၀၀ လောက် ကယ်တင် နိုင်ခဲ့တာကြောင့် လေယာဉ်၏ စိတ်ချရပြီး စွမ်းဆောင်ရည်မြင့်မှုကို လူတော်တော်များများက အံ့အားသင့်နေကြပါတယ်။

သယ်ယူပို့ဆောင်ရေးလေယာဉ် C-17 များကို ၁၉၉၁ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့မှာ ပထမဆုံး စမ်းသပ် ပျံသန်းခဲ့ပြီး ၁၉၉၅ ခုနှစ်မှာ စတင် မိတ်ဆက် ခဲ့ပါတယ်။

လက်ရှိတွင် ၁၉၉၁ မှ ၂၀၁၅ အတွင်း ထုတ်လုပ်ခဲ့သည့် C-17 ပေါင်း ၂၇၉ စင်း တာဝန်ထမ်းဆောင်လျှက် ရှိပါတယ်။

လူ ၈၀၀ တင်ဆောင် ကယ်တင်ခဲ့သည့် အမေရိကန် လေတပ်၏ C-17A RCH871 လေယာဉ်ဟာ ၂၀၀၁ ဇန်နဝါရီက စတင် တာဝန် ထမ်းဆောင်ခဲ့တာ ဖြစ်ပြီး သက်တမ်း နှစ် ၂၀ ရှိနေပြီ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *