တိရိစ္ဆာန်လေးတွေက ဆေးဝါးတွေကို အသုံးပြုကြသလား

Knowledge Nature

တိရစ္ဆာန်​တွေဟာ ၎င်းတို့အသုံးပြုတဲ့ ဆေးဝါးအမျိုးအစားတွေကနေတဆင့် ကျွန်ုပ်တို့လူသားတွေကို ဆေးဝါးအကြောင်း သင်ကြားပေးနိုင်ပါတယ်။

ဆေးဝါးအသုံးပြုမှု ဘယ်လိုတိုးတက်ပြောင်းလဲလာတာလဲ။

ဆင့်ကဲပြောင်းလဲလာတဲ့ စရိုက်လက္ခဏာ​တွေကဲ့သို့ ဆေးဝါးကို အသုံးပြုမှုတက်လာမှုဟာလည်း သဘာဝရွေးချယ်မှုပေါ်မှာ မူတည်ပါတယ်။

Monarch butterfly

တစ်နည်းအားဖြင့် အကျိုးပြုလာတဲ့ အပြုအမူအသစ်တစ်ခုကို တွေ့ကြုံလာရတဲ့ တိရစ္ဆာန်တွေဟာ အသက်ရှင်နိုင်ပြီး အဆိုပါ အပြုအမူကို ၎င်းတို့ရဲ့သားစဉ်မြေးဆက်ထံ လွှဲပြောင်းပေးကြပါတယ်။

ဥပမာကောင်းတစ်ခုပေးရမယ်ဆိုရင် milkweed လို့ခေါ်တဲ့ အပင်တွေကို စားသုံးတဲ့ Monarch butterfly လိပ်ပြာတွေနဲ့ ပိုးတုံးလုံးကောင်တွေကို နမူနာပေးရပါလိမ့်မယ်။

Monarch butterfly လိပ်ပြာတွေဟာ မကြာခဏ ဆိုသလို ကပ်ပါးပိုးတွေ ကူးစက်ခံရလေ့ရှိပြီး ရောဂါပိုး ကူးစက်ခံထားရတဲ့ Monarch butterfly လိပ်ပြာ အမတွေဟာ ‘cardenolides’ ဟုခေါ်တဲ့ ကပ်ပါးသတ် ဓာတုပစ္စည်းတွေ ပိုမိုပါဝင်တဲ့ milkweed မျိုးစိတ် အပင်တွေပေါ်မှာ ဥဥလေ့ရှိပါတယ်။

US၊ Atlanta ရှိ Emory University မှ ပါမောက္ခ Jaap de Roode ကတော့ ၎င်းဟာ လိပ်ပြာတွေမှာဖြစ်တက်တဲ့ ကူးစက်မှုအဆင့်ကို လျှော့ချနိုင်ပြီး ပိုးမွှားကင်းစင်တဲ့ လိပ်ပြာတွေကတော့ milkweed ပင်တွေကို နှစ်သက်မှု မပြကြောင်း ပြသခဲ့တယ် ဟုဆိုပါတယ်။

Milkweed ပင် Photo by Jeffrey Hamilton on Unsplash

တိရစ္ဆာန်တွေက ဘယ်လိုဆေးဝါးမျိုးတွေကို သုံးလေ့ရှိသလဲ။

အပင်​တွေ​နှင့် အင်းဆက်ပိုးမွှားမျိုးစုံကို အသုံးပြုလာပြီး တိရစ္ဆာန်တွေဟာ ဆေးနိုင်တယ်ဆိုတဲ့ အထောက်အထားတွေ တိုးပွားလာခဲ့ပါတယ်။

ဥပမာအနေနဲ့ ချင်ပန်ဇီတွေဟာ Aspilia အပင်တွေက အရွက်ကြမ်း​​တွေကို မျိုချလေ့ရှိကြတာကို တွေ့ရပါတယ်။

အဆိုပါအရွက်တွေဟာ ၎င်းတို့ရဲ့အစာအိမ်နံရံမှ ကပ်ပါးပိုးကောင်​တွေကို ချေဖျက်ပေးနိုင်ကြပြီး သန်ကောင်​တွေကိုလည်း ၎င်းတို့ရဲ့ ခန္ဓာကိုယ်အတွင်းကနေ ဖယ်ရှားပေးနိုင်ပါတယ်။

