အတွင်းတိမ်တွေ ခွဲစရာ မလိုတော့အောင် လုပ်ဆောင်နေတဲ့ သုတေသန တခု အကြောင်း

Health Tech

အတွင်းတိမ်ဟာ အသက် ၄၀ မှ ၅၀ အတွင်းမှ စကာ လူတော်တော်များများတွင် ဖြစ်တတ်ပါတယ်။

ဒါဟာ အမြင်အာရုံ ချွတ်ယွင်းမှုတွင် အဖြစ်အများဆုံး ပုံစံများထဲက တခုဖြစ်ပြီး ကံမကောင်းတာကတော့ ခွဲမှသာ ပြန်လည် ကောင်းမွန်တတ်တာပါ။

မကြာသေးမီက ဆေးနည်းသစ် တခုဖြင့် ကြွက်များတွင် စမ်းသပ်ခဲ့ရာမှာတော့ တိမ်များဟာ ပျောက်ကွယ်ပြီး အမြင်အာရုံ ကောင်းမွန်လာတာကို တွေ့ရှိခဲ့ပါတယ်။

အင်္ဂလိပ်လို Cataracts လို့ခေါ်တဲ့ အတွင်းတိမ်ဟာ မျက်လုံးအတွင်းရှိ မှန်ဘီလူးနေရာတွင် ပရိုတင်းများ အစုအဝေးဖြစ်လာပြီး တိမ်များကဲ့သို့ ဖြစ်ပေါ်ကာ အမြင်အာရုံကို ထိခိုက်စေတဲ့ အရာတခု ဖြစ်ပါတယ်။

၎င်းတို့ဟာ အသက်အရွယ် ကြီးလာသည်နှင့် အမျှ တဖြည်းဖြည်း ကြီးထွားလာပြီး နောက်ဆုံးတွင် မှန်ဘီလူးကို ခွဲစိတ်ဖယ် ရှားကာ မျက်တွင်းမှန် အတုဖြင့် အစားထိုးမှသာ ပြန်လည်ကောင်းမွန်မှာ ဖြစ်ပါတယ်။

အတွင်းတိမ်အား အနီးကပ် မြင်ရစဉ်

ယခင်ကတည်းက အတွင်းတိမ်အတွက် ဆေးများဖြင့် စမ်းသပ်ခဲ့ဖူးပါတယ်။

lanosterol ပါဝင်တဲ့ Oxysterol လို့ သိကျတဲ့ ဓာတ်အုပ်စု တခုတွင် ပရိုတင်းများ စုပုံမှုကို လျှော့ချနိုင်သည့် အာနိသင်ရှိပြီး ခွေးများတွင် စမ်းသပ်ခဲ့ရာမှာ တိမ်များကို လျှော့ချနိုင်ခဲ့ဖူးပါတယ်။

ဒါပေမယ့် သုတေသီများဟာ ဒီလို ရရှိခဲ့တဲ့ ရလဒ်မျိုး ပြန်လည် ရရှိနိုင်အောင် သက်သေ မပြနိုင်ခဲ့ ပါဘူး။

ဆိုလိုတာက စမ်းသပ်မှုအတွင်း အောင်မြင်ခဲ့တယ် ဆိုပေမယ့် မှတ်တမ်းတင်နိုင်ဖို့ နောက်ထပ် စမ်းသပ်မှုတွေ မှာတော့ မအောင်မြင်တော့တာ ဖြစ်ပါတယ်။

လေ့လာမှု အသစ်မှာတော့ သုတေသီများဟာ VP1-001 လို့ခေါ်တဲ့ မတူညီတဲ့ Oxysterol အမျိုးအစားသစ်ကို အသုံးပြုခဲ့ ပါတယ်။

၎င်းတို့ဟာ အတွင်းတိမ်ရှိသည့် ကြွက် ၂၆ ကောင်၏ မျက်လုံး တဖက်တွင် အသုံးပြုခဲ့ပြီး အခြား ကြွက် ၉ ကောင်ကိုတော့ ဒီအတိုင်း စောင့်ကြည့်ခဲ့ပါတယ်။

လေ့လာမှုတွင် စမ်းသပ်မှု ပြုလုပ်ခဲ့သည့် ကြွက်များ၏ မျက်တွင်း မှန်ဘီလူးများဟာ ၆၁ ရာခိုင်နှုန်းအထိ တိုးတက် ကောင်း မွန် လာတာကို တွေ့ရှိခဲ့ရပါတယ်။

လေ့လာမှုကို ဦးဆောင်သူ ပါမောက္ခ Barbara Pierscionek က ဒီလို အပြုသဘောဆောင်တဲ့ သက်ရောက်မှုတွေကို ဖြစ်ပေါ်စေဖို့ သူ့အနေဖြင့် ပထမဆုံး စမ်းသပ်ခဲ့တာလို့ ပြောပါတယ်။

ယခုလို အောင်မြင်စွာ သက်သေပြနိုင်ခဲ့တဲ့အတွက် ဒီသုတေသနကို ကမ္ဘာ့ ပထမဆုံး သုတေသန ပြုမှု တခု အဖြစ် သတ် မှတ် နိုင်ပါတယ်။

သို့ပေမဲ့ ဒီဆေးဟာ အတွင်းတိမ် အတွက် လုံးဝ ပျောက်ကင်း စေနိုင်တာတော့ မဟုတ်ပါဘူး။

အချို့ အတွင်းတိမ်များဟာ ယခင် မအောင်မြင်ခဲ့သည့် သုတေသနမှာ ကဲ့သို့ မျှော်လင့်ထားသလို တုန့်ပြန်မှု မရှိသည့် အနေအ ထားများလည်း ကြုံတွေ့ခဲ့ရပါသေးတယ်။

ဒါ့အပြင် တိရိစ္ဆာန်များတွင် အလုပ်ဖြစ်ပေမယ့် လူသားများတွင် အလုပ်လုပ်နိုင်ခြင်း ရှိမရှိ ဆိုတာကိုလည်း စစ်ဆေးခြင်းများ လုပ်ဆောင်စရာတွေ ရှိပါသေးတယ်။

ထို့ကြောင့် ဒီဆေးကို ဆက်လက် ဖွံ့ဖြိုး တိုးတက်ဖို့နှင့် လူသားများနှင့် ကိုက်ညီမှု ရှိမရှိ အကဲဖြတ်ပြီးမှသာ ဈေးကွက်ထဲသို့ ရောက်လာဖွယ် ရှိပါတယ်။

ဘာပဲဖြစ်ဖြစ် ယခင်က အတွင်းတိမ်အတွက် ခွဲရာမှ တပါး အခြားမရှိ ဖြစ်နေခဲ့ရမှ ယခုအခါ ခွဲစရာမလိုဘဲ နောက်ထပ် နည်းလမ်းတခု ရှိလာတော့မှာ ဖြစ်လို့ အားတက်စရာပါပဲ။

ဒီသုတေသနကို Investigative Ophthalmology and Visual Science ဂျာနယ်တွင် ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *