နျူကလီးယား လက်နက်ဖြင့် ကမ္ဘာကြီးလည်နေတာကို သက်ရောက်အောင် လုပ်နိုင်ခြင်း ရှိမရှိ လေ့လာခြင်း

Knowledge Science

နျူကလီးယား လက်နက်များဟာ အလွန်အားပြင်းပြီး ကြီးမားတဲ့ သက်ရောက်မှုတွေကို ဖြစ်စေနိုင်တာ အတော်များများ သိပြီး ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်က အချက်အလက်များအရ ကမ္ဘာ့ပေါ်တွင် နျူကလီးယား လက်နက်ပေါင်း ၁၃,၈၉၀ လောက် ရှိတယ်လို့ သိရပါတယ်။

ဒီအရေအတွက်ဟာ တပြိုင်နက် အသုံးပြုလိုက်ပါက ကမ္ဘာကြီးကို အမှောင်ထုဖုံးပြီး လူသားများ ပျက်သုဉ်းတဲ့အထိ ဖြစ်နိုင်ပါတယ်။

စဉ်းစားစရာ တခုက ကမ္ဘာကြီးဟာ မိမိ ဝင်ရိုးကို လည်ပတ်နေတာ ဖြစ်ပြီး အဲဒီလို လည်ပတ်နေတာကို နျူကလီးယား လက် နက်များဖြင့် ပြောင်းလဲ နိုင်သလားဆိုတာပါ။

ဒီအတွက်တော့ အဖြေရှိပါတယ်။

နျူကလီးယားလက်နက်များဟာ လူသားတွေ ပြုလုပ်ထားတဲ့ စွမ်းအားအကြီးဆုံးသော လက်နက်တွေ ဖြစ်ပြီး ဖျက်အားပြင်းပေမယ့် ကမ္ဘာကြီး ဝင်ရိုးမှာလည်နေတာကိုတော့ သက်ရောက်ဖို့ မလွယ်ကူပါဘူး။

အလွယ်ကူဆုံး နည်းလမ်းကတော့ နျူကလီးယား လက်နက်က ထွက်လာတဲ့ စွမ်းအင်နှင့် ကမ္ဘာကြီး လည်ပတ်ဖို့အတွက် လို အပ်တဲ့ စွမ်းအင်ကို နှိုင်းယှဉ်ကြည့်ရင် သိနိုင်ပါတယ်။

မီဂါတန် ဆယ်ဂဏန်းရှိတဲ့ အကြီးဆုံး နျူကလီးယား လက်နက်တခုဟာ စွမ်းအင် 10^17 Joules သာ ရှိပါတယ်။

ကမ္ဘာကြီးကို လည်ပတ်ဖို့အတွက် လိုအပ်တဲ့ စွမ်းအင် ပမာဏဟာ 10^29 Joules လောက် ရှိနေပါတယ်။

ဒါ့ကြောင့် ရှိရှိသမျှ နျူကလီးယား လက်နက်များကို အသုံးပြုပြီး ကမ္ဘာကြီးရဲ့ လည်ပတ်မှုကို ပြောင်းလဲမယ် ဆိုရင်တောင်မှ ကမ္ဘာကြီးလည်နေတဲ့ စွမ်းအင် ပမာဏရဲ့ အပုံပေါင်း တြီလီယံချီပြီး နည်းနေပါသေးတယ်။

ဒါဟာ အရှိန်ဖြင့် မောင်းနှင်နေတဲ့ ကားတစင်းကို ခြင်တကောင်ပျံဖို့ လိုအပ်တဲ့ စွမ်းအင်လောက်နဲ့ ပြောင်းလဲဖို့ ကြိုးစားတာနဲ့တောင် တူနေပါတယ်။

ကမ္ဘာပေါ်တွင် အကြီးဆုံး ဖြစ်ပွားခဲ့တဲ့ ငလျင်ကြီးများတောင်မှ ကမ္ဘာ့ လည်ပတ်မှုကို အနည်းငယ် မဆိုစလောက်သာ သက် ရောက်မှု ရှိခဲ့တာပါ။

သုတေသီများဟာ ၂၀၀၄ ခုနှစ်က ဆူမားတြား ငလျင်ကြီးဟာ တနေ့တာကို တစက္ကန့်ရဲ့ သန်းဂဏန်း အနည်းငယ် ပုံရင် တပုံလောက် တိုသွားစေပြီး မြောက်ဝင်ရိုးစွန်းကို တလက်မလောက် ရွေ့သွားစေတာကို တွက်ချက်နိုင်ခဲ့ပါတယ်။

မဂ္ဂနီကျု ၉.၃ လောက်ရှိတဲ့ ငလျင်ကြီးမှ ထွက်လာတဲ့ စွမ်းအင်ဟာ တွက်ချက်မှုအရ ခန့်မှန်းချေ 10^22 Joules လောက်ရှိပြီး ဒါဟာ အကြီးဆုံး နျူကလီးယား လက်နက်ထက် အကြမ်းဖျင်းအာဖြင့် အဆပေါင်း ၁ သိန်းလောက် ပိုပါတယ်။

ဒီငလျင်ရဲ့ စွမ်းအားဟာ ကမ္ဘာပေါ်ရှိ နျူကလီးယား လက်နက်တွေ အားလုံးနဲ့ နှိုင်းယှဉ်တာတောင်မှ အများကြီး ကွာခြားနေပါသေးတယ်။

နောက်ထက် မှတ်သားစရာ တခုကတော့ ယခု နှိုင်းယှဉ် တိုင်းတာနေတာ ကမ္ဘာကြီး ဝင်ရိုးပေါ်မှာ လည်ပတ်နေတာကို သက် ရောက် ဖို့အတွက်သာ ဖြစ်ပါတယ်။

ကမ္ဘာကြီး နေကို ပတ်နေတဲ့ ပတ်လမ်းကို ပြောင်းလဲဖို့ ဆိုရင်တော့ လူလုပ် အရာဝတ္ထုတွေနဲ့ ဘယ်လိုမှ ဖြစ်လာနိုင်စရာ အ ကြောင်း မရှိပါဘူး။

အကြောင်းကတော့ ကမ္ဘာကြီး နေကို ပတ်နေတဲ့ ပတ်လမ်းအတွက် စွမ်းအင်ဟာ ဝင်ရိုးပေါ်မှာ လည်ဖို့ လိုအပ်တဲ့ စွမ်းအင်ပမာဏထက် အဆပေါင်း ၁ သောင်းလောက် ပိုများနေလို့ပါ။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.