ငှက်မျိုးစိတ် ၂၀၀ ကျော်ကလည်း ပုရွက်ဆိတ်တွေကို ၎င်းတို့ရဲ့ အမွှေးတွေ တစ်လျှောက်ပွတ်တိုက်ခြင်း သို့မဟုတ် ပုရွက် ဆိတ် အသိုက်တွေမှာ လူးလဲခြင်းများ ပြုလုပ်တက်ကြပြီး ၎င်းကို ‘anting’ ဟုခေါ်ဆိုကြပါတယ်။

၎င်းဟာ ကပ်ပါးကောင်ထိန်းချုပ်မှုရဲ့ အခြားပုံစံတစ်ခု ဖြစ်ပြီး ငှက်တွေဟာ အဆိပ်ရှိတဲ့ ဖော့မစ်အက်ဆစ်ကို ဖြန်းပေးတဲ့ ပုရွက်ဆိတ်မျိုးစိတ်​တွေကို အများစု အသုံးပြုကြတာကို တွေ့ရပါတယ်။

အာဖရိကဆင်တွေကလည်း ပင်ပန်းနွမ်းနယ်မှုကို အထောက်အကူဖြစ်စေဖို့အတွက် borage အုပ်စုမှ အပင်တစ်ပင်ကို စားသုံးပြီး ပင်ပန်းနွမ်းနယ်မှုကို ဖြေဖျောက်လေ့ရှိကြတဲ့ အထောက်အထားတွေလည်း ရှိပါသေးတယ်။

တိရစ္ဆာန်တွေကနေ ဆေးဝါးအကြောင်း ဘာတွေ သင်​ကြားပေးနိုင်သလဲ။

ဒဏ္ဍာရီ​တွေနှင့် ရိုးရာပုံပြင်တွေမှာဆိုရင် တိရိစ္ဆာန်တွေကို ဆေးပညာဗဟုသုတရဲ့ရင်းမြစ်အဖြစ် မကြာခဏ ညွှန်းဆိုလေ့ရှိကြပြီး ယနေ့ခေတ် ဆေးပညာရှင်တွေကလည်း ပိုမိုတိုးတက်စေဖို့အတွက် ကိုယ်တိုင်ဆေးပေးတဲ့ တိရစ္ဆာန်တွေကို ပိုမိုရှာဖွေလာကြပါတယ်။

ချင်ပန်ဇီတွေ အသုံးပြုတဲ့ Aspilia အပင်တွေမှာ ကပ်ပါးပိုး​တွေကို ဖယ်ရှားတဲ့နေရာမှာ ဘက်တီးရီးယား ပိုးသတ်နိုင်တဲ့ ဂုဏ်သတ္တိတွေပါရှိတာကို တွေ့ရှိခဲ့ရတဲ့အတွက်ကြောင့် အဆိုပါအပင်တွေကနေ ထုတ်ယူထားတဲ့ ဒြပ်ပေါင်းတွေကနေ ရောဂါပိုးရှိတဲ့ဒဏ်ရာတွေကို ကုသဖို့ ကူညီပေးထောက်ပံ့ပေးနိုင်တာကို မြင်တွေ့ရပါတယ်။

အင်ဒိုနီးရှားရှိ Orangutans တွေကလည်း Dracaena cantleyi က အရွက်တွေကို တံတွေးနှင့် ပွတ်တိုက်ကာ ခန္ဓာကိုယ်ကို ပွတ်လေ့ရှိကြပြီး ၎င်းအပင်ကို ဒေသခံ ဌာနေတိုင်းရင်းသားတွေက အဆစ်နှင့် ကြွက်သားနာကျင်မှု သက်သာစေဖို့ အသုံးပြုကြတာကို တွေ့ရပါတယ်။

အဆိုပါ အပင်ရဲ့ သိပ္ပံနည်းကျခွဲခြမ်းစိတ်ဖြာမှုအရ ၎င်းမှာ အမှန်တကယ် ရောင်ရမ်းမှုကို ဆန့်ကျင်ပေးတဲ့ ဂုဏ်သတ္တိများရှိကြောင်း တွေ့ခဲ့ရပါတယ်။

သဘာဝတရာကြီးနဲ့ လှပနေတဲ့ ကမ္ဘာကြီးဟာ အနာတရဖြစ်စေတဲ့အရာတွေကို ပျောက်ကင်းစေတဲ့ ဒြပ်ပေါင်း​တွေနှင့် ပြည့်နှက်နေပြီး တိရစ္ဆာန်လေးတွေဟာ ဆေးပညာနဲ့ပတ်သတ်ပြီး ကျွန်ုပ်တို့လူသားတွေကို လမ်းကြောင်းမှန်ကို ညွှန်ပြပေးဖို့ ကူညီပေးနိုင်တာကိုလည်း တွေ့ရပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *