DF-41 တိုက်ချင်းပစ်ဒုံးပျံ၏ အချက်အလက်များကို CCTV အတည်ပြု၊ ပစ်စင်များကိစ္စငြင်းဆို

News

တရုတ်နိုင်ငံလုပ် DF 41 တိုက်ချင်းပစ်ဒုံးကျည် အချက်အလက်များနှင့် ပတ်သက်ပြီး ယခင်က သိရှိခဲ့တာတွေဟာ မှန်ကန်ကြောင်း CCTV သတင်းဌာနမှ အတည်ပြုလိုက်ပါတယ်။

DF-41 တိုက်ချင်းပစ်ဒုံးကျည်ဟာ ကီလိုမီတာ ၁၄,၀၀၀ လောက်ရောက်ရှိနိုင်ပြီး ထိပ်ဖူးပေါင်း ၁၀ ခုအထိ ပါဝင်မယ်လို့ အချက်အလက်တွေ ထွက်ရှိခဲ့တာပါ။

ယခုတော့ CCTV သတင်းဌာနမှ အလျှား ၁၆.၅ မီတာ ရှိတဲ့ ဒီ ဒုံးကျည်ဟာ အကွာအဝေး ၁၄,၀၀၀ ကီလိုမီတာ အထိရောက်နိုင်မယ်လို့ အတည်ပြုခဲ့တဲ့အပြင် အခြားအချက်အလက်များကိုလည်း ဖော်ပြခဲ့ပါတယ်။

လေအားလျှပ်စစ် စီမံကိန်းဟု တရုတ်က ငြင်းဆိုထားသည့် ဒုံးပစ်စင်များပြ မြေပုံ

DF-41 ဒုံးကျည်ဟာ အလေးချိန် တန် ၆၀ ကျော်လောက် ရှိမှာ ဖြစ်ကာ အဆိုပါ ဒုံးကျည်မှ ထိပ်ဖူးပေါင်း ၁၀ ခုအထိ ခွဲထွက်နိုင်ပြီး ပစ်မှတ်မှ လွဲချော်နိုင်သည့် အများဆုံး အကွာအဝေးမှာ မီတာ ၁၀၀ သာ ရှိပါတယ်။

ဒါ့အပြင် ဒုံးကျည်ကို ဟိုင်းဝေးလမ်းပေါ် မှ သို့မဟုတ် ဘက်စကတ်ဘောကွင်းလို နေရာမျိုးမှပင် ပစ်လွှတ်နိုင်အောင် ပြင်လွယ် ပြောင်းလွယ်ဖြစ်စေရန် တည်ဆောက်ထားတယ်လို့ သိရပါတယ်။

ဒီလို အတည်ပြုချက်နှင့်အတူ CCTV ၏ ဖော်ပြချက်တွင် အမေရိကန် မီဒီယာများမှ DF-41 ပစ်လွှတ်စင်များ တရုတ်နိုင်ငံ အနောက်မြောက်ဖက်တွင် တည်ဆောက်နေမှုကို ငြင်းဆိုခဲ့ပါတယ်။

DF-41 အနေဖြင့် အဆိုပါ မီဒီယာများတွင် ဖော်ပြသကဲ့သို့ ပစ်လွှတ်စင်များ သီးသန့်ဆောက်စရာ မလိုဘဲ အမေရိကန် ပိုင်နက်များသို့ အလွယ်တကူ ရောက်ရှိနိုင်တယ်လို့ စောင်းပါး ရိပ်ခြည် ပြောသွားပါသေးတယ်။

ဝါရှင်တန်ပို့စ် သတင်းမှာ တရုတ်နိုင်ငံဟာ ဂန်ဆူး စီရင်စု ယွီမင်မြို့အနီး သဲကန္တရာအတွင်းမှာ တိုက်ချင်းပစ် ဒုံးကျည်ပစ်စင်ပေါင်း ၁၁၉ ခုလောက် တည်ဆောက်နေတယ်လို့ ဖော်ပြခဲ့ပါတာပါ။

အဆိုပါသတင်းဟာ အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ်မှာ အခြေစိုက်တဲ့ James Martin Center for Nonproliferation Studies (JMCNS) အဖွဲ့ရဲ့ သုတေသနစာတမ်းမှ ဂြိုဟ်တုဓာတ်ပုံများကို ကိုးကားပြီး ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ဖူကျင့်ထူလုံ အဆောက်အုံများ

တရုတ်စစ်ရေး ကျွမ်းကျင်သူဖြစ်တဲ့ တုဝမ်းလုံက မကြာသေးမှီက ပြုလုပ်ခဲ့တဲ့ CCTV နှင့် အင်တာဗျူးတခုမှာ အမေရိကန်ရဲ့ ဒုံးကျည်ပစ်စင်နှင့် ဆိုင်တဲ့ သတင်းဟာ ၁၉၈၅ ခုနှစ် ဖူကျင့်ထူလုံ အဆောက်အအုံများကို ပဲထိန်း ဒုံးပစ်စင်များနှင့် မှားယွင်းကောက်ချက် ချသလို ဖြစ်နေတယ်လို့ ပြောပါတယ်။

တုဝမ်းလုံမှ အမေရိကန်တို့ ဒုံးပစ်စင်လို့ ရည်ညွှန်းပြောဆိုထားတဲ့ သဲကန္တာရအတွင်းမှ အဆောက်အအုံများဟာ လေအားလျှပ်စစ် ထုတ်လုပ်တဲ့ စီမံကိန်းသာဖြစ်တယ်လို့ အတည်ပြု ပြောကြားပါတယ်။

ဒါ့အပြင် DF-41 တိုက်ချင်းပစ် ဒုံးကျည်များဟာ ယာဉ်တင် ဒုံးကျည်များဖြစ်သည့်အတွက် ၎င်းအတွက် ပစ်စင်များ တည်ဆောက်နေသည်မှာ ဖြစ်နိုင်သည့် အကြောင်းအရင်း မရှိကြောင်းကို ထပ်လောင်းပြောကြား သွားပါတယ်။

ဇူလိုင်လ ၆ ရက်နေ့က တရုတ်နိုင်ငံ သတင်းဌာနတခုဖြစ်တဲ့ ဆင်ဟွာ သတင်းဌာကလည်း DF-41 ပစ်စင်များနှင့် ပတ်သက်သည့် သတင်းများအပေါ် ငြင်းဆိုထားပါတယ်။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *