Camaero-Tech ဟာ အထူးတပ်ဖွဲ့များကဲ့သို့ အဖွဲ့အစည်းများ၊ ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့များ စသည်တို့အတွက် ကိရိယာများ ထုတ်လုပ်ပေးနေသည့် ကုမ္ပဏီ တခု ဖြစ်ပါတယ်။
ကုမ္ပဏီဟာ အစ္စရေးနိုင်ငံတွင် အခြေစိုက်ထားတာ ဖြစ်ပြီး အခုတော့ နံရံကို ဖောက်ထွင်းမြင်နိုင်ပြီး သယ်ဆောင်ရလွယ်ကူသညီ့ စွမ်းဆောင်ရည်မြင့် ပုံရိပ်ဖော်စက်ကို ဖန်တီးထားပါတယ်။
ကုမ္ပဏီ၏ သတင်းထုတ်ပြန်မှု အရ Xaver 1000 လို့ခေါ်တဲ့ ဒီ ကိရိယာကို ၎င်း၏ တရားဝင် မျိုးဆက်သစ် ထုတ်ကုန် အဖြစ် ထည့်သွင်းထားလိုက်ပြီ ဖြစ်ပါတယ်။
Camaero-Tech ကုမ္ပဏီဟာ Samy Katsav Group (SK Group လို့လည်း သိကြ) ၏ အဖွဲ့ဝင် ကုမ္ပဏီဖြစ်ပြီး ကမ္ဘာပေါ်ရှိ Pulse-based UWB အသေးစား ရေဒါများကို ထုတ်လုပ် တီထွင်ရောင်းချနေသည့် ဈေးကွက်တွင် ဦးဆောင်နေသည့် ကုမ္ပဏီ တခု ဖြစ်ပါတယ်။
၎င်း၏ မိခင် ကုမ္ပဏီ ဖြစ်တဲ့ SK Group ကတော့ ရှေ့တန်း ကာကွယ်ရေး၊ ရဲတပ်ဖွဲ့များအတွက် နည်းပညာများ၊ အဏ္ဏဝါဆိုင် ရာ အခြေခံ အဆောက်အအုံများနှင့် အိမ်ခြံမြေ ဖွံ့ဖြိုးတိုးတက်မှု ကဏ္ဍများကို အဓိကထား လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် အသေးစား လက်နက်စနစ်များ၊ လျှပ်စစ် အလင်းနှင့် လေဆာရောင်ခြည် နည်းပညာများ၊ ပုံရိပ်ဖော်စနစ်များ၊ ရေ တပ်အတွက် နည်းပညာများ စသည်တို့ကိုလည်း တီထွင်ဖန်တီး ထုတ်လုပ်လျှက် ရှိပါတယ်။
SK Group ဟာ နည်းပညာပိုင်း၊ အတွေ့အကြုံ များတွင် ခိုင်မာတဲ့ မှတ်တမ်းများရှိပြီး အစ္စရေး အတွက် ထူးခြားသည့် တီ ထွင် ဖန်တီးမှုများနှင့် စစ်မြေပြင် သက်သေပြပြီး နည်းပညာများစွာကို ဖန်တီးပေးခဲ့ပါတယ်။
Camaero-Tech အဆိုအရ Xaver 1000 ကို လက်နက်ကိုင် တပ်များ၊ ရဲတပ်ဖွဲ့များ၊ ထောက်လှမ်းရေး တပ်ဖွဲ့များ စသည်တို့တွင် အသုံးချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
နာမည်ကြီး Xaver ထုတ်ကုန်များကို ကမ္ဘာအနှံ နိုင်ငံ ၅၀ ကျော်မှ စစ်ဘက်ဆိုင်ရာ၊ ရဲတပ်ဖွဲ့၊ ထောက်လှမ်းရေး၊ ရှာဖွေရေးနှင့် ကယ်ဆယ်ရေး အဖွဲ့အစည်းများမှ အသုံးပြုနေတာ ဖြစ်ပါတယ်။
အဖွဲ့အစည်း အမျိုးမျိုးအတွက် အစွမ်းထက်သည့် ကိရိယာ တခု ဖြစ်လာမည်
Xaver 1000 တွင် ဥာဏ်ရည်တု AI ကို အသုံးပြုထားသည့် တိုက်ရိုက် ပစ်မှတ် ခြေရာခံ စနစ်အပြင် ၎င်း၏ ကိုယ်ပိုင် ဖြစ်သည့် သုံးဖက်မြင် “နံရံကိုဖောက်ပြီး အာရုံခံသည့် စနစ်” ပါဝင်ပါတယ်။

ဒီ 3D ‘Sense-Through-The-Wall’နည်းပညာဟာ နံရံများနှင့် အတားအဆီးများ နောက်ကွယ်ရှိ ဓားစာခံကဲ့သို့ လူများ သို့မဟုတ် ငြိမ်သက်နေသည့် အရာဝတ္ထုများကို ရှာဖွေနိုင်မှာပါ။
ကြည်လင် ပြတ်သားမှု မြင့်မားသည့် ရုပ်ထွက်ဖြင့် ပစ်မှတ်များဟာ ထိုင်နေ၊ ရပ်နေ သို့မဟုတ် လှဲလျောင်းနေသည်များကို သိရှိနိုင်လောက်အောင် ၎င်းတို့၏ ကိုယ်ခန္ဓာ အစိတ်အပိုင်းများကို တိုက်ရိုက် အချိန်နှင့် တပြေးညီ မြင်နိုင်မှာ ဖြစ်ပါတယ်။
အဲဒီ့နောက် အသုံးပြုသူမှ စနစ်အား အရာဝတ္ထုများ၏ အရပ်ကို ဆုံးဖြတ်ပြီး လူကြီးလား၊ ကလေးလား သို့မဟုတ် တိရိစ္ဆာန်လားဆိုတာကို ခွဲခြား နိုင်မှာ ဖြစ်ပါတယ်။
ဒါ့ကြောင့် ဒီစနစ်ဟာ တရားဥပဒေ စိုမိုးမှု အားနည်းသော နေရာများ၊ ရှာဖွေရေးနှင့် ကယ်ဆယ်ရေး အဖွဲ့များ၊ မငြိမ်သက်သည့် မြို့ပြများ နှင့် သဘာဝဘေး အန္တရာယ်နေရာများ အပါအဝင် နေရာအမျိုးမျိုးတွင် ထောက်လှမ်းရေး တပ်ဖွဲ့များအတွက် မရှိမဖြစ် လိုအပ်မှာ ဖြစ်ပါတယ်။
စနစ်ဟာ အသုံးပြုသူ တဦးထဲနှင့် အလုပ်လုပ်နိုင်ပြီး ခလုတ်တချက် နှိပ်လိုက်ရုံနှင့် အသုံးပြုရန် အဆင်သင့် ဖြစ်နေမှာ ဖြစ်ပါတယ်။

Xaver 1000 စနစ်တွင် ၁၀.၁ လက်မ အရွယ် touchscreen မျက်နှာပြင်ကို တပ်ဆင် ထားပြီး လွယ်ကူစွာ အသုံးပြုနိုင်ရန် ဖန်တီးထားပါတယ်။
မစ်ရှင်အပြီး နောက်ပိုင်း စစ်ဆင်ရေးကို ခွဲခြမ်းစိတ်ဖြာခြင်း၊ လေ့ကျင့်သင်ကြားခြင်း နှင့် တာဝန်ကို ပြန်လည် အစီရင်ခံခြင်းတို့ ပြုလုပ်နိုင်ဖို့ ဖန်သားပြင်တွင် ရိုးရှင်းသည့် menu များနှင့် ပေါင်းစပ် အချက်အလက် မှတ်တမ်းများကို ပြန်လည် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
အဆိုပါ နည်းပညာဟာ ဓာတ်ရောင်ခြည် သင့်မှု ကင်းဝေးပြီး လူများနှင့် ထိတွေ့နိုင်မှုအတွက် လိုအပ်သည့် နိုင်ငံတကာ စံ ညွှန်းများနဲ့ ကိုက်ညီအောင် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။