ဘီလီယံနှင့် ချီတဲ့ နို့တိုက် သတ္တဝါငယ်များနှင့် ငှက်များကို ကာကွယ်ဖို့ ကြောင်လည်ပတ် ဒီဇိုင်းသစ် အကြောင်း

Knowledge Science

အိမ်မွေးတိရိစ္ဆာန်များတွင် ခွေးနှင့် အတူ ကြောင်များဟာ လူချစ်များပြီး ကမ္ဘာပေါ်တွင် ကြောင် အကောင်ရေ သန်းပေါင်းများစွာ ရှိနေပါတယ်။

ကြောင်မွေးသူ အများစုမှ ၎င်းတို့၏ ကြောင်များကို ကျွေးမွေးကြပေမယ့် ကြောင်မျိုးရင်းဝင်များ၏ သဘာဝအတိုင်း အခြား တိရစ္ဆာန်ငယ်များကို စားသောက်တတ်ကြပါတယ်။

၂၀၂၀ ခုနှစ် မတ်လက ပြုလုပ်ခဲ့သည့် တကမ္ဘာလုံးဆိုင်ရာ အတိုင်းအတာ အားဖြင့် လေ့လာမှုအရ အိမ်မွေးကြောင်များဟာ အခြားတောရိုင်း တိရစ္ဆာန်များထက် ၄ ဆ မှ ၁၀ ဆအထိ တိရစ္ဆာန်ငယ်များကို ပျက်စီးစေတာကို တွေ့ရှိခဲ့ရပါတယ်။

ဒါဟာ ဂေဟစနစ်ကို ကြီးကြီးမားမား ထိခိုက်နိုင်ပြီး အံ့အားသင့်စွာနဲ့ အိမ်မွေးကြောင်များဟာ ကျူးကျော်မျိုးစိတ် အသွင် ဖြစ်လာကြပါတယ်။

ဆွစ်ဇာလန်နိုင်ငံရှိ ကြောင်အကောင်ရေဟာ ၎င်းတို့ ကျက်စားရာ နယ်မြေတူ အတွင်းတွင် နေထိုင်သည့် အနီရောင် မြေခွေးမျိုးထက် အဆ ၄၀ ရှိပါတယ်။

အမေရိကန်တွင် ၂၀၁၇ ခုနှစ် စစ်တမ်းအရ ကြောင်အကောင်ရေ ၉၅.၆ သန်း နီးပါးလောက်အထိ ရှိတာကိုတွေ့ရပါတယ်။

ဒါ့ကြောင့် နို့တိုက် သတ္တဝါငယ်နှင့် ငှက်များဟာ နှစ်စဉ် သန်းထောင်နှင့်ချီပြီး ဆုံးရှုံးနေရတာကို လေ့လာမှုများက ထောက်ပြနေပါတယ်။

လူများနှင့် အိမ်မွေးကြောင်များဟာ သဟဇာတ ဖြစ်သည့်အပြင် အကောင်ရေ ပိုမို များပြားလာသည့်အတွက် သုတေသီများဟာ တိရစ္ဆာန်ငယ်များကို ကာကွယ်နိုင်ဖို့ နည်းလမ်းတွေ ရှာဖွေလာရပါတယ်။

ကနဦး အိမ်မွေးကြောင်များ၏ သတ္တဝါငယ်များကို စားသောက်တတ်သည့် အလေ့အထကြောင့် ခေါင်းလောင်းငယ်လေးများ လည်ပင်းတွင် ချိတ်ဆွဲကြလေ့ ရှိပါတယ်။

လေ့လာမှု အသစ်တခုအရ ခေါင်းလောင်းလေးများဟာ ငှက်များကို ဖမ်းဆီးခံရနိုင်ချေကို အနည်းငယ် လျှော့ချနိုင်တာကို တွေ့ရပါတယ်။

နောက်တခုကတော့ အရောင်စုံပါဝင်တဲ့ လည်ပတ်များ ဖြစ်ပြီး ၎င်းတို့ဟာ ပိုပြီး အရေအတွက် ထပ်မံ လျှော့ချနိုင်ကြောင်း တွေ့လာရပါတယ်။

Image: Courtesy of Kathi Märki.

အလားတူ ခေတ်သစ် အီလက်ထရွန်းနစ် နည်းပညာဖြင့် ထုတ်လုပ်ထားသည့် အသံထွက်စေသည့် ပစ္စည်းများ ရှိပေမယ့် ၎င်းတို့ဟာ အကန့်အသတ်တွေ ရှိနေပါသေးတယ်။

ခေါင်းလောင်းငယ်လေးများဟာ သတ္တဝါငယ်များကို ကာကွယ်နိုင်တယ်ဆိုပေမယ့် တခါတရံမှာတော့ ထင်သလောက် မထိရောက်တာတွေ ရှိပါတယ်။

အထူးသဖြင့် ကြောင်များဟာ သားကောင်ကို မဖမ်းယူမီ ငြိမ်သက်စွာ ပုန်းကွယ်နေတဲ့ အချိန်မှာ ခေါင်းလောင်းဟာ အသံမထွက်တာကြောင့် ငှက်များအတွက် လွတ်မြောက်ဖို့ အချိန်မရကြပါဘူး။

နောက်ထပ် လေ့လာမှုကတော့ အထက်ကဖော်ပြခဲ့သည့် Birdsbesafe collar-cover (BBScc) ခေါ် ကြောင်လည်ပင်းတွင် စွပ်ထားသည့် အရောင်တောက်တောက် လည်ပတ်မျိုးပါ။

ကနေဒါရှိ Northern British Columbia တက္ကသိုလ်က ၂၀၂၁ ခုနှစ်က လေ့လာမှုတွင်တော့ သက်တံ့ရောင် လည်ပတ်များဟာ ငှက်များကို အတော်လေး ကာကွယ်ပေးနိုင်တာကို တွေ့ရပါတယ်။

ဆွစ်ဇာလန်မှာ လုပ်ဆောင်ခဲ့တဲ့ ခေါင်းလောင်းငယ်ရော BBScc လည်ပတ်ရော တပ်ဆင်ထားတဲ့ လေ့လာမှုတွင် မိသားစု ၂၆ စုမှ ကြောင်ကောင်ရေ ၃၁ ကောင် ပါဝင်ခဲ့ပါတယ်။

လေ့လာမှုအရ အရောင်လည်ပတ် တပ်ဆင်ထားတာဟာ ငှက်များကို ၃၇ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်ပြီး နှစ်ခုလုံး တပ်ဆင်ထားတာကတော့ ၆၂ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်တာကို တွေ့ရပါတယ်။

ဒါ့ကြောင့် အနာဂါတ်တွင် တိုးတက်လာမည့် အိမ်မွေးကြောင် အရေအတွက်နှင့် အတူ ခေါင်းလောင်းငယ် နှင့် BBScc လည် ပတ် များက ဂေဟစနစ်ကို အများကြီး အထောက်အကူပြုလာဖွယ် ရှိနေပါတယ်။

ယခု သုတေသနကို Frontiers in Ecology and Evolution ဂျာနယ်တွင် ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *