ကြောင်တွေ သူတို့ရဲ့ သားကောင်ကို ကစားရတဲ့ အကြောင်း

Article Science

ကျွန်ုပ်တို့လို တိရစ္ဆာန် ချစ်သူလေးတွေ အနေနဲ့ ကြောင်တစ်ကောင်ကို ပိုင်ဆိုင်ဖူးမယ်ထင်ပါတယ်။

ခြံထဲမှာ လမ်းလျှောက်သွားရင်း၊ ကျွန်ုပ်တို့ရဲ့ ကြောင်ကလေးက ရုတ်တရက် ရှေ့ကို ခုန်သွားပြီး ငှက်ငယ် တကောင် ဒါမှမ ဟုတ် ကြွက်တကောင် ကို ဖမ်းယူတာ တွေ့ကြုံဖူး ကြမှာပါ။

အချိန် အတော်ကြာအောင် ၎င်းတို့ရဲ့ သားကောင်လေးတွေနှင့် ကစားပြီး ကောက်ယူကာ သခင်ထံ လာရောက် ပေးတာတွေလည်း ကြုံဖူး ကြမှာပါ။

ကြောင်ပိုင်ရှင်များအတွက်တော့ အဆိုပါအပြုအမူလေးတွေက ချစ်စဖွယ်ကောင်းတာကို သက်သေပြပါတယ်။

သို့သော် ထိန်းသိမ်းရေးသမားများအတွက်မူ ကြောင်တွေကို အန္တရာယ်ရှိတယ်ဟု ယူဆကြပါတယ်။

ဒီသဘောထားကွဲလွဲမှုက ကြောင်​​​​​​တွေ​ကို အပြင်ထွက်ခွင့် ရှိမရှိနှင့် ပတ်သက်ပြီး ထိန်းသိမ်း စောင့်ရှောက်သူများနှင့် ကြောင်ဝါသနာရှင်များအကြား အပြင်းအထန် ငြင်းခုံမှုများ ဖြစ်ပေါ်စေခဲ့ပါတယ်။

တကယ်တော့ ကြောင်မွေးခြင်းအကြောင်း လေ့လာကြည့်ဖို့ဆိုရင် အတိတ်ကို ပြန်ကြည့်ဖို့ လိုပါတယ်။

အိမ်မွေး တိရစ္ဆာန်မွေးမြူခြင်းဆီသို့ ပထမဆုံး ခြေလှမ်းလှမ်းခဲ့သည့် တောကြောင်များက အီဂျစ်နှင့် ၎င်းရဲ့ပတ်ဝန်းကျင်ဒေသများတွင် လွန်ခဲ့သောနှစ်ပေါင်း ၈၀၀၀ ဝန်းကျင်ခန့်ထဲက ထိုသို့လုပ်ဆောင်ခဲ့ကြောင်း Nature Ecology and Evolution ဂျာနယ်တွင် ထုတ်ဝေသည့် ၂၀၁၇ လေ့လာမှုတစ်ခုအရ သိရပါတယ်။

Illustration

အဆိုပါကြောင်တွေဟာ အာဖရိက တောကြောင်များ ဟုလည်း သိကြသော Felis silvestris lybica မျိုးနွယ်ဝင်များဖြစ်ပြီး ၎င်းတို့ အမဲလိုက်လေ့ရှိတဲ့ ကြွက်များကတဆင့် မြို့များသို့ ရောက်ရှိလာတာ ဖြစ်ပါတယ်။

တဖန် လူသားတွေကလည်း ရောဂါပြန့်ပွားမှုနှင့် စပါးစားသော ကြွက်များကို ထိန်းချုပ်ထားတဲ့ အတွက်ကြောင့် ကြောင်များကို မွေးမြူလာခဲ့ကြပါတယ်။

ရှေးခေတ်အီဂျစ်နှင့် တရုတ်နိုင်ငံတို့ကဲ့သို့သော လူ့အဖွဲ့အစည်း အချို့တွင် အဆိုပါ ကြောင်အဖော်များက ကံကောင်းခြင်း သို့ မဟုတ် ရိုသေလေးစားခြင်းပင် ဖြစ်စေတယ်ဟု ယူဆကြပါတယ်။

သို့သော် ကျွန်ုပ်တို့ရဲ့ ကြောင်အဖော်များနှင့် အတူ နှစ်ထောင်ပေါင်းများစွာ နေထိုင် လာခဲ့ကြတယ် ဟု ယူဆရပေမယ့် အမှန် တကယ် မွေးမြူခြင်းကို လွန်ခဲ့သော နှစ် ၂၀၀ ခန့်ကသာ ခြေရာခံနိုင်တယ်ဟု Exeter တက္ကသိုလ်မှ ကြောင်အပြုအမူ ဆိုင်ရာ လေ့လာသည့် ထိန်းသိမ်းရေးပညာရှင် Martina Cecchetti က Live Science သို့ ပြောကြားခဲ့ပါတယ်။

