ကင်မရာတွေရဲ့ ဆင့်ကဲ ပြောင်းလဲလာတာကို တီထွင်ပြီး သက်သေပြလိုက်တာဟာ စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။
မော်ဒယ်အသစ်တွေ နှစ်စဉ်ထွက်ရှိလာတာနဲ့အမျှ အရွယ်အစား ကြီးမားတဲ့ ကင်မရာဟောင်းများကို သေးငယ်တဲ့ အရွယ်အစားများ အထိ ကျုံ့လာတာကို ကျွန်ုပ်တို့ မြင်တွေ့လာရပါတယ်။
မိုက်ခရိုကင်မရာများကို အနုပညာလက်ရာများအဖြစ် သတ်မှတ်ထားပြီး ၎င်းတို့ဟာ ပရော်ဖက်ရှင်နယ် လက်ကိုင် ကင်မရာများနှင့် နှိုင်းယှဉ်မယ်ဆိုရင် ဖွဲ့စည်းမှုကတော့ အမြဲတမ်းနီးပါး အရည်အချင်း မပြည့်မီတာကို တွေ့ရပါတယ်။
သို့ပေမယ့်လည်း Princeton University နှင့် Washington University မှ သုတေသီတွေကတော့ ထိုအရာကို လက်မခံကြပါဘူး။

Nature Communications တွင် ထုတ်ဝေတဲ့ လေ့လာမှုတစ်ခုမှာဆိုရင် ဆားကြမ်းစေ့အရွယ်အစားရှိပြီး အလွန်သေးငယ် ကျစ်လစ်သိပ်သည်းတဲ့ ကင်မရာကို အောင်မြင်စွာဖန်တီးခဲ့ကြောင်း အဖွဲ့မှကြေညာခဲ့ပါတယ်။
ထို့အပြင် အဆိုပါ ကင်မရာဟာ ၎င်းထက် အဆ ၅သိန်း ပိုကြီးတဲ့ သမားရိုးကျ ကင်မရာမှန်ဘီလူး တပ်ဆင်မှုတွေနဲ့ ယှဉ်ပြိုင်နိုင်သည့်အပြင် ကြည်လင်ပြီး အရောင်အသွေးပြည့်တဲ့ ပုံရိပ်များကိုလည်း ဖမ်းယူနိုင်ပါတယ်။
သေးငယ်တဲ့ ရှုထောင့်မှ အတွေ့အကြုံအသစ်စက်စက်
ပုံမှန်ကင်မရာတွေဟာ ဓာတ်ပုံရိုက်တဲ့အခါ အလင်းဆုံချက်ကို ချိန်ညှိဖို့ မှန်ဘီလူးများအတွင်းမှာ မှန် သို့မဟုတ် ပလက်စတစ်အကွေးများကို အသုံးပြုကြပါတယ်။
အဖွဲ့မှဖန်တီးထားတဲ့ မိုက်ခရိုကင်မရာအသစ်မှာဆိုရင် ကွန်ပျူတာချစ်ပ်ကဲ့သို့ ထုတ်လုပ်နိုင်တဲ့ metasurface ဟုခေါ်တဲ့ အလင်းပြန်စနစ်သစ် နည်းပညာတစ်ခုပါရှိတယ် ဟု Princeton University ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါ metasurface ဟာ အရွယ်အစား မီလီမီတာ ထက်ဝက်မျှသာ ရှိပြီး ထူးခြားတဲ့ ပုံသဏ္ဍာန်များ နှင့် အလင်းဝင် အင်တာနာ အဖြစ် လုပ်ဆောင်နိုင်တဲ့ ဆလင်ဒါတိုင် ၁.၆ သန်း ပါဝင်ပါတယ်။
ဒီနေရာမှာ machine learning algorithms တွေ ပါဝင်လာပါတယ်။
ဒါတွေကြောင့် metasurface ကင်မရာမှာ အရည်အသွေးအကောင်းဆုံးပုံတွေ နှင့် အကျယ်ပြန့်ဆုံး မြင်ကွင်းတွေကို ထုတ်ပေးနိုင်ပါတယ်။
လေ့လာမှုအတွက် ပူးတွဲဦးဆောင်သူ Princeton University မှ ကွန်ပျူတာသိပ္ပံ Ph.D ကျောင်းသားတစ်ဦးဖြစ်တဲ့ Ethan Tseng က ကျွန်ုပ်တို့ လိုချင်တဲ့ ကြည်လင်ပြတ်သားတဲ့ ပုံတွေကိုရဖို့အတွက် ဒီ microstructure လေးတွေကို ဒီဇိုင်းနဲ့ တပ်ဆင်ရတာဟာ စိန်ခေါ်မှုတစ်ခု ဖြစ်တယ် ဟုဆိုပါတယ်။

တွဲဖက်ခေါင်းဆောင် Shane Colburn ဟာ မတူညီတဲ့ နာနိုအင်တာနာတွေရဲ့ စမ်းသပ်မှုကို အလိုအလျောက်လုပ်ဆောင်ဖို့အတွက် ကွန်ပျူတာ Simulator တစ်ခုကို ဖန်တီးခဲ့ပါတယ်။
အင်တာနာ အရေအတွက် နှင့် အလင်းနဲ့ ၎င်းတို့ရဲ့ အပြန်အလှန် ဆက်သွယ်မှုမှာ ရှုပ်ထွေးမှုတွေ များသော်လည်း လုံလောက်တဲ့ တိကျမှုဖြင့် metasurfaces ရဲ့ ရုပ်ပုံ ထုတ်လုပ်မှုစွမ်းရည်ကို ထိရောက်စွာ ခန့်မှန်းနိုင်စေနိုင်မည့် မော်ဒယ်ကို တီထွင်ခဲ့တယ် ဟု Colburn ကဆိုပါတယ်။
ယခင်အလွန်ကျစ်လစ်သိပ်သည်းတဲ့ metasurface မှန်ဘီလူးကင်မရာများနှင့် နှိုင်းယှဉ်ပါက ယခုထုတ်ထားတဲ့ ကင်မရာအသစ်ဟာ မြင်နိုင်တဲ့ အလင်းတန်းများကို အပြည့်အ၀ ဖမ်းယူနိုင်စေဖို့ ပုံရိပ်ကွဲလွဲမှုတွေ နှင့် ကန့်သတ်ချက်တွေကို အလွယ်တကူ ဖယ်ရှားပေးနိုင်တယ် ဟုဆိုပါတယ်။
ပုံမှန်အားဖြင့် သေးငယ်တဲ့ကင်မရာတွေဟာ ဓာတ်ခွဲခန်းရဲ့ သန့်စင်တဲ့လေဆာအလင်းတွေမှာသာ အလုပ်လုပ်သော်လည်း အသစ်ထုတ်လုပ်ထားတဲ့ ကင်မရာရဲ့ စွမ်းဆောင်ရည်ဟာ သဘာဝအလင်းရောင်မှာတောင် ဓာတ်ခွဲခန်းအလင်းရောင်ထက် ပိုကောင်းတယ်ဟု ဆိုပါတယ်။
မိုက်ခရိုကင်မရာများရဲ့ ဖြစ်နိုင်ချေရှိတဲ့ အလားအလာကောင်းတွေကတော့ အဆုံးမရှိပါဘူး။

ဒါတင်မကသေးပါဘူး။ အဆိုပါ မိုက်ခရို အလင်းပြန်စနစ် အသစ်ကို ဆေးဘက်ဆိုင်ရာ ရည်ရွယ်ချက်များအတွက် အသုံးပြုနိုင်ပြီး ရောဂါရှာဖွေခြင်းနှင့် ကုသဖို့အတွက် စက်ရုပ်များတွင် ထည့်သွင်းကာ အသုံးပြုနိုင်တယ် ဟုလည်း ဆိုပါတယ်။
Reference: The new salt grain-sized camera Princeton University and Nature Communications
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။