အိုဇုန်းဓာတ် ဖြစ်ပေါ်စေဖို့ နေရောင်ခြည်နဲ့ ပေါင်းစပ်တဲ့ မီးခိုးမြူဟာ လေထု ညစ်ညမ်းစေတဲ့ အရာတွေ ဖြစ်တဲ့ နိုက်ထရိုဂျင် အောက်ဆိုဒ်နှင့် မတည်ငြိမ်သော အော်ဂဲနစ် ဒြပ်ပေါင်းတွေရဲ့ ရောနှောမှုတစ်ခုပဲ ဖြစ်ပါတယ်။
အိုဇုန်းဟာ သူ့ရဲ့ တည်နေရာပေါ် မူတည်၍ အကောင်းအဆိုး၊ အကျိုးအပြစ်တွေ ဖြစ်စေနိုင်ပါတယ်။
ကမ္ဘာမြေပြင်ထက်မြင့်တဲ့ လေထုအပေါ်လွှာ (stratosphere) ရှိ အိုဇုန်းဟာ လူနှင့် ပတ်ဝန်းကျင်ကို နေရောင်ခြည်မှ ခရမ်းလွန်ရောင်ခြည်ပမာဏ လွန်ကဲစွာ ကျရောက်ခြင်းမှ ကာကွယ်ပေးတဲ့အတားအဆီးတစ်ခုအဖြစ် ဆောင်ရွက်ပါတယ်။
ဒါဟာ ကောင်းမွန်တဲ့ အိုဇုန်း အမျိုးအစား အကြောင်းကို ပြောတာပါ။
အခြားတစ်ဖက်တွင်မူ အပူပြောင်းပြန်လှန်ခြင်း သို့မဟုတ် အခြားရာသီဥတုအခြေအနေတွေကြောင့် မြေပြင်အနီးတွင် ပိတ်မိနေတဲ့ မြေပြင်အဆင့် အိုဇုန်းဟာ မီးခိုးမြူတွေနဲ့ ဆက်စပ်နေတဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါနဲ့ မျက်စိစူးတာတွေ ဖြစ်စေနိုင်ပါတယ်။
မီးခိုးမြူ ဆိုတဲ့ နာမည်ရခဲ့ပုံ
မီးခိုးမြူဆိုတဲ့ ဝေါဟာရကို ၁၉၀၀ ပြည့်လွန်နှစ်များအစောပိုင်းကာလက လန်ဒန်မြို့တွင် ဖုံးလွှမ်းလေ့ရှိတဲ့ မီးခိုးနဲ့ မြူတွေ ပေါင်းစပ်ခြင်းကို ဖော်ပြဖို့ ပထမဆုံးသုံးခဲ့တာ ဖြစ်ပါတယ်။
သတင်းရင်းမြစ်များစွာအရ ထိုအသုံးအနှုန်းကို ဒေါက်တာ Henry Antoine des Voeux က ၁၉၀၅ ခုနှစ်၊ ဇူလိုင်လ ပြည်သူ့ကျန်းမာရေးကွန်ဂရက်အစည်းအဝေးတွင် တင်ပြခဲ့တဲ့ သူ့ရဲ့စာတမ်း “Fog and Smoke” တွင် သုံးနှုန်းခဲ့တယ်လို့ သိရပါတယ်။
Dr. des Voeux မှ ဖော်ပြခဲ့တဲ့ မီးခိုးမြူအမျိုးအစားမှာ ဝိတိုရိယအင်္ဂလန်တွင် နေအိမ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို အပူပေးရန်နဲ့ စက်ရုံတွေလည်ပတ်ရန်အတွက် ကျောက်မီးသွေးအလွန်အကျွံအသုံးပြုမှုရဲ့ ရလဒ်ဖြစ်တဲ့ မီးခိုးနဲ့ ဆာလဖာဒိုင်အောက်ဆိုဒ်ပေါင်းစပ်မှုဖြစ်ပါတယ်။

ယနေ့ မီးခိုးမြူအကြောင်းပြောတဲ့အခါ ကျွန်တော်တို့ဟာ စက်မှုနိုင်ငံကြီးများရှိ မြို့ကြီးများတွင် မြူခိုးတွေ ဖုံးလွှမ်းနေတဲ့ မြေပြင်အဆင့်အိုဇုန်းဖြစ်ပေါ်ဖို့ နေရောင်ခြည်နဲ့ ပေါင်းစပ်တဲ့ များစွာသော လေထုညစ်ညမ်းမှုတွေဖြစ်တဲ့ နိုက်ထရိုဂျင်အောက်ဆိုဒ်တွေနဲ့ အခြားဓာတုဒြပ်ပေါင်းတွေရဲ့ ပိုပြီးရှုပ်ထွေးတဲ့ ရောနှောမှုကို ရည်ညွှန်းပါတယ်။
မီးခိုးမြူ ဖြစ်စေသော အကြောင်းအရင်းများ
မီးခိုးမြူတွေကို မတည်ငြိမ်သော အော်ဂဲနစ်ဒြပ်ပေါင်းများ (VOCs)၊ နိုက်ထရိုဂျင်အောက်ဆိုဒ်နဲ့ မြေပြင်အဆင့်အိုဇုန်းဖြစ်ပေါ်စေတဲ့ နေရောင်ခြည်တို့ပါ၀င်တဲ့ ရှုပ်ထွေးတဲ့ အလင်းရဲ့ဓာတုတုံ့ပြန်မှုအစုအဝေးမှ ထုတ်ပေးပါတယ်။
မီးခိုးမြူဖြစ်ပေါ်စေတဲ့ ညစ်ညမ်းမှုတွေဟာ မော်တော်ကားအိတ်ဇောများ၊ ဓာတ်အားပေးစက်ရုံများ၊ စက်ရုံများစတဲ့ အရင်းအမြစ်များစွာနဲ့ သုတ်ဆေး၊ ဆံပင်ဖြန်းဆေး၊ မီးသွေးလောင်စာအရည်၊ ဓာတုပျော်ရည်တွေနဲ့ တစ်ခါသုံးခွက်တွေကဲ့သို့ ပလတ်စတစ်ထုတ်ကုန်တွေ စတဲ့ လူသုံးကုန်ပစ္စည်းအများအပြားမှ လာပါတယ်။
ပုံမှန်မြို့ပြဒေသတွေမှာ ရှေ့ပြေးမီးခိုးမြူတစ်ဝက်မှာ ကားများ၊ ဘတ်စ်ကားများ၊ ထရပ်ကားများနှင့် လှေများမှ လာပါတယ်။
မီးခိုးမြူတွေ မကြာခဏ ဖြစ်ပွားတတ်တဲ့ အဓိကအကြောင်းအရင်းမှာ ယာဉ်ကြောတန်းကြီးတွေ ၊ မြင့်မားတဲ့အပူချိန်တွေ၊ နေရောင်ခြည်နဲ့ ငြိမ်သက်နေတဲ့ လေတို့နဲ့ ဆက်စပ်နေပါတယ်။
ရာသီဥတုနဲ့ ပထဝီဝင်အနေအထားဟာ မီးခိုးမြူရဲ့ တည်နေရာနဲ့ ပြင်းထန်မှုကို သက်ရောက်စေပါတယ်။
အပူချိန်ဟာ မီးခိုးမြူတွေ ဖြစ်ပေါ်ရန် ကြာချိန်ကို ထိန်းညှိပေးတာကြောင့် မီးခိုးမြူတွေ ပိုမိုလျင်မြန်စွာ ဖြစ်ပွားနိုင်ပြီး ပူပြင်းပြီးနေသာတဲ့နေ့တွေမှာ ပိုမိုပြင်းထန်နိုင်ပါတယ်။
အပူချိန်ပြောင်းပြန်ဖြစ်သွားသောအခါ (လေနွေးတွေဟာ မြင့်တက်လာမယ့်အစား မြေပြင်အနီးတွင်ရှိနေတဲ့အခါ) နဲ့ လေ ငြိမ်သွားသောအခါတွင် မီးခိုးမြူတွေ မြို့တစ်မြို့လုံးတွင် ရက်ပေါင်းများစွာ ပိတ်မိနေနိုင်ပါတယ်။
ယာဉ်အသွားအလာနဲ့ အခြားအရင်းအမြစ်တွေက လေထုကို ညစ်ညမ်းစေတဲ့အရာတွေ ပိုများလာစေတာကြောင့် မီးခိုးမြူတွေကို ပိုဆိုးလာစေပါတယ်။
ဒီလိုအခြေအနေဟာ အမေရိကန် နိုင်ငံ ယူးတားပြည်နယ်၊ Salt Lake မြို့တွင် မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။

လေထဲတွင် ညစ်ညမ်းမှုတွေ ပျံ့လွင့်နေချိန်တွင် မီးခိုးမြူတွေကို ဖြစ်စေတဲ့ ဓာတုဗေဒတုံ့ပြန်မှုတွေက လေထုထဲတွင် ဖြစ်ပေါ်လာတာကြောင့် မီးခိုးမြူတွေဟာ ညစ်ညမ်းမှုရဲ့ အရင်းအမြစ်တွေနဲ့ ပိုဝေးကွာလေ ပိုပြင်းထန်လေ့ရှိတတ်ပါတယ်။
မီးခိုးမြူတွေ ဖြစ်တတ်တဲ့ နေရာများ
မက္ကဆီကိုမြို့မှ ပေကျင်းအထိ ကမ္ဘာတစ်ဝှမ်းရှိ မြို့ကြီးအများအပြားတွင် ပြင်းထန်တဲ့ မီးခိုးမြူနဲ့ မြေပြင်အဆင့် အိုဇုန်းပြဿနာတွေ ရှိနေပါတယ်။
အမေရိကန်နိုင်ငံတွင် မီးခိုးမြူတွေဟာ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမှ ဆန်ဒီရေဂိုအထိ၊ အတ္တလန္တိတ်ပင်လယ်ပြင်အလယ်ပိုင်း ဝါရှင်တန်ဒီစီမှ မိန်းပြည်နယ်တောင်ပိုင်းအထိ၊ တောင်ပိုင်းနဲ့ အနောက်အလယ်ပိုင်းရှိ မြို့ကြီးအများအပြားကို ထိခိုက်စေပါတယ်။
ဒီဂရီအမျိုးမျိုးတွင် လူဦးရေ ၂၅၀,၀၀၀ သို့မဟုတ် ထိုထက်ပိုတဲ့ အမေရိကန်မြို့ကြီးအများစုဟာ မီးခိုးမြူနဲ့ မြေပြင်အဆင့် အိုဇုန်း ပြဿနာတွေကို ကြုံတွေ့နေရပါတယ်။
အမေရိကန်အဆုတ်အဖွဲ့အစည်းအရ အမေရိကန်နေထိုင်သူထက်ဝက်နီးပါးဟာ အမေရိကန်ပတ်ဝန်းကျင်ကာကွယ်ရေးအေဂျင်စီ (EPA) မှ သတ်မှတ်ထားတဲ့ ဘေးကင်းလုံခြုံရေး စံနှုန်းတွေကို ပုံမှန်ထက် ကျော်လွန်နေတဲ့ မီးခိုးမြူအလွန်ဆိုးရွားတဲ့ နေရာတွေမှာ နေထိုင်တယ်လို့ သိရပါတယ်။
မီးခိုးမြူရဲ့ ဆိုးကျိုးများ
မီးခိုးမြူတွေဟာ လူတို့ရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်၊ ပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်ပြီး ပစ္စည်းဥစ္စာတွေကိုပင် ထိခိုက်စေနိုင်တဲ့ လေထုညစ်ညမ်းမှုတွေရဲ့ ပေါင်းစပ်မှုဖြင့် ဖွဲ့စည်းထားပါတယ်။
မီးခိုးမြူတွေဟာ ပန်းနာရင်ကျပ်၊ အသက်ရှူမဝတဲ့အခြေအနေတွေ၊ နာတာရှည်လည်ချောင်းနာခြင်းနဲ့ အခြားသောအသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေအပြင် မျက်လုံးယားယံခြင်းနဲ့ အအေးမိ၊ အဆုတ်ပိုးဝင်ခြင်းတို့ကို ခံနိုင်ရည် လျော့နည်းစေခြင်းစတဲ့ ကျန်းမာရေးပြဿနာတွေကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။
မီးခိုးမြူတွေမှာရှိတဲ့ အိုဇုန်းဓာတ်ဟာ အပင်ကြီးထွားမှုကို ဟန့်တားကာ သီးနှံတွေနဲ့ သစ်တောတွေကို ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးစေနိုင်ပါတယ်။
နေထိုင်ရာအရပ်တွင် မီးခိုးမြူတွေကို ဘယ်လို သတိထားတွေ့ရှိနိုင်လဲ
ယေဘူယျအားဖြင့် ပြောရလျှင် မီးခိုးမြူကို မြင်တဲ့အခါ သိလိမ့်မှာ ဖြစ်ပါတယ်။ မီးခိုးမြူတွေဟာ ထူထဲသော အခိုးအငွေ့တွေအဖြစ် ပေါ် လာတတ်တဲ့ လေထုညစ်ညမ်းမှုပုံစံ ဖြစ်ပါတယ်။

နေ့ခင်းဘက် မိုးကုပ်စက်ဝိုင်းကို မော့ကြည့်လိုက်တဲ့အခါ လေထုထဲမှာ မီးခိုးမြူတွေ ဘယ်လောက်ရှိတယ်ဆိုတာကို သိနိုင်ပါတယ်။ နိုက်ထရိုဂျင်အောက်ဆိုဒ် ပါဝင်မှု မြင့်မားခြင်းဟာ လေကို မကြာခဏ နီညိုရောင် ဖြစ်စေပါတယ်။
ထို့အပြင် ယခုအခါ မြို့အများစုဟာ လေထုအတွင်း ညစ်ညမ်းမှုပမာဏကို တိုင်းတာပြီး မီးခိုးမြူတွေ အန္တရာယ်ရှိတဲ့ အဆင့်သို့ရောက်ရှိတဲ့အခါ သတင်းစာတွေမှာ မကြာခဏ လွှင့်တင်ပြီး ဒေသတွင်း ရေဒီယိုနှင့် ရုပ်မြင်သံကြားဌာနတွေမှာ ထုတ်လွှင့်လေ့ရှိတဲ့ လူထုအစီရင်ခံစာတွေ ထုတ်ပေးပါတယ်။
EPA ဟာ မြေပြင်အဆင့်အိုဇုန်းနဲ့ အခြားသော ဘုံလေထုညစ်ညမ်းစေတဲ့ ညစ်ညမ်းမှုပမာဏကို အစီရင်ခံရန်အတွက် ယခင်က ညစ်ညမ်းစံညွှန်း ညွှန်ကိန်းအဖြစ် လူသိများတဲ့ လေထုအရည်အသွေးညွှန်းကိန်း (AQI) ကို တီထွင်ခဲ့ပါတယ်။
လေထုအရည်အသွေးကို အမေရိကန်ပြည်ထောင်စုတစ်ဝှမ်းရှိ နေရာပေါင်း တစ်ထောင်ကျော်တွင် မြေပြင်အဆင့် အိုဇုန်းနဲ့ အခြားလေထုညစ်ညမ်းမှုများစွာကို မှတ်တမ်းတင်တဲ့ နိုင်ငံတစ်ဝှမ်း စောင့်ကြည့်ရေးစနစ်ဖြင့် တိုင်းတာပါတယ်။
ထို့နောက် EPA ဟာ ၀ မှ ၅၀၀ အထိရှိသော စံ AQI ညွှန်းကိန်းအရ အဆိုပါဒေတာကို ပြန်ဆိုပေးပါတယ်။
ညစ်ညမ်းမှုသိပ်သည်းဆတစ်ခုအတွက် AQI တန်ဖိုးပိုများလေ၊ အများပြည်သူကျန်းမာရေးနဲ့ ပတ်ဝန်းကျင်အတွက် အန္တရာယ်ပိုများလေဖြစ်ပါတယ်။
Lily (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။