၂၀၁၆ လေ့လာမှု တစ်ခုအရ အိမ်မွေးတိရစ္ဆာန်များဖြစ်တဲ့ ကြောင်တွေဟာ တစ်နေ့တာလုံး သားကောင်ငယ်များကို အမဲလိုက်သည့် တောရိုင်းဘိုးဘွားများထံမှ ဆင်းသက်လာခဲ့သည့် ဗီဇအများအပြားကို ထိန်းသိမ်းထားကြောင်း သိရပါတယ်။

အဆိုပါ ဆင့်ကဲဖြစ်စဉ် အကြွင်းအကျန်ဟာ ကြောင်တစ်ကောင်အား ဆာလောင် မွတ်သိပ်ခြင်း မရှိရင်တောင် သားကောင်ဖမ်းဖို့ တွန်းအားပေးစေတယ်ဟု Cecchetti က ဆိုပါတယ်။

ဒါ့အပြင် ကြောင်တစ်ကောင်ရဲ့ ဆော့ကစားတက်တဲ့ ဗီဇတွေကလည်း ခြေသည်းနှင့် ကုပ်ခြစ်ခြင်း ကဲ့သို့သော အမဲလိုက်ခြင်းမှ ဆင်းသက်လာခြင်းဖြစ်နိုင်ပါတယ်။

တောကြောင်များက အစာမစားမီ သားကောင်များနှင့် ကစားလေ့ရှိပြီး ဒါဟာ ၎င်းတို့ရဲ့ ဒဏ်ရာအန္တရာယ်ကို လျော့နည်းစေပါတယ်။

Illustration

ဒီဗီဇတွေကြောင့် ခေတ်သစ် အိမ်မွေးကြောင် မျိုးစိတ်တွေကလည်း တောရိုင်းထဲမှာ အလွယ်တကူ ရှင်သန်နိုင်ကြပါတယ်။

လေ့လာမှုများအရ အိမ်မွေးကြောင်တွေဟာ အပြင်ဘက်တွင် ကျင်လည်ကျက်စားဖို့ ထွက်ခွာသွားပါက ပတ်ဝန်းကျင်ကို ဆိုးရွားစွာ အနှောင့်အယှက် ဖြစ်စေနိုင်ကြောင်း လေ့လာမှုများက ဖော်ပြ​နေပါတယ်။

၂၀၁၃ ခုနှစ် လေ့လာမှု တစ်ခုအရ ကြောင်တွေဟာ အမေရိကန် တစ်နိုင်ငံတည်းမှာတောင် တစ်နှစ်လျှင် ငှက် ၁.၃ ဘီလီယံနှင့် နို့တိုက်သတ္တဝါငယ် ၆.၃ ဘီလီယံထက်မနည်းကို ဆုံးရှုံးစေခဲ့ကြောင်း ခန့်မှန်းထားပါတယ်။

ဒီတော့ လူတွေက သူတို့ရဲ့အိမ်မွေးကြောင်လေးတွေကို ဂေဟဗေဒပျက်စီးမှုတွေ မဖြစ်အောင် ဘယ်လို တားဆီးနိုင်မလဲ ဆိုတာ မေးခွန်းထုတ်စရာပါ။

Cecchetti ရဲ့ သုတေသနပြုချက်အရ ၎င်းတို့အား အိမ်တွင် လုံလောက်တဲ့ ကစားချိန်ပေးကာ မှန်ကန်သော အာဟာရ မျှတမှုကို ပေးဆောင်သည့် အရည်အသွေးမြင့် အသားကြွယ်ဝသော အစားအစာများကို ကျွေးခြင်းဖြင့် အမဲလိုက်ခြင်းကို ထိန်းသိမ်းနိုင်ကြောင်း အကြံပြုထားပါတယ်။

အိမ်မွေးကြောင်များက အသားစားကောင်များ ဖြစ်ကြပြီး အိမ်တွင် အသား အလုံအလောက် မရပါက အခြားနေရာများတွင် ရှာဖွေနိုင်စွမ်း ရှိကြတယ်ဟု Cecchetti က ဆိုပါတယ်။

ဒါ့အပြင် ကြောင်တွေကို ခေတ္တဖမ်းယူခြင်း သို့မဟုတ် ကွပ်ခြင်း၊ တားဆေးထိုးခြင်းတို့ဟာ ​လေလွင့် ကြောင် မျိုးစိတ်တွေရဲ့ မျိုးပွားနှုန်းကို ထိန်းချုပ်ဖို့အတွက် ကူညီပေးသည့်အပြင် ၎င်းတို့ကြောင့် တောရိုင်း တိရစ္ဆာန် အရေအတွက် လျော့နည်းခြင်းကိုလည်း လျှော့ချနိုင်ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

First Published 31/8/2022

